ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါအကျဉ်းထောင်တွင် ဧရာဝတီသတင်းဌာနနှင့် ဒီမိုကရက်တစ်မြန်မာ့အသံတို့မှ ဖမ်းဆီးခံ သတင်းသမား ၃ ဦးကို သွားရောက်တွေ့ဆုံခဲ့သော မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင်တဦးက ထိုသတင်းသမားများ၏ ပြောပြချက်များအရဆိုလျှင် ၎င်းတို့သည် ဥပဒေချိုးဖောက်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ဧရာဝတီသတင်းဌာနမှ ကိုလဝီဝမ်ခေါ် ကိုသိန်းဇော်၊ ဒီမိုကရက်တစ်မြန်မာ့အသံမှ ကိုအေးနိုင်နှင့် ကိုပြည့်ဘုန်းအောင်တို့ ကို ဗုဒ္ဓဟူးနေ့က အကျဉ်းထောင်တွင် သွားရောက်တွေ့ဆုံခဲ့သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။
အမှုနှင့်ပတ်သက်ပြီး သတင်းသမားများကို တဦးစီ တွေ့ဆုံမေးမြန်းကာ ၆ နာရီခန့် အချိန်ပေးခဲ့သည်ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ အဖွဲ့တဖွဲ့သည် အကျဉ်းထောင်များ ပြုပြင်မှုအခြေအနေကို လေ့လာရန် ရှမ်းပြည် မြောက်ပိုင်းတွင် ခရီးလှည့်လည်နေပြီး အထက်ပါ သတင်းသမားများနှင့် တွေ့ဆုံရန် မူလကပင် အစီအစဉ် ထည့်သွင်းရေး ဆွဲထားသည်ဟု ဦးယုလွင်အောင်က ပြောသည်။
ဖမ်းဆီးခံ သတင်းသမား ၃ ဦးတို့သည် လမ်းတလျှောက်ရှိ လုံခြုံရေးဂိတ်များတွင် ၎င်းတို့၏ သတင်းထောက်ကတ်များကို ပြသပြီး နမ့်ဆန်သို့ သွားခဲ့သည်ဟု သိရကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။ နမ့်ဆန်တွင် ရှိစဉ် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့်ဆက်သွယ်ခဲ့ပြီး ယင်းအဖွဲ့၏ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးခြင်း အခမ်းအနားသို့ တက်ရောက် သတင်းယူသည်ဟု သိရကြောင်းလည်း ပြောသည်။
“နမ့်ဆန်ဟာ ဘာဥပဒေနဲ့မှ တားဆီးပိတ်ပင်ထားတဲ့မြို့မဟုတ်ဘူးလို့ သူတို့က ပြောတယ်။ TNLA ရဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအခမ်းအနားမှာ အုပ်ချုပ်ရေးပိုင်းက လူတွေ၊ ဆရာဆရာမတွေ၊ ဆရာဝန်တွေနဲ့ ဒေသခံပြည်သူတွေလည်း တက်ရောက်ကြတယ်” ဟု ဦးယုလွင်အောင်က ပြောသည်။
ဇွန်လ ၂၆ ရက်နေ့ ထိုအခမ်းအနားမှ အပြန်တွင် အထက်ပါသတင်းသမားများကို တပ်မတော်က မတရားအသင်း ဆက် သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)ကို ချိုးဖောက်သည်ဟု စွပ်စွဲပြီး ဖမ်းဆီး တရားစွဲဆိုခဲ့သည်။ ၎င်းတို့သည် အစိုးရ၏ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်မှ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ပါဝင် လက်မှတ်ရေးထိုးမထားသော TNLA နှင့် အဆက်အသွယ်ရှိသည်ဟု တပ်မတော်က ပြောသည်။
လွန်ခဲ့သော သီတင်းပတ် ဒုတိယအကြိမ် ရုံးချိန်းတွင်လည် ၎င်းတို့၏ အာမခံလျှောက်ထားခြင်းကို ပယ်ချခဲ့ကြသည်။
သူ၏တွေ့ရှိချက်များကို ရန်ကုန်ရုံးချုပ်ရှိ အခြားကော်မရှင် အဖွဲ့ဝင်များ စဉ်းစားသုံးသပ်နိုင်ရန် အမြန်ဆုံး တင်ပြမည်ဟု လည်း သူက ဆက်ပြောသည်။
အဖွဲ့ဝင် ၇ ဦးပါသော မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သည် အထက်ပါအမှုနှင့် ပတ်သက်သော ၎င်းတို့၏အမြင်ကို ဆွေးနွေးပြီးနောက် မည်သည့်ဝန်ကြီးဌာန သို့မဟုတ် ရုံးသို့ အစီရင်ခံစာတင်ရမည်ကို ဆုံးဖြတ်မည်ဖြစ်သည်။