ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) ဈေးများဌာနမှ တာဝန်ယူတည်ဆောက်နေသည့် အလုံဈေးသစ် တွင် မူလဆိုင်ခန်းနေရာ၊ မူလအကျယ်အဝန်းအတိုင်း ပြန်လည်ရရှိစေရေးအတွက် အလုံဈေးသူဈေးသားများက သြဂုတ် ၁၁ ရက် နံနက် ၁၁ နာရီခန့်တွင် ဆန္ဒဖော်ထုတ်ကြသည်။
ဈေးသူဈေးသားများ၏ တောင်းဆိုချက်များကို YCDC ဈေးများဌာနသို့ အကြိမ်ကြိမ် တင်ပြညှိနှုှိုင်းခဲ့သော်လည်း လျစ်လျူရှု ခြင်းခံနေရသည့်အတွက် အစိုးရကို ဆန္ဒပြခြင်းမဟုတ်ဘဲ YCDC ဈေး များဌာနကို ဆန္ဒပြခြင်းသာဖြစ်ကြောင်း ဈေးသူဈေးသားများက ပြောသည်။
“ကိုယ့်နေရာကိုယ် ပြန်လည်မရရှိတဲ့အတွက် နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အတွက် ဆန္ဒဖော်ထုတ်တာ။ သဘော တူညီမှုတွေကို ဖောက်ဖျက်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနကို ဆန္ဒပြတာ” ဟု ဆန္ဒပြရာ တွင်ပါဝင်သူ ဦးမျိုးမင်းသူက ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက ဈေးမဖျက်ခင်အချိန်က YCDC ဈေးများဌာနမှ မူလနေရာ၊ မူလအကျယ်အဝန်းအတိုင်း ပြန်လည်ရရှိ မည်ဟုဆိုသဖြင့် ဈေးသူဈေးသားများက လက်ခံခဲ့ပြီး ဈေးစတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ဈေး တည်ဆောက်ပုံမှာ မူလပြောခဲ့သည့်အတိုင်း မဟုတ်တော့သကဲ့သို့ ဈေးသူဈေးသားများ၏ တင်ပြတောင်းဆိုမှုများကိုလည်း ဂရုမစိုက်ဘဲ ဆက်လက်ဆောင်ရွက်နေကြောင်း ရှင်းပြသည်။
ဆန္ဒပြရာတွင် ပါဝင်သူ ကိုသဲမောင်က “အခု ကျနော်တို့တောင်းဆိုနေတာတွေကို ပြည်သူလူထုသိအောင် စားသုံးသူ အများ ပြည်သူသိအောင် ဈေးပတ်ဝန်းကျင်မှာ ဆန္ဒပြတယ်။ ဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေဘက်က ဘာတုံ့ပြန်မှုမှ မရှိဘူးဆိုရင် မြို့တော်ခန်းမရှေ့မှာသွားပြီး ဆန္ဒပြဖို့အထိ ရည်ရွယ်ထားပါတယ်” ဟု ပြောဆိုသည်။
အလုံမြို့နယ်ရှိ အလုံဈေးကို ၂၀၁၇ မတ်လ ၁၀ ရက်တွင် စတင်ဖျက်သိမ်းကာ အလုံဈေးသစ် အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အလုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် ၁ မှ ဒေါ်ယဉ်ယဉ်မြင့်က “ပြဿနာစဖြစ်ကတည်းက ကျမလုပ်ပိုင်ခွင့် ထဲက တတ်နိုင်သမျှ တွေ့ဆုံညှိနှိုင်းပေးတယ်။ ဖြေရှင်းပေးတယ်။ ဒီလောက်ပဲ ကျမလုပ်လို့ရတယ်။ ဒီဈေးကို ဘယ်လိုပုံစံ ပြင်ဆောက်ပါလို့ တားပိုင်ခွင့်လည်းမရှိဘူး။ လုပ်ပိုင်ခွင့်လည်းမရှိဘူး။ ဆိုင်ခန်းကိစ္စတွေ တတ်နိုင်သလောက်ဝင်ပြောပေး တယ်။ ရတဲ့အပိုင်းတွေရတယ်။ မရတဲ့အပိုင်းတွေ မရဘူး။ အဲဒါကို နားလည်ဖို့ပဲ လိုပါတယ်” ဟု ပြောသည်။
၂၀၁၇ ဇွန် ၁၉ ရက်တွင် ဈေးသစ်တည်ဆောက်ခြင်းလုပ်ငန်းကို ယာယီရပ်ဆိုင်းထားခဲ့သော်လည်း သြဂုတ် ၄ ရက်တွင် YCDC ဈေးများဌာနမှတာဝန်ရှိသူများနှင့် ဈေးသူဈေးသားများ မြို့တော်ခန်းမတွင် တွေ့ဆုံခဲ့ပြီးနောက် ဈေးသူဈေးသားများ ၏ ဆန္ဒကိုအလေးမထားဘဲ ဈေးသစ်စီမံကိန်းကို ဆက်လက်လုပ်ဆောင်မည့် အခြေအနေကိုသာ ပြောဆိုခဲ့သဖြင့် ဆန္ဒပြရသည့် အခြေအနေဖြစ်လာကြောင်း ကိုသဲမောင်က ပြောသည်။
ဆန္ဒပြပွဲတွင် အလုံဈေးသူဈေးသား ၂၀၀ ခန့်က အလုံဈေးရှေ့မှ ဆင်မင်းဈေးအနီးရှိ သိပ္ပံလမ်းသို့ လမ်းလျှောက်ချီတက်ကြ ပြီး ဈေးဆိုင်ခန်းများ မူလနေရာ အကျယ်အဝန်းအတိုင်း ပြန်လည်ရရှိခြင်းမရှိဘဲ ဈေးသစ်တည်ဆောက်ရေးကို ကန့်ကွက် ကြောင်း၊ ဈေးသူဈေးသားများ လက်မခံသည့် ဈေးသစ်စီမံကိန်း အလိုမရှိကြောင်းနှင့် အလုံဈေးသစ်တည်ဆောက်ရေး တရားမျှတစွာ ဖြေရှင်းပေးရန်ဟူသည့် အချက်များကို ကြွေးကြော်တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနသို့ ဧရာဝတီက ဖုန်းအကြိမ်ကြိမ် ဆက်သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါ။