ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဆိုပြုချက်များကို သက်ဆိုင်ရာ ခေါင်းဆောင် များထံ တင်ပြထားပြီး ဖြစ်၍ နောက်တကြိမ် ဆွေးနွေးမှုတွင် သဘောတူညီမှု ရယူနိုင်မည်ဟု မျှော်လင့်ကြောင်း အစိုးရ နှင့် UNFC ကိုယ်စားလှယ်များက ပြောသည်။
သြဂုတ် ၁၁ ရက်က UNFC အဆိုပြုချက် ၈ ချက်နှင့် ပတ်သက်၍ UNFC ၏ အလုပ်အဖွဲ့ နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (DPN) နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC ) တို့ ရန်ကုန်မြို့တွင် ပြုလုပ်သည့် ၆ ကြိမ် မြောက် တွေ့ဆုံ ဆွေးနွေးမှု အပြီး သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“ကျနော်တို့ အဆိုပြုချက် ၈ ချက်အထဲက ၅၊ ၆၊ ၇ မဆုံးဖြတ်ရသေးဘူး။ နှစ်ဖက် ခေါင်းဆောင်တွေကို ဒီနေ့ ဆွေးနွေးမှု အခြေအနေကို ပြန်တင်ပြကြမယ်။ နောက်တကြိမ်မှာ သဘောတူညီမှု လုပ်နိုင်မယ်လို့ မျှော်လင့် ပါတယ်။ ဆွေးနွေးမှုက တိုးတက်လာပါပြီ”ဟု အစိုးရ ကိုယ်စားလှယ်ဘက်မှ ဦးဇော်ဌေးက ပြောသည်။
အဆိုပြုချက်များနှင့် ပတ်သက်ပြီး ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ အတွင်း ပြုလုပ်ရန် အကြမ်း အားဖြင့် သဘောတူညီမှု ရယူခဲ့ကြကြောင်း၊ ယခု ဆွေးနွေးပွဲ အခြေအနေများနှင့် ပတ်သက် ပြီး နှစ်ဖက် ကိုယ်စားလှယ် များက သက်ဆိုင်ရာ ခေါင်းဆောင်များထံ တင်ပြ၍ သဘောထား မှတ်ချက်များ ရယူကြမည် ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ရဲ့အဆိုပြုချက်ထဲက ကျန်တာ ၅၊၆၊၇၊၈ ပေါ့နော်။ ဒီနေ့ ဆွေးနွေးမှု နှစ်ရက်တာမှာ တပေါင်း တစည်းတည်း ဆွေးနွေးမယ်ဆိုတဲ့ နည်းနာတွေကိုတော့ ရှာထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျန်ရှိနေတဲ့ အချက်တွေ အားလုံးက တခုနဲ့ တခု ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ ဒီနေ့ ရရှိလာတဲ့ နားလည်မှုတွေကို နှစ်ဖက် သက်ဆိုင်တဲ့ အဖွဲ့ အစည်းတွေက ခေါင်းဆောင်တွေကို ပြန်တင်ပြပြီးမှ အဲဒီကလမ်းညွန်မှုကို အခြေခံပြီးမှ လာမယ့် သတ္တမ အကြိမ်မြောက် ဆွေးနွေးမှုမှာ၊ အဲဒီမှာ အပြီးသတ်နိုင်မယ်လို့တော့ မျှော်လင့်ထား ပါတယ်”ဟု DPN မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းဇော်က ပြောသည်။
UNFC သည် အဆိုပြုချက် ၈ ချက် သဘောတူညီမှု ရရှိပါက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးသွားမည်ဟု ထုတ်ပြန် ပြောကြားထားသည်။
လက်ရှိ သဘောတူညီရန် ကျန်ရှိနေသော ၄ ချက်တွင် ပထမအချက်မှာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုဆိုင်ရာ မူဘောင် အပါ အဝင် နှစ်ဖက် လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ တပ်ပိုင်း ဆိုင်ရာ ကျင့်ဝတ် (CoC) နှင့် စောင့်ကြည့်ရေး လုပ်ငန်း လမ်းညွန်(ToR)နှင့် တပ်နေရာ ပြန်လည် နေရာချထားရေး တို့ကို ကြိုတင် သဘော တူညီမှု ရယူရန်။
ဒုတိယ အချက် အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် အများယုံကြည် လေးစားသည့် ပုဂ္ဂိုလ်များ ပါဝင်သော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော် မတီ တရပ်ကို နှစ်ဖက်သဘောတူ လက်ခံနိုင်သည့် နိုင်ငံတကာမှ အစိုးရ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော ကြီးကြပ် စောင့်ကြည့်ရေး အဖွဲ့နှင့်အတူ ဖွဲ့စည်းသွားရန်။
တတိယ အချက်မှာ NCA နှင့် ဤသဘောတူညီချက်ပါ လိုက်နာရမည့် တာဝန်များ၊ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ မပြေလည်မှုပေါ်ပေါက်လျှင် ပြည်တွင်းနှင့် နိုင်ငံတကာမှ နှစ်ဖက် သဘောတူညီသော ဥပဒေ ပညာရှင် များနှင့် တရားသူ ကြီးများ ပါဝင်သော လွတ်လပ်သည့် ဖျန်ဖြေရေး ကော်မရှင်၏ ဆုံးဖြတ်မှု ခံယူရန်။
စတုတ္ထ အချက်တွင် အပစ်ရပ်ဒေသအတွင်း ဒေသခံ ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှု ကြီးမားသော စီမံကိန်းများ ကို ဖော်ဆောင်ရန်ရှိပါက သဘာဝ သယံဇာတများ၊ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ (Extractive Industries Transparency Initiative – EITI) ၏ လုပ်ထုံးလုပ်နည်းများ အတိုင်း ဒေသခံ ပြည်သူလူထု နှင့် ညှိနှိုင်း ဆောင်ရွက်သွား ရန် နှင့် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း သဘောတူညီချက် ရယူ၍ အကောင် အထည် ဖော်ဆောင်ရွက်ရန် အပြင် နိုင်ငံတကာ လူသားချင်းစာနာမှု အကူ အညီများကို ဤသဘောတူညီချက်အရ အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညှိနှိုင်း ဆောင်ရွက်ရန် စသည့် အချက်များ ဖြစ်ကြောင်း သိရသည်။