အိန္ဒိယဝန်ုကြီးချုပ် နာရင်ဒြာမိုဒီသည် ၂ နိုင်ငံကြား ဆက်ဆံရေး ပိုခိုင်မာစေရန် မြန်မာနိုင်ငံသို့ လာမည့်လတွင် လာရောက်ဖွယ် ရှိသည်။
ထိုခရီးစဉ်သည် မိုဒီ၏ ဒုတိယအကြိမ် ခရီးစဉ် ဖြစ်မည် ဖြစ်ပြီး သူသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလက အိန္ဒိယ-အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲတက်ရန် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
“အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ သည် စက်တင်ဘာလ ပထမပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကာ သူသည် ရန်ကုန်တွင် ကျင်းပမည့် အိန္ဒိယလူမျိုး အသိုင်းအဝိုင်း၏ သီးသန့်အခမ်းအနား တခုတွင် မိန့်ခွန်းပြောကြားမည်”ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့် နယ်စပ် ၁၆၄၀ ကီလိုမီတာ (၁၀၁၉ မိုင်) ထိစပ်နေသော အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနယ်စပ် ဒေသများတွင် အခြေပြုသည့် အရှေ့မြောက်ဒေသ စစ်သွေးကြွများ အတွက်လည်း ပူပန်နေသော်လည်း မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှ ကျွမ်းကျင်မှု မြှင့်တင်ရေး ကဏ္ဍများ အထိ နယ်ပယ် အများအပြားတွင် ကူညီမည် ဟု ကတိပြုထားသည်။
အိန္ဒိယနိုင်ငံ သည် အိန္ဒိယ၊ မြန်မာ၊ ထိုင်းနိုင်ငံတို့မှ တဆင့် လာအို၊ ကမ္ဘောဒီးယားအထိ ဆက်သွယ်မည့် အာရှ ၃ နိုင်ငံ အဝေးပြေး လမ်းမကြီး အပါအဝင် မြန်မာနိုင်ငံနှင့် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများကိုလည်း ကတိကဝတ် ပေးခဲ့ပြီးဆောင်ရွက်နေသည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒီမိုကရေစီ သင်္ကေတ ဒေါ်အောင်ဆန်းစုကြည် လွန်ခဲ့သော အောက်တိုဘာလက အိန္ဒိယ သို့ လာရောက်စဉ်နှင့် ဩဂုတ်လက သမ္မတ ဦးထင်ကျော် အိန္ဒိယသို့ လာရောက်စဉ်က ထို ကတိကဝတ်များ ပေးခဲ့သည်။
ထို့ပြင် အိန္ဒိယသည် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ဖိတ်ခေါ်ကာ ၂ နိုင်ငံ စစ်ဘက်ဆက်ဆံရေးကို ပိုမိုနီးကပ်စေခဲ့သည်။ အိန္ဒိယအနေဖြင့် မြန်မာ့တပ်မတော်သို့ ခေတ်မီစစ်လက်နက်ပစ္စည်းများလည်း ရောင်းချပေးနေခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – မြန်မာပြည်က အိန္ဒိယ စီမံကိန်းများ၏ ပြဿနာ