ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် အတိတ်ဖြစ်ရပ်များမှ ရုန်းထွက်ကာ လက်တွေ့ကျသည့် အဖြေ ရှာရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။
နေပြည်တော်တွင် ယနေ့ကျင်းပသည့် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ၌ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် အတိတ်၏ သားကောင်အဖြစ်မှ ရုန်းမထွက်နိုင်သည့် အတွက် အထစ်အငေါ့များစွာ ဖြစ်ရကြောင်း ၎င်းက ပြောသည်။
“အတိတ်ကိုသင်ခန်းစာ ယူဖို့ပါ၊ ပစ္စုပ္ပန်မှာ ဒီမိုကရေစီအတွက် ရုန်းကန်တဲ့နေရာမှာ ကိုယ်တိုင်က ဒီမိုကရေစီအတွက် ဘာတွေ လုပ်ပေးနေကြလဲ ရိုးရိုးလေးပဲ စဉ်းစားပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်ရှိ MICC II တွင် ယနေ့ (သြဂုတ် ၁၁ ရက်) မှ ၁၃ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ပိုမို အဆင်ပြေ ချောမွေ့စေရေး အကြံပြုချက်များရရှိရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်ကာ နိုင်ငံရေး သိပ္ပံပညာရှင်များ၊ သံတမန်များ၊ နိုင်ငံရေး စီးပွားရေး ကဏ္ဍမှ သုတေသီများ ပါဝင်ဆွေးနွေးမည် ဖြစ်သည်။
ဆွေးနွေးပွဲတွင် အဓိကအနေဖြင့် စစ်ဘက်အုပ်ချုပ်မှုမှ အရပ်ဘက်အုပ်ချုပ်ရေးသို့၊ ဗဟိုဦးစီးစနစ်မှ ဈေးကွက် စီးပွား ရေးသို့၊ စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ ခေါင်းစဉ်များဖြင့် ဆွေးနွေးကြမည်ဖြစ်သည်။
အသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် တရားဥပဒေ စိုးမိုးမှုရှိရေးသည် အရေးကြီးသည့် အချက်ဖြစ်ပြီး ခြိမ်းခြောက် မှုများ၊ လက်နက်အားကိုး အင်အားသုံး ဖြေရှင်းမှုများဖြင့် လုပ်ဆောင်၍ မရနိုင်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က ပြောသည်။
“စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးကိစ္စက ထိလွယ်ရှလွယ် စိတ်အခံမျိုးနဲ့တော့ မဖြစ်ဘူး၊ ကျနော်တို့ အမှန်တရား တွေ ပြောတဲ့အခါမှာ နာကျင်စရာတွေ ပါလာတတ်တယ်၊ ခံရသူတွေဘက်က သည်းခံနိုင်သေးရင် ပြုခဲ့တဲ့ သူတွေဘက် ကလည်း သဘောထား ရင့်ကျက်ရလိမ့်မယ်၊ ကျနော်တို့ဆီမှာ ရင့်ကျက်ဖို့လိုပါတယ်”ဟု ၎င်းက အသွင်ကူးပြောင်းရေး အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး အခြေအနေအပေါ် သုံးသပ်ပြောကြားသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် ပြည်တွင်းငြိမ်းချမ်းရေးသည် အဓိက ဦးစားပေးဖြစ်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက် နေစဉ်မှာပင် ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၊ NLD အစိုးရလက်ထက် သက်တမ်း တနှစ်ကျော် ကာလအတွင်း ဒီမိုကရေစီ အခွင့်အရေးအပေါ် အပြုသဘော အသုံးပြုသူများ ရှိသကဲ့သို့ အနုတ် လက္ခဏာဆောင်သည့် ပုံစံဖြင့် သုံးစွဲနေကြသူများလည်း ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။