အကြမ်းဖက် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ် မောင်တောဒေသ လုံခြုံရေးအတွက် တပ်မတော်တွင် တာဝန်ရှိသော် လည်း လုံခြုံရေးအပြင် အခြားတာဝန် မရှိကြောင်း မြန်မာအစိုးရ၏ အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ယနေ့ နေ ပြည်တော်တွင် ကျင်းပသည့် မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအပြီးတွင် မီဒီယာများသို့ ပြောသည်။
အမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက“ရခိုင်ပြည်နယ်မှာ အန္တရာယ် ရှိပြီဆိုရင် တပ်မတော်မှာ သူ့အခန်းကဏ္ဍ ပါဝင်လာပါပြီ။ မေယုတောင်တန်းမှာ စခန်းတွေတွေ့တဲ့ အတွက် ဒါကို သူ့ရဲ့ လုံခြုံရေး တာဝန်ယူလာပါပြီ။ တခြား ဘာမှ မပါပါဘူး။ တိုင်းပြည် တပြည်လုံးမှာ ဘယ် နေရာမှာပဲ ဖြစ်ဖြစ် မေယုတောင်တန်းမှာ ဖြစ်တဲ့ဟာမျိုး ဖြစ်ရင် အဲဒါကို ကာကွယ်ဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်”ဟု ပြောသည်။
သြဂုတ်လ ၉ ရက်နေ့က ရခိုင်အမျိုးသားပါတီ (ANP) နှင့် တွေ့ဆုံခဲ့သူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်သူများကို တပ်မတော်က ကာကွယ်ပေးမည်ဟု ကတိပြုခဲ့ပြီး နောက်တရက်တွင် ရခိုင်ဒေသသို့ စစ်သည်အင်အားများ တိုးချဲ့ပေးပို့ခဲ့သည်။
လက်ရှိ ရခိုင်ပြည်နယ် အခြေအနေမှာ ဘူးသီးတောင်၊ မောင်တောဒေသတွင် အကြမ်းဖက်သမားများက ခြေကုပ်ယူရန် ကြိုးစားမှု များ ရှိလာပြီးနောက် တိုင်းရင်းသားတချို့ပါ အသက်အန္တရာယ်များ ခြိမ်းခြောက်ခံလာရသဖြင့် ရခိုင်တိုင်ရင်းသားများ၏ တောင်း ဆိုမှုကြောင့် တပ်မတော်က ယင်းဒေသတွင် အင်အားတို့ချဲ့ရန် တောင်းဆိုခြင်း၊ လူထုဖိုရမ်များတွင် ရခိုင်တိုင်းရင်းသားများကို လက်နက်တပ်ဆင်ပေးရန် တောင်းဆိုမှုများ ပြုလုပ်လာသည်။
“လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ရခိုင်အရေးကို ရေရှည်အမြင်နဲ့ ဖြေရှင်းဖို့ လိုတယ်။ နှစ်ဖက် အသိုင်းအဝိုင်းမှာ နားလည်မှု၊ ယုံကြည်မှု မရသေးခင် ကြမ်းနေတဲ့ကာလမှာတော့ ခဏငြိမ်သွားနိုင်ပေမယ့် ဖယ်လိုက်တာနဲ့ ပြန်ကြွလာမှာပဲ။ နောက်ပြီးတော့ ပိုပြီး ရင်နာစရာ အဖြစ်အပျက်တွေ များလာရင် အဲဒီတွေက မျိုးဆက်တွေထိ ပိုဆင်းသွားရင် ပိုခက်ခဲတဲ့ အခြေအနေကို ရောက်သွားလိမ့်မယ်”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သန်းက ဧရာဝတီသို့ ပြောသည်။
၎င်းက ရခိုင်ဒေသတွင် လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ညွှန်းဆိုခြင်း ဖြစ်ပြီး အကြမ်းဖက်သမားများကိုမူ လုံးဝ နှိမ်နင်းတိုက်ခိုက်ရန် သဘောတူကြောင်း၊ သို့သော် ဒေသရှိ ဘင်္ဂါလီ အုပ်ချုပ်ရေးမှူးများကို ထောက်လှမ်းရေးအဖြစ် အသုံး မချဘဲ ထိရောက်သည့် ထောက်လှမ်းရေးစနစ်ကို တပ်မတော်က ဖော်ဆောင်ရန်လည်း အကြံပြုသည်။
ရခိုင်အမျိုးသား ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်ကမူ အကြမ်းဖက်သမားနှင့် ကျေးရွာများတွင် နေထိုင်နေသည့် ဘင်္ဂါလီများကို ခွဲခြား၍ မရနိုင်ဘဲ အတူတူပင် ဖြစ်ကြောင်း၊ မောင်တောတောင်ပိုင်း မေယုတောင်ဝန်းကျင်ရှိ ဘင်္ဂါလီကျေးရွာများကို ရှင်းလင်းပေးလိုကြောင်း ဧရာဝတီသို့ ပြောသည်။
“တောင်တွေအပေါ်မှာ အကြမ်းဖက်သမားတွေ ရှိတယ်။ တောင်အောက်မှာက ဘင်္ဂါလီကျေးရွာတွေလေ။ တိုင်းရင်းသားတွေက လူနည်းစုဖြစ်နေတာ။ သူတို့ ဘယ်လိုမှ မလုံခြုံနိုင်ဘူး။ စားသောက်ရေးအတွက် ရှင်သန်ရပ်တည်ဖို့ ရွာအပြင်ကိုတောင် ထွက်ဖို့ ကျနော်တို့ တိုင်းရင်းသားတွေ ကြောက်နေရပြီ”ဟု ဦးခင်မောင်လတ်က ပြောသည်။
အကြမ်းဖက်သမားများက ယင်းဒေသရှိ အုပ်ချုပ်ရေး ယန္တရားများ ပျက်ပြားပြီးနောက် ဒေသတည်ငြိမ်မှု မရှိစေရန် ဒေသ အာ ဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သူများကို အသက်အန္တရာယ် ခြိမ်းခြောက်မှုများလည်း ပြုလုပ်လာရာ လူ ၂၀ ခန့် သေဆုံးခဲ့ရပြီး ဖြစ်သည်။