ကုလသမဂ္ဂ ဝန်ထမ်း ၃၀၀ ခန့် နှင့် ရခိုင်ပြည်နယ်မှ အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပေးပို့ ခဲ့သည့် လုံခြုံရေးအတွက် ကြိုတင်သတိပေးစာတွင် ဆူပူအုံကြွမှုများ တိုးလာဖွယ်ရှိကြောင်းနှင့် ပြည်နယ်အတွင်းမှ အကူအညီပေးရေး အေဂျင်စီရုံးများတွင် ဆန္ဒပြမှုများ ဖြစ်လာနိုင်ဖွယ်ရာ ရှိကြောင်း ဖော်ပြထားသည်ဟု ရိုက်တာသတင်းက ရေးသားထားသည်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ် ရုံးကလည်း ပုံမှန်ပြုလုပ်နေကျ ဘေးကင်းလုံခြုံမှုဆိုင်ရာ သတိပေးမှု၏ တစိတ်တပိုင်း အနေဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြုခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ သတိပေးချက်တွင် “ဆိုရှယ်မီဒီယာတွင် အသစ် ပြန်ဖြစ်လာသော ရေးသားပြောဆိုမှုများနှင့် သဘောထား ပိုမိုတင်းမာသူ အချို့၏ ရန်လိုသော ပြောဆိုမှုများ” ဟု ဖော်ပြထားသည်။
“ကောလာဟလများနှင့် မှားယွင်းသောသတင်းများက ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ အပေါ် ဆန့်ကျင်သည့် ရန်လိုသည့် သဘောထားများနှင့် စိုးရိမ်ပူပန်မှုများ မြင့်တက်လာစေရန် ဆက်လက်မီးထိုးပေးလိမ့် မည်” ဟုလည်း ထိုသတိပေးချက်က ဆိုသည်။ အခြေအနေကို ဂရုပြုစောင့်ကြည့်ရန်နှင့် လုံခြုံရေးနှင့် သက်ဆိုင်သော သ တင်းအချက်အလက်မှန်သမျှကို ချက်ချင်း သတင်းပို့ရန်လည်း တိုက်တွန်းထားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူမျိုးရေးပဋိပက္ခနောက်ပိုင်းတွင် လူ ၁၂၀၀၀၀ ခန့်မှာ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရဆဲ ဖြစ်ပြီး သူတို့မှာ အကူအညီပေးရေး အေဂျင်စီများ၏ ထောက်ပံ့မှုပေါ်တွင် မှီခိုနေကြရသည်။
မောင်တောဒေသတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း နယ်ခြားစောင့် ရဲဌာနချုပ်များ အကြမ်းဖက် တိုက်ခိုက် ခံရပြီး နောက်ပိုင်း ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သူ မွတ်စလင်များ သတ်ဖြတ်ခံမှုသည်လည်း တဖြည်း ဖြည်း တိုးလာလျက် ရှိနေသည်။
ထို့အပြင် ရခိုင် တိုင်းရင်သားတချို့လည်း အသတ်ခံရခြင်း၊ ပျောက်ဆုံးခြင်းများ ရှိနေကြောင်း အစိုးရက သတင်း ထုတ်ပြန် ထားသည်။
ဇူလိုင်လနှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့အနီးမှ မြိုလူမျိုးများ သတ်ဖြတ်ခံရအပြီး လုံခြုံရေး ကင်းမဲ့လာခြင်းကြောင့် မွတ်ဆလင် မဟုတ်သူ ရွာသားများ မြို့ပေါ်သို့ ထွက်ပြေးမှုများ ရှိခဲ့သည်။
တောတွင်း စခန်းများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း နှင့် ယခုသေဆုံးမှု နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အခြားသော သတ်ဖြတ်မှုများ ကို မွတ်ဆလင် အစွန်းရောက်များက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရက ပြောသည်။
ရခိုင်ပြည်နယ် လုံခြုံရေးနှင့် ပတ်သက်သော အဆင့်မြင့် အစည်းအဝေးတခုကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ၍ သြဂုတ်လ ၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့ကြောင်း အစိုးရမီဒီယာများတွင် ဖော်ပြခဲ့သည်။
ဇူလိုင်လ ၃၀ ရက်နေ့က စစ်သွေးကြွလက်နက်ကိုင်များ၏ စခန်းဟု သံသယရှိသည့်နေရာတွင် အာဟာရ မပြည့်ဝသည့် ကလေးငယ်များအတွက် ထုတ်လုပ်ထားသော ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အမှတ်တံဆိပ်ပါ ဘီစကစ်များကို တွေ့ရှိခဲ့ရခြင်းက ရခိုင်များကို ဒေါသဖြစ်စေခဲ့သည်ဟု စစ်တွေမြို့မှ သက်ကြီးပိုင်း ရခိုင်လူမျိုး တဦး ဖြစ်သော ဦးသန်းထွန်းကို ကိုးကား၍ ရိုက်တာသတင်းက ရေးသည်။
သြဂုတ်လ ၁၃ ရက်နေ့တွင် ရခိုင်ပြည်နယ်တလွှားတွင် ဆန္ဒပြပွဲများ ပြုလုပ်သွားရန် ရှိနေပြီး နိုင်ငံခြား အေဂျင်စီများ ချက်ခြင်းထွက်ခွာပေးရန် နှင့် ပြည်နယ်အတွင်းမှ မွတ်ဆလင်များအား နိုင်ငံသား စိစစ်မှုကို အမြန်ဆုံးဆောင်ရွက်ပေးရန် အစိုးရကို တောင်းဆိုသွားကြမည်ဖြစ်သည်ဟု ဦးသန်းထွန်းက ပြောသည်။
နိုင်ငံခြား အေဂျင်စီများ ရှိနေခြင်းကို သဘောမကျကြောင်း ရခိုင်များက ပြောခဲ့ကြသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အကူအညီပေးရာတွင် အေဂျင်စီများက မွတ်ဆလင်များကို မျက်နှာသာပေးသည်ဟု သူတို့က စွပ်စွဲခဲ့ကြသည်။ ၂၀၁၄ ခုနှစ်က ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်းတွင် အကူအညီပေးရေး အေဂျင်စီ ရုံးများတိုက်ခိုက်ခြင်းခံခဲ့ရသည်။
ရခိုင်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဦးမင်းအောင်ကမူ ဒေသခံများ အနေဖြင့် ယခင်က အမှားများထံမှ သင်ခန်းစာရခဲ့ပြီး ဖြစ်သည်ဟု ယုံကြည်ကြောင်း နှင့် အကူအညီပေးရေး အေဂျင်စီများကို အကြမ်းဖက်မှုများ ပြုလုပ်လိမ့်မည် မဟုတ်ကြောင်း ပြောသည်။
သို့သော် လတ်တလောရက်များ အတွင်း ရခိုင်ပြည်သူများက ပြည်နယ်တွင်းမှ ထွက်သွားရန် ပြောဆိုခြင်းနှင့် ရင်ဆိုင်ရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်း အနည်းဆုံး ၄ ဦး ရှိခဲ့ပြီး အဖြစ်အပျက်ကို ကုလသမဂ္ဂသို့ သတင်းပို့ခဲ့ပြီး ဖြစ်သည်ဟု INGO ဝန်ထမ်း ၂ ဦးကို ကိုးကား၍ ရိုက်တာသတင်းက ရေးသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေး အကြံပေးမှ သြဂုတ်လ ၉ ရက်နေ့က ပေးပို့ခဲ့သည် စာတွင် ဆန္ဒပြမှုများမှာ ဆက်လက်၍ ငြိမ်းချမ်းစွာ ရှိနေမည်ဟု မျှော်လင့်ထားကြောင်း၊ သို့သော်လည်း ဆန္ဒပြပွဲများက ပိုမိုကြီးမားလာနိုင်ပြီး နောက် ဆုံးတွင် အကူအညီပေးရေး အေဂျင်စီ ရုံးများကို ပစ်မှတ်ထားခြင်းများ ပေါ်ပေါက်လာနိုင်ကြောင်း ဖော်ပြထားသည်။