12 August 2017ထက်နိုင်ဇော်
သတင်း

နိုင်ငံရေးမှ တပ်ကို ဖယ်ထုတ်ရန် မဖြစ်နိုင်ဟု တပ်မတော်ပြော

Want create site? Find Free WordPress Themes and plugins.

အရပ်ဘက် နိုင်ငံရေး အဖွဲ့အစည်းများ အောက်တွင် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် တပ်မတော်သည် နိုင်ငံရေးအရ အသုံးချ ခံရလေ့ရှိသဖြင့် မြန်မာ့နိုင်ငံရေးမှ စစ်တပ်ကို ဖယ်ထုတ်ရန် ကြိုးစားခြင်းသည် လက်တွေ့တွင် မဖြစ်နိုင်ကြောင်း မနေ့က နေပြည် တော် MICC – 2 တွင် ကျင်းပသည့် မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး အကြောင်း ဆွေးနွေးစဉ် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ ဗိုလ်မှူးကြီး အောင်မြင့်ဦးက ပြောသည်။

“နိုင်ငံရေးကနေ စစ်တပ်ကို ဖယ်ထုတ်ရမယ်ဆိုရင်တော့ လက်တွေ့ဖြစ်ရပ်တွေအရ မဖြစ်နိုင်ဘူးလို့ ပြောရမယ်။ အစိုးရတရပ် အား ကောင်းဖို့ ဆိုတာလဲ မိမိရဲ့ နယ်နိမိတ်အတွင်းမှာရှိတဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ကောင်းကောင်း ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ အဲလို ဖြေရှင်းနိုင်ဖို့ကလည်း တပ်မတော်ကို သူရဲ့ အဖွဲ့အစည်းတခုအနေနဲ့ အသုံးချခံ ဖြစ်ရတာပါပဲ”ဟု ကာကွယ်ရေး တက္ကသိုလ် ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေးဌာနမှ ဌာနမှူး ဗိုလ်မှူးကြီး အောင်မြင့်ဦးက ပြောသည်။

စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး အကြောင်း ဆွေးနွေးမှုတွင် တပ်မတော်ကို အရပ်သား အုပ်ချုပ်ရေးအောက်သို့ ထားရှိနိုင်ရေး အတွက် မေးခွန်းထုတ်မှုများ ရှိခဲ့ပြီး တချို့ကလည်း လက်ရှိ အခြေအနေအရ ပူးပေါင်းဆောင်ရွက်၍ ရသမျှ အတတ်နိုင်ဆုံး ပူးပေါင်း လုပ်ဆောင်ရန် တိုက်တွန်းခဲ့ကြသည်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးစိုးညွှန့်လွင်ကမူ တပ်မတော်ကို အရပ်ဘက်အုပ်ချုပ်ရေးအောက်သို့ ထားလိုက်ခြင်းအားဖြင့် ပြည်တွင်းရှိ ပြဿနာများစွာ ပြေလည်နိုင်ကြောင်း၊ အင်္ဂလိပ်ခေတ် အုပ်ချုပ်ရေး၊ ဂျပန်ခေတ် အုပ်ချုပ်ရေးနှင့် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရလည်း စစ်ဘက်သည် အရပ်သား အုပ်ချုပ်ရေးအောက်တွင် ရှိခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံက တပ်မတော်က နိုင်ငံရေးမှာ ပါမယ်လို့ ပြောလိုက်တာ။ ဒီနေ့ အရပ်ဘက်ရဲ့ အုပ်ချုပ်မှုအောက်မှာ စစ်ဘက် ကသာနေလိုက် လယ်ယာမြေ ပြဿနာ ရှင်းလို့ရတယ်။ ကာကွယ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အကုန်ရှင်းလို့ ရတယ်”ဟု ဦးစိုးညွှန့်လွင်က ပြောသည်။ မနေ့က ဆွေးနွေးပွဲတွင် အရပ်ဘက်အောက်သို့ စစ်ဘက်ကို ထားရှိသင့်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

၎င်းက ဆက်၍ “အင်ဒိုနီးရှားမှာ တပ်မတော်က ဦးဆောင်ပြီးတော့ အသွင်ကူးပြောင်းရေးကို လုပ်ခဲ့တာ။ ကျနော်တို့ မြန်မာနိုင်ငံ ကလည်း တပ်မတော်က အသွင်ကူးပြောင်းရေးကို ဦးဆောင်ပြီး လုပ်တာ။ မှန်တယ်။ သို့သော် စေတနာ ကွာတယ်။ အင်ဒိုမှာ တပ် မတော်က နိုင်ငံရေးမှာ ဝင်ရောက်ဝင်ဖွက်မှု မရှိဘူး။ ကျနော်တို့နိုင်ငံမှာ ကြည့်ကြည့် ဦးဆောင်တာချင်း တူပေမယ့် စေတနာ ကွာတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အရပ်သား အစိုးရအောက်တွင် လက်နက်ကိုင် အဖွဲ့အစည်း ရှိရမည်ဆိုသည့် သီအိုရီ မှန်၊ မမှန်ကို ၎င်းက မေးခွန်းထုတ်ခဲ့ပြီး ယင်း အယူအဆသည် မှန်သည် ထင်ရသော်လည်း လက်တွေ့တွင် လက်နက်ကိုင် အဖွဲ့အစည်းသည် နိုင်ငံရေးတွင် အသုံးချခံရကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် အရပ်ဘက် ထိန်းချုပ်မှုအောက်မှာ တပ်မတော်ကိုထားရှိသည် ဆိုသော်လည်း တကယ့် လက်တွေတွင် အပြန် အလှန် ယုံကြည်မှု တည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ဗိုလ်မှူးကြီး အောင်မြင့်ဦးက ဆွေးနွေးပွဲတွင် ပြောသည်။

“နိုင်ငံတချို့ရဲ့ နိုင်ငံခြားရေးပေါ်လစီတွေအရလည်း စစ်တပ်ကို လိုသလို အသုံးချနေကြတာပါပဲ။ ဒါကြောင့်မိုလို နိုင်ငံရေးမှာ စစ်တပ် ကို ဖယ်ထုတ်ချင်တယ်ဆိုရင်တော့ လက်တွေ့ ဖြစ်ရပ်ဖြစ်စဉ်တွေမှာ ကိုယ့်ဟာကို မိမိအဖွဲ့အစည်း ကိုယ်တိုင် ဖြေရှင်းနိုင်ဖို့၊ အဲလို မဖြေရှင်းနိုင်တဲ့အခါတွေမှာ စစ်တပ်ကို အသုံးချတာပဲဆိုတာ ဖြေကြားလိုပါတယ်”ဟု ဗိုလ်မှူးကြီးက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မူအရ တပ်မတော်ကို ဖေးဖေးမမ ဆက်ဆံ သော်လည်း တပ်မတော်က သူ့မူနှင့်သူသာ ရပ်တည်နေသဖြင့် အမျိုးသား သင့်မြတ်ရေးမှာ ညီမျှမှု မရှိဘဲ Unbalance ဖြစ်နေ ကြောင်း၊ ထိုအခါ NLD ၏ မူသည် ရင်ကြားမစေ့နိုင်တော့ဘဲ အမျိုးသား လိုက်လျောရေး ဖြစ်နေပြီဟု မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

ဦးသန်းစိုးနိုင် “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အတွင်းသဘောကိုက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ကံကြမ္မာနဲ့ပတ်သက်ပြီး ဆုံးဖြတ် ရမှာက တပ်မတော် ဖြစ်နေတယ်။ သူ့တို့သဘောထားကြီးမှာပဲ တိုင်းပြည်လည်း ငြိမ်းချမ်းရေး ရမယ်။ တိုင်းပြည်လည်း သက်သာ မယ်”ဟု နေပြည်တော်တွင် ဧရာဝတီသို့ ပြောသည်။

စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ကျွမ်းကျင်သူ ဒေါ်ခင်မမမျိုးကလည်း Democratic Control of enforcement ဆိုသော သ ဘောတရားသည် စစ်တပ်ကို နိုင်ငံရေးမှ လုံးဝဖယ်ရှားရေး မဟုတ်ဘဲ နိုင်ငံရေးတွင် အရပ်သား ဦးဆောင်မှုဖြင့် ကာကွယ်ရေး ဝန်ကြီးဌာနအတွက် ပေါ်လစီများ ချမှတ်ကာ ဆောင်ရွက်ခြင်းကို ဆိုလိုကြောင်း ဆွေးနွေးပွဲတွင် ပြောသည်။

“အရပ်သားရဲ့ ဦးဆောင်မှုနဲ့ စစ်တပ်နဲ့ နိုင်ငံရေးက ဦးဆောင်တဲ့ ခေါင်းဆောင်များ အတူတကွ လက်တွဲဆောင်ရွက်ကြမယ်။ Con trol ကတော့ အရပ်ဖက်က ဖြစ်ရမယ်ဆိုတဲ့ အနေအထားပါ။ Military နဲ့ ပတ်သက်သော နည်းဗျူဟာကို Command ပေးဖို့ မဟုတ် ပါဘူး။ Military strategy တွေ အပိုင်းကတော့ သက်ဆိုင်ရာ စစ်ဦးချုပ်များက တာဝန်ခံမှု အပြည်အဝရှိရတဲ့ သဘောတရားကို ဆိုလို ပြီးတော့ Democratic Control of enforcement အပိုင်းကဏ္ဍကို ဆွေးနွေးတင်ပြခြင်း ဖြစ်ပါတယ်”ဟု ဒေါ်ခင်မမမျိုးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ နိုင်ငံတော်၏ အခြေခံမူများတွင် နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဟု ဖော်ပြထားသည်။

ထွန်းထွန်း ပူးပေါင်းပါဝင် ရေးသားသည်

Did you find apk for android? You can find new Free Android Games and apps.
Loading