လိုအပ်သော စာရွက်စာတမ်း မရှိဘဲ ပြည်ပတွင် လုပ်ကိုင်နေသည့် မြန်မာ အိမ်အကူ အလုပ်သမားများကို ဥပဒေအရ အကာအကွယ် ပေးသွားမည် ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ယမန်နေ့တွင် ပြောကြားသည်။
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းက လွှတ်တော်တွင် မေးသော မေးခွန်းကို ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၎င်း၏ ဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်မှ စတင်ပြီး အမျိုးသမီး အိမ်အကူ အလုပ်သမားများ အတွက် လိုအပ်သော စာရွက်စာတမ်းများ ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့သော ကြောင့် လူကုန်ကူးသူများနှင့် အလုပ်အကိုင် ကိုယ်စားလှယ်များက ၎င်းတို့ကို ပြည်ပသို့ တရားမဝင် ပို့ဆောင်နေကြောင်း လည်း ပြောဆိုသည်။
“ဘာသာစကား အခက်အခဲရယ်၊ အလုပ်ရှင်ရဲ့ အိမ်အပြင်ဘက်က အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဖို့ အခွင့်အလမ်း နည်းတာရယ်ကြောင့် သူတို့တွေဟာ အလုပ်လုပ်တဲ့ နိုင်ငံမှာ ဥပဒေအရ အခွင့်အရေးတွေ မရကြဘူး” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက ဆက်လက် ပြောကြားသည်။
“ပြည်ပက ရွှေ့ပြောင်း လုပ်သားတွေဆီက အချက်အလက်တွေ ကောက်ယူပြီး အိမ်အလုပ်သမားတွေကို တရားဝင် ဖြစ်အောင် လုပ်ဖို့ကျနော်တို့စီစဉ်သွားမယ်” ဟုလည်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်ကိုယ်စားလှယ်များကို ပြောသည်။
အထက်ပါ ဝန်ကြီးဌာနအနေနှင့် ပြည်တွင်းနှင့် ပြည်ပနိုင်ငံများမှ နေအိမ်များတွင် လုပ်ကိုင်ကြသော အိမ်အကူ အလုပ်သမားများကို ဥပဒေအရ အကာအကွယ် ပေးရန် ရှင်းလင်းသော မူဝါဒရှိ မရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းက မေးခွန်းထုတ်ခဲ့သည်။
မကြာသေးမီက မြန်မာ အိမ်အကူ အလုပ်သမားတဦး စင်ကာပူရှိ အလုပ်ရှင်၏ ဖိနှိပ်မှုကြောင့် ဟု ဆိုကာ အထပ်မြင့် အဆောက်အအုံမှ ခုန်ချသေကြောင်း ကြံစည်ခဲ့ခြင်းနှင့် ရန်ကုန်မြို့လယ်ရှိ အင်း၀ အပ်ချုပ်ဆိုင်တွင် ကျွန်ပြုခံရသော ဆယ်ကျော်သက်ရွယ် အိမ်အလုပ်သမား ၂ ဦးကိုလည်း ၎င်းက ကိုးကားပြောဆိုသည်။
အိမ်အကူ အလုပ်သမားများကို အလုပ်ရှင်များက နှိပ်စက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် အကြွေးဖြင့် ကျွန်ပြုခြင်းများကို တားဆီး ဖြေရှင်းရန် ရည်ရွယ်သည့် သီးခြား ဥပဒေတခု လိုအပ်ကြောင်းလည်း ဝန်ကြီး ဦးသိန်းဆွေက ဝန်ခံသည်။ ထိုကဲ့သို့သော အလုပ်သမားများနှင့် ပတ်သက်သည့် အချက်အလက်များကို ကောက်ယူခြင်းနှင့် အိမ်အလုပ်၏ သဘော သဘာဝကြောင့် လုပ်ရှင်များ အခွင့်အရေး ချိုးဖောက်သည်ကို စုံစမ်းစစ်ဆေးရာတွင် အကန့်အသတ်များ ရှိနေကြောင်း လည်း သူက ထောက်ပြသည်။
“သူတို့တွေက ဆွေမျိုးတွေ၊ မိတ်ဆွေတွေ ဒါမှမဟုတ် ပွဲစားတွေ၊ အလုပ်အကိုင်ကိုယ်စားလှယ်တွေကတဆင့် အလုပ်ရကြတာ။ ပြီးတော့အလုပ်ရှင်ရဲ့ အိမ်ထဲမှာပဲ အလုပ်လုပ်ကြရတယ်။ ဒါကြောင့် အလုပ်ရှင်တွေက အများဆုံး အလုပ်ချိန်နဲ့ စည်းမျဉ်းတွေကို လိုက်နာလား ဆိုတာ စုံစမ်းရခက်တယ်” ဟုလည်း သူက ရှင်းပြသည်။
ဝန်ကြီးဌာန အနေဖြင့် နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက်အရ လက်ရှိ အချိန်အထိ အိမ်အကူ အလုပ်သမား ၁၃၀ ကိုသာ စင်ကာပူသို့ ပို့ဆောင်ခဲ့သော်လည်း မြန်မာ အိမ်သမား ၄၀၀၀၀ ခန့်သည် စင်ကာပူတွင် လုပ်ကိုင်နေသည် ဟု ဝန်ကြီးဌာနက ခန့်မှန်းသည်။
နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့် အသက်မွေးဝမ်းကျောင်းနှင့် အစားအစာ လုံခြုံမှု ရန်ပုံငွေ (LIFT) ၏ အကူအညီဖြင့် နိုင်ငံတကာ အိမ်အကူ အလုပ်သမားများနေ့ကို လွန်ခဲ့သော အသီတင်းပတ်က မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် အဖြစ်ကျင်းပခဲ့သည်။
နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်သည် သမိုင်းဝင် သဘောတူညီချက် ဖြစ်သော အိမ် အလုပ်သမားများ အတွက် သင့်တင့်လျှောက်ပတ်သော အလုပ်အကိုင် ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် Convention on Decent Work for Domestic Workers ကို ၂၀၁၁ ခုနှစ် ဇွန်လ ၁၆ ရက်နေကတွင် ပြဋ္ဌာန်းခဲ့သည်။ ထိုသဘောတူညီချက် အရ နိုင်ငံများသည် အိမ်အကူ အလုပ်သမားများသည် အခြား အလုပ်သမားများ နည်းတူ နေ့စဉ်နှင့် အပတ်စဉ် နားချိန်ဆိုင်ရာ အခွင့်အရေးများ၊ အလုပ်ချိန်ကန့်သတ်ချက်၊ အချိန်ပိုလုပ်အားခ၊ နှစ်စဉ် လစာ ခံစားခွင့်ရသော ခွင့်ရက်များနှင့် အကြမ်းဖက်မှု များမှ လုံလောက်သော ဥပဒေ အကာအကွယ် ရရှိအောင် လုပ်ဆောင်ပေးရန် လိုအပ်သည်။ ။