မြန်မာနိုင်ငံ လူဦးရေ ၁၃ ဒသမ ၅ သန်းခန့်သည် နေထိုင်ရန် မသင့်လျော်တော့သည့် နေအိမ်များတွင် နေထိုင်နေကြောင်း တွေ့ရှိရ၍ တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် အသစ်ဆောက်လုပ်ထားသော သို့မဟုတ် ပြန်လည်ပြင်ဆင် တည်ဆောက် ထားသည့် အိုးအိမ်ပေါင်း ၃ ဒသမ ၈ သန်းခန့် လိုအပ်နေကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ ထုတ်ပြန်ချက်မှ သိရသည်။
ယင်းအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စ ဂျဲနက်ဂျက်ဆင်က “ မြန်မာနိုင်ငံရဲ့ အိုးအိမ် လိုအပ်ချက်ကို အခြေခံကစပြီး ထိတွေ့ လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ နေထိုင်ချင်စဖွယ်အိမ်လို့ သတ်မှတ်တဲ့အခါ အကျယ်အဝန်းကလည်း အရေးပါတဲ့ အချက်ဖြစ်တယ်။ အခြေခံကျတဲ့ ကျန်းမာရေး၊ သန့်ရှင်းမှု၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံမှုရှိတာ တွေလည်း လေ့လာ ဆန်းစစ်ဖို့ လိုတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ အိမ်ထောင်စုများ၏ သုံးပုံနှစ်ပုံ ၆၉ ဒသမ ၅ ရာခိုင်နှုန်းသည် ကောင်းမွန်သည့် သောက်သုံးရေကို ရရှိနေသော် လည်း အရေအတွက် ၁၆ သန်းရှိ ကျေးလက်နေပြည်သူများမှာ သန့်ရှင်းသော သောက်သုံးရေကို သုံးစွဲနိုင်ခြင်း မရှိသေး၍ နှစ်စဉ် ကလေးငယ်သေဆုံးမှု များပြားလျက်ရှိကြောင်း ၎င်းကပြောသည်။
ယင်းအပြင် အိမ်ထောင်စု ၁ ဒသမ ၅ သန်းခန့်သည် ကောင်းမွန်သည့် မိလ္လာစနစ်ဖြင့် သုံးစွဲမှု မရှိခြင်း၊ အိမ်ထောင်စု ၅၅ ရာခိုင်နှုန်းသည် တာရှည်မခံသည့် လောင်စာများကို အသုံးပြု ချက်ပြုတ်ရ၍ မြန်မာနိုင်ငံ၏ မိသားစုဘဝများ ဖွံ့ဖြိုး တိုးတက်ရန် အခြေခံအချက်များကို ထည့်သွင်းစဉ်းစားသင့်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အိုးအိမ်ပိုင်ဆိုင်သူ ဦးရေမှာ ၈၅ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်နေသော်လည်း မြို့ပြတွင် ၆၆ ရာခိုင်နှုန်းသာ ရှိပြီး လူငယ်များ အိုးအိမ်ပိုင်ဆိုင်နှုန်း နည်းပါးလျက်ရှိကြောင်း ဆိုသည်။
ယခုအချိန်တွင် မြန်မာနိုင်ငံ၏ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းရန် နေအိမ်ရှိ၊ မရှိ စာရင်းကို ကောက်ယူထားခြင်း မရှိ သောကြောင့် နေအိမ်မည်မျှ လိုအပ်နေသည်ကို ပြော၍ မရကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန(ရန်ကုန်) မှ တာဝန်ရှိသူတဦးက ပြောသည်။
ယခု ထုတ်ပြန်ထားသည့် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အိုးအိမ် အခြေ အနေနှင့် အသုံးအဆောင်ပစ္စည်းများ ကဏ္ဍဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ အကူအညီဖြင့် မြန်မာအစိုးရက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။