မြန်မာနိုင်ငံအတွင်းရှိ နာဂလူမျိုးများနှင့် အိန္ဒိယနိုင်ငံရှိ နာဂလူမျိုးများကို လွှမ်းခြုံသည့် စေ့စပ်ညှိနှိုင်းမှုရမှသာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်မည်ဟု နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန်(NSCN-K)၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့မှ ဦးကျော်ဝမ်းစိန်က ဧရာဝတီ သတင်းဌာနသို့ ပြော သည်။
NSCN-K ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့မှ ဦးကျော်ဝမ်းစိန်က “ NCA ထိုးဖို့က အဆင်မပြေသေးဘူး။ အဖွဲ့အတွင်းမှာ ညှိနှိုင်းနေကြတယ်။ နာဂလူမျိုးတွေက မြန်မာဘက်မှာရော အိန္ဒိယဘက်မှာပါ နေကြတာ။ မြန်မာဘက်မှာရှိတဲ့ နာဂအဖွဲ့က NCA ပဲဆို မရဘူး။ အိန္ဒိယဘက်က နာဂတွေ အဆင်မပြေသေးဘူး။ မြန်မာနဲ့ အိန္ဒိယမှာရှိတဲ့ နာဂတွေ တစုတည်း ဖြစ်မှရမယ်။ မဟုတ်ရင် ဘယ်လိုမှ အဆင်မပြေနိုင်သေးဘူး” ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း လှုပ်ရှားနေသော နာဂလက်နက်ကိုင် အဖွဲ့(NSCN-K) အား NCA ရေးထိုးရန် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်နှင့် လက်ရှိ သမ္မတ ဦးထင်ကျော်လက်ထက်တွင် ကမ်းလှမ်း ထားကြောင်း သိရသည်။
နာဂလူမျိုးများသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံများတွင် နေထိုင်လျက်ရှိကြပြီး နှစ်နိုင်ငံစလုံး လွတ်လပ်ရေးရယူကာ နယ် မြေ သတ်မှတ်မှုများ ပိုင်းခြားလိုက်ခြင်းကြောင့် တစုတစည်းတည်း မရှိတော့ဘဲ နှစ်နိုင်ငံအတွင်း ပျံ့နှံ့ နေထိုင်နေကြ ကြောင်း သိရသည်။
အစိုးရအနေဖြင့် နှစ်နိုင်ငံရှိ နာဂလူမျိုးများအတွက် လွှမ်းခြုံနိုင်သော စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်မှသာ NCA ရေးထိုး နိုင်မည် ဖြစ်သကဲ့သို့ အဆိုပါ နှစ်နိုင်ငံကြားရှိ နာဂလက်နက်ကိုင်အဖွဲ့များနှင့် နာဂလူမျိုးများအကြား စေ့စပ် ညှိနှိုင်း၍ ဘုံ သဘော တူညီချက် ရယူနိုင်မှသာလျှင် NCA ရေးထိုးနိုင်မည် ဖြစ်ကြောင်း ဦးကျော်ဝမ်းစိန်က ပြောသည်။
၂၀၁၆ ခုနှစ်၊ ဇူလိုင်လက NSCN-K ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံရှိ နာဂလူမျိုးများ၏ အခြေအနေ အပါအဝင် နာဂ လက်နက်ကိုင်အဖွဲ့များ အခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးကော်မရှင်မှ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “၂၀၀၀ ပြည့်လွန် နောက်ပိုင်းမှာ တပ်မတော်နဲ့ ပစ်ခတ်မှုတွေ မရှိတော့ဘူး။ ၂၀၁၂ ကလည်း ပြည်နယ်အဆင့် လက်မှတ်ထိုးထားတယ်။ ၂၀၁၆ ခုနှစ်က ငြိမ်းချမ်းရေး ညီလာခံကိုလည်း လေ့လာသူအနေနဲ့ တက်ထားတယ်။ သူတို့နဲ့က အဆင်ပြေတဲ့ ဆက်ဆံရေး ရှိပါတယ်။ NCA ထိုးနိုင်ဖို့တော့ အချိန်ယူ စေ့စပ်ညှိနှိုင်းရဦးမှာပေါ့” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နာဂလူမျိုး၄ သိန်းဝန်းကျင် နေထိုင်ပြီး လက်နက်ကိုင်အနေဖြင့် NSCN-K ရှိကာ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) စသည့် နိုင်ငံရေးပါတီများတွင် ပါဝင် လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံရှိ မဏိပူရ၊ အာသံအပြင် တခြားပြည်နယ်များ၌ နာဂလူမျိုး သိန်း ၃၀ ဝန်းကျင်ရှိကာ လက် နက်ကိုင်အဖွဲ့ ၅ ဖွဲ့ (NSCN-L, NSCN-U, ENGR , NSCN –IM , ENPO ) ရှိကြောင်း သိရသည်။