မြန်မာနှင့် စင်ကာပူ ၂ နိုင်ငံ အစိုးရများက အမျိုးသမီး အိမ်အကူ အလုပ်သမားများ စင်ကာပူသို့ သွားရောက် လုပ်ကိုင်ခြင်း မပြုရန် တားမြစ်ထားသော်လည်း အသက် ၁၅ နှစ်ခန့်အထိပင် ငယ်သော မြန်မာနိုင်ငံမှ မိန်းကလေးများသည် စင်ကာပူတွင် တရားမဝင်အိမ်စေများ အဖြစ် ဆက်လက်လုပ်ကိုင်နေရဆဲ ဖြစ်သည်ဟု အယ်လ်ဂျာဇီးရာ သတင်းဌာနက ရေးသားထားသည်။
မြန်မာနိုင်ငံသည် စင်ကာပူတွင် အမျိုးသမီး အိမ်အလုပ်သမားများ အဖြစ် သွားရောက် လုပ်ကိုင်ခြင်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး တားမြစ်ထားသည်။
သို့သော် စင်ကာပူရှိ အိမ်အကူ အလုပ်သမားများ ခိုလှုံနေထိုင်ရန် စီစဉ်ပေးထားသည့် အဆောက်အအုံတခုတွင် လာရောက် အကူအညီတောင်းခဲ့သော မြန်မာ အိမ်အလုပ်သမား အရေအတွက် ပိုမို များပြားလာသည် ဟု သတင်းများတွင် ဖော်ပြထား သည်။ ထိုမိန်းကလေးများ အနက် အချို့မှာ ဆယ်ကျော်သက် အရွယ်များ ဖြစ်သည် ဟု ဆိုသည်။ စင်ကာပူနိုင်ငံ၏ ဥပဒေအရ အိမ်အကူ အလုပ်သမား အလုပ် လုပ်ကိုင်သူသည် အနည်းဆုံး အသက် ၂၃ နှစ် ပြည့်ပြီး ဖြစ်ရန် လိုသည်။
အသက် ၁၈ နှစ် မပြည့်သေးသည်မှာ သေချာသော မိန်းကလေးများလည်း ရှိပြီး ထိုကိစ္စသည် မြန်မာမိန်းကလေးများနှင့် ပတ်သက်သည့် ထူးခြားသော ပြဿနာလည်း ဖြစ်နေသည်။
“ပျှမ်းမျှ သီတင်း တပတ်မှာ တယောက်လောက် တွေ့နေရတယ်” ဟု ရွှေ့ပြောင်းစီးပွားရှာဖွေမှု ဆိုင်ရာ လူသားချင်း စာနာမှုအဖွဲ့ (Humanitarian Organisation for Migration Economics – HOME) မှ Stephanie Chok က အကူအညီ တောင်းခံလာသော မြန်မာမိန်းကလေးများကို ရည်ညွှန်းပြီး အယ်လ်ဂျာဇီးရာကို ပြောဆိုသည်။
ယမန်နှစ်က ထို စောင့်ရှောက်ရေးဌာနသို့ မြန်မာအိမ်အကူ အလုပ်သမား ၂၇၂ ဦး လာရောက် အကူအညီတောင်းခံခဲ့ပြီး ၂၀၁၅ ခုနှစ်က ၁၅၅ ဦး လာရောက် အကူအညီ တောင်းခံခဲ့သည် ဟု သိရသည်။
“မြန်မာ အိမ်အကူ အလုပ်သမားတွေ အကူအညီတောင်းလာတာ ပိုပို များလာတာကို တွေ့နေရတယ်။ အရင်ကဆို ဖိလစ်ပိုင်တို့ အင်ဒိုတို့က များတာ။ တချို့ သီတင်းပတ်တွေမှာဆို ဌာနမှာ လက်ခံထားတဲ့သူတွေရဲ့ ၄၀ ရာခိုင်နှုန်းက မြန်မာတွေ ဖြစ်နေတယ်” ဟုလည်း Stephanie Chok က ပြောသည်။
မြန်မာနိုင်ငံမှ အိမ်အလုပ်သမား လူသစ်ရှာ ကိုယ်စားလှယ်များသည် မိန်းကလေးများကို စင်ကာပူတွင် သွားရောက် မလုပ်ကိုင်မီ မွေးနေ့အတုများနှင့် နိုင်ငံကူး လက်မှတ်များ ပေးထားသည်ဟု အယ်လ်ဂျာဇီးရာက ဖော်ပြသည်။
၁၅ နှစ်အရွယ် မြန်မာမိန်းကလေးက စင်ကာပူသို့ မထွက်ခွာလာမီ သူမအား စာရွက်စာတမ်း အတုများ ထုတ်ပေးလိုက်ပြီး အသက်မေးလျှင် လိမ်ညာပြောရန် မှာလိုက်သည် ဟု အယ်လ်ဂျာဇီးရာသို့ ပြောသည်။ စင်ကာပူသို့ ရောက်သောအခါ ကလေး ၂ ယောက်ကို ထိန်းရပြီး အိမ်အလုပ်များကို ညနက်သည်အထိ စေခိုင်းခံရသည် ဟုလည်း ၎င်းက ပြောသည်။
Transient Workers Count Too အမည်ရှိ အခြားသော အစိုးရ မဟုတ်သော အဖွဲ့အစည်း တတခုကလည်း လွန်ခဲ့သော နှစ်က ၎င်းတို့ တွေ့ဆုံမေးမြန်းခဲ့သော မြန်မာ အိမ်အကူ အလုပ်သမား ၅၅ ယောက် အနက် ၁၆ ယောက်သည် စင်ကာပူသို့ ရောက်ရှိစဉ်က အသက် ၂၃ နှစ် မပြည့်သေးကြောင်း ဖြေခဲ့သည် ဟု ဆိုသည်။
“သေချာပေါက် ၁၈ နှစ်အောက် အိမ်အကူ အလုပ်သမားတွေ ပါတယ်။ ဒါဟာ မြန်မာအမျိုးသမီးတွေရဲ့ အထူးသဖြင့် အရေးကြီးတဲ့ ပြဿနာ ဖြစ်နေပုံရတယ်” ဟု ထိုအဖွဲ့မှ John Gee က ပြောသည်။
စင်ကာပူတွင် လုပ်ကိုင်နေသော မြန်မာအမျိုးသမီး အိမ်အကူ အလုပ်သမများ အရေးကို တိုက်ပေါ်မှ ခုန်ချ သေကြောင်းကြံမှုများကြောင့် မီဒီယာများက စိတ်ဝင်စားလာကြသည်။
ဇွန်လက အသက် ၂၅ နှစ်အရွယ် မြန်မာ အိမ်အကူ အလုပ်သမား တဦးသည် စင်ကာပူရှိ ၁၈ ထပ် အဆောက်အအုံမှ ခုန်ချ သေဆုံးသည်။ မကြာသေးမီက ဖြစ်ပွားသော အခြား ဖြစ်ရပ်တခုတွင်မူ အသက် ၁၅ နှစ်အရွယ် အိမ်အကူ အလုပ်သမားတဦးသည် ၉ ထပ် တိုက်ခန်းမှ ခုန်ချခဲ့သည်။
မြန်မာအိမ်အကူ အလုပ်သမားများ စင်ကာပူသို့ သွားရောက်လုပ်ကိုင်ခြင်းကို မြန်မာအစိုးရက လွန်ခဲ့သော ၃ နှစ်က တားမြစ်ခဲ့ သော်လည်း အခြေအနေမှာ သိပ်မထူးလှကြောင်း Stephanie Chok က ပြောသည်။
“မြန်မာအိမ်အကူ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အဲဒီ တားမြစ်မှုဟာ လက်တွေ့မှာ ဘာမှ သက်ရောက်မှု မရှိဘူး၊ အရင်အတိုင်း လုပ်နေကျ လုပ်ငန်းတခုလို ဖြစ်နေတာပဲ” ဟုလည်း ၎င်းက ပြောသည်။
စင်ကာပူရှိ မြန်မာသံရုံးသို့ တစုံတရာ မှတ်ချက်ပြုရန် ဆက်သွယ်သော်လည်း တုံ့ပြန် ဖြေကြားခြင်း မရှိခဲ့ပေ။
သို့သော် စင်ကာပူ အစိုးရ လူအင်အားဝန်ကြီးဌာနက အသက်မပြည့်သေသော အိမ်အကူ အလုပ်သမားရေအတွက်မှာ လွန်စွာနည်းပါးသည် ဟု ပြောသည်။
အိမ်အကူ အလုပ်သမားများ ထွက်ခွာလာရာ မိခင်နိုင်ငံများမှ အာဏာပိုင်များ အနေဖြင့် ၎င်းတို့၏ နိုင်ငံကူး လက်မှတ်ပါ အသေးစိတ် အချက်အလက်များ မှန်ကန်အောင် လုပ်ဆောင်ရန် အရေးကြီးကြောင်း ဝန်ကြီးဌာန၏ ပြောခွင့်ရသူက ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။
အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အနေဖြင့်လည်း စစ်ဆေး၊ တွေ့ဆုံမေးမြန်း ကြရန်နှင့် အလုပ်သမားများ၏ စာရွက် စာတမ်းများကို စစ်ဆေးကြရန် စင်ကာပူ အစိုးရက မျှော်လင့်နေသည်။
၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် အတွင်း စင်ကာပူ အစိုးရသည် လုပ်ထုံးလုပ်နည်း လိုက်နာရန် ပျက်ကွက်သော အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်း ၉ ခုကို အရေးယူခဲ့သည်။
မည်သို့ အရေးယူခဲ့သည်ကို ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားခြင်း မရှိသော်လည်း အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းများသည် စင်ကာပူ ဒေါ်လာ ၅၀၀၀ အထိဒဏ်ငွေ (သို့မဟုတ်) ထောင်ဒဏ် ၆ လ (သို့မဟုတ်) တပေါင်းတည်းလည်း ကျခံရနိုင်သည်။
အသက် မပြည့်သေးသော အိမ်ကူ အလုပ်သမားများကို ရှာဖွေဖော်ထုတ်ရန် စင်ကာပူ အစိုးရ၏ အခြား အစီအစဉ်များတွင် အသက်အရွယ် ငယ်သူများ တွေ့ဆုံမေးမြန်းခြင်းနှင့် အသက်ကန့်သတ်ချက်နှင့် ပတ်သက်ပြီး အိမ်အကူ အလုပ်သမားများကို ပညာပေးခြင်းတို့ ပါဝင်သည်ဟု ထို ကြေညာချက်တွင် ဖော်ပြထားသည်။
စင်ကာပူတွင် လုပ်ကိုင်နေသော အိမ်အကူ အလုပ်သမား ၂၄၀၀၀၀ ခန့်ရှိသည်။ အများစုမှာ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားမှ လာသူများ ဖြစ်ကြသော်လည်း မြန်မာ အိမ်အကူ အလုပ်သမားများမှာ ဒုက္ခအတွေ့နိုင်ဆုံးဟု NGO ဝန်ထမ်းများ၏ အဆိုအရ သိရသည်။
မြန်မာနိုင်ငံမှ အိမ်အကူ အလုပ်သမားများသည် အင်္ဂလိပ် စကားပြောနိုင်သူ နည်းပြီး များသောအားဖြင့် ၎င်းတို့၏ အလုပ်အကိုင် သဘောတူညီချက်တွင် အားလပ်ရက် ပြဌာန်းပေးထားခြင်း မရှိကြောင်းလည်း Stephanie Chok က ပြောသည်။
“ဒါကြောင့် သူတို့ဟာ ပိုပြီး အထီးကျန် ဆန်ကြတယ်” ဟုလည်း Stephanie Chok ပြောသည်။
စင်ကာပူရှိ အကာအကွယ်ပေးရေး NGO များသို့ လာရောက်ကြသော မြန်မာအမျိုးသမီးများသည် လုပ်အားခ မရခြင်းမှ အလုပ်ရှင်များ၏ နှုတ်အားဖြင့် လည်းကောင်း၊ ရုပ်ပိုင်းအားဖြင့် လည်းကောင်း၊ လိင်ပိုင်းအားဖြင့် လည်းကောင်း ထိပါးခံရကြောင်း တိုင်ကြားကြသည်။
အချို့သော သူများကမူ အလုပ်ရှင်က အစားအစာ လုံလောက်စွာ မကျွေးမွေးခြင်းနှင့် ရင်ဆိုင်ရပြီး အချို့မှာ ပေါင်မုန့်သက်သက်ကိုသာ စားရခြင်းများလည်း ရှိသည် ဟု သိရသည်။
“ဆာလောင်တာကို ဘယ်လို ရင်ဆိုင်လဲ လို့ ကျမက သူတို့ကို မေးတော့ သူတို့က ရေသောက်ပြီးနေတယ် လို့ ပြန်ဖြေတယ်” ဟုလည်း Stephanie Chok က ပြောသည်။
မြန်မာ အိမ်အကူ အလုပ်သမားများသည် အခြား အိမ်အလုပ်သမားများထက် ပိုမိုပြီး အလုပ်ရှင်၏ အိမ်တွင်းပိတ်ပင် ထားခြင်း ခံရတတ်ပြီး ဖုန်း အသုံးပြုခွင့်လည်း မရှိကြဟု Transient Workers Count Too မှ John Gee က ပြောသည်။
“အကူအညီ အလိုဆုံး အမျိုးသမီးတွေကတော့ ဖုန်းသုံးခွင့် မရတဲ့ သူတွေပဲ” ဟုလည်း ၎င်းက ပြောသည်။
အိမ်အကူ အလုပ်သမား၏ အခွင့်အရေးများကို ထိပါးသော အလုပ်ရှင်များနှင့် အလုပ်အကိုင် အေဂျင်စီများသည် ပြင်းထန်သော ထောင်ဒဏ်၊ ငွေဒဏ်ကို ရင်ဆိုင်ရမည် ဟု စင်ကာပူ ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“နိုင်ငံခြား အိမ်အကူ အလုပ်သမားများကို ထိပါးသူများသည် တဆခွဲ ပိုမိုပြင်းထန်သော ပြစ်ဒဏ်များကို ခံစားရနိုင်ပြီး အနာဂတ်တွင် ပြည်ပ အိမ်အကူ အလုပ်သမားငှားရမ်းခြင်းမှ ပိတ်ပင်ခံရနိုင်သည်” ဟုလည်း ထိုကြညာချက်တွင် ဖော်ပြထားသည်။
တချိန်နည်းတွင် HOME အဖွဲ့က ဖွင့်လှစ်ထားသော စခန်းတွင် အကူအညီတောင်းခံသော အမျိုုးသမီးများ အားလုံး အတွက် နေရာထိုင်ခင်း မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု Stephanie Chok က ပြောသည်။
“အမြဲတန်းလိုလို နေရာက ပြည့်နေတာပဲ” ဟု Stephanie Chok က ပြောသည်။ ။
(www.aljazeera.com တွင် ဖော်ပြထားသည့် Liz Gooch ၏ Girls and women from Myanmar continue to work illegally as maids in Singapore ကို ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန် – ရွှေ့ပြောင်းအိမ်အကူ မိန်းကလေးတွေကို ဘယ်လို အကာအကွယ် ပေးမှာလဲ