ရခိုင်ပြည်နယ် လုံခြုံမှုအတွက် အစိုးရမှ အလုံးစုံ တာဝန်ယူဆောင်ရွက်ပေးရန် မြို့ပေါင်း ၁၅ မြို့မှ ပြည်သူလူထုက သြဂုတ်လ ၁၃ ရက်နေ့ ယနေ့ မွန်းလွဲပိုင်းက ဆန္ဒပြတောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များတွင် လက်ရှိဖြစ်ပေါ်နေသော ပြဿနာများနှင့် ပတ်သက်၍ ယနေ့ တပြိုင်တည်း ဆန္ဒပြတောင်းဆိုခဲ့သော မြို့ကြီးများမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ သံတွဲ ( ငပလီ)၊ ရမ်းဗြဲ၊ မာန်အောင် ၊ ကျောက်ဖြူနှင့် ဂွမြို့ တို့ ဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတွင် ဒေသခံများ အပါအဝင် ရခိုင်အမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတို့ ပူးပေါင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“ဒီအရေးဟာ ပြည်သူအားလုံးအရေး ကိစ္စဖြစ်တယ်။ ကိုယ့်မြေကိုယ့်ရေမှာ နေထိုင်တဲ့ ဒေသခံ တိုင်းရင်းသားတွေ ရက်ရက် စက်စက် အသတ်ခံနေရတယ်။ အဲဒါကို အစိုးရဖွဲ့ကို အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် ဘာမှ လုပ်မပေးနိုင်တဲ့ အပြင်
တိုင်းရင်းသားတွေဟာ ဟိုနေရာမှာ အသတ်ခံ ၊ ဒီမြို့နယ်မှာ အသတ်ခံ ဖြစ်နေတယ်။ အဲဒါကို ကမ္ဘာသိအောင် ရခိုင်တပြည်လုံး တပြိုင်တည်း ဆန္ဒပြတောင်းဆိုရခြင်း ဖြစ်တယ် ” ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ စစ်တွေမြို့ အောင်မြေကုန်းဆရာတော် ဦးစန္ဒာဝါရက မိန့်သည်။
ဆန္ဒပြပွဲတွင် လူ ၁၀၀၀ ကျော်ပါဝင်ပြီး တရားမဝင် ဘင်္ဂါလီများအား ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း
တိကျမှန်ကန်စွာ စိစစ်ပေးရေး၊ ဘင်္ဂါလီတို့အား ထောက်ပံ့နေသော UNHCR ၊ WFP ၊ INGOs အဖွဲ့အစည်းများ အလိုမရှိ ၊ UNHCR ၊ WFP ၊ INGOs အဖွဲ့အစည်းများကို ရခိုင်ပြည်မှ နှင်ထုတ်ပေးရေး ၊ဌာနေတိုင်းရင်းသားများ လုံခြုံမှုအတွက်
လက်နက်ကိုင်ပြည်သူ့စစ် ဖွဲ့စည်းပေးရေး၊ ဘင်္ဂါလီ အကြမ်းဖက်သမားများအားအမြစ်ပြတ်ချေမှုန်းရေး၊ ရခိုင် ပြည်နယ် လုံခြုံမှုအတွက် အစိုးရမှ အလုံးစုံ တာဝန်ယူဆောင်ရွက်ပေးရေး စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဘူးသီးတောင်မြို့တွင်လည်း ယနေ့ နေ့လည်ပိုင်းတွင် လူ အင်အား ၂၀၀၀ ကျော် ဆန္ဒပြတောင်းဆိုမှု ပြုလုပ်ခဲ့သည်။
ဆန္ဒပြပွဲတွင် ဦးဆောင်လှုပ်ရှားသူ ဦးဝင်းနိုင်က“ဆန္ဒပြရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ ဒေသမှာ
တရားဥပဒေ စိုးမိုးဖို့နဲ့ အကြမ်းဖက်သမားတွေကြောင့် သေဆုံးသွားခဲ့ရတဲ့ မြိုတိုင်းရင်းသား တွေ အတွက် အကြမ်းဖက်သမားတွေကို ဖော်ထုတ်ဖမ်းဆီးပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ် ” ဟုပြောသည်။
ဘူးသီးတောင်မြို့ဆန္ဒဖော်ထုတ်ပွဲတွင် အုပ်ချုပ်ရေးစနစ် ခိုင်မာရေး၊ တရားဥပေဒေစိုးမိုးရေး၊ အကြမ်းဖက်သမားများကို နှိမ်နင်းပေးရေး၊ မိမိကိုယ်ကို မိမိ ကာကွယ်ခွင့် ရရှိရေး၊ နိုင်ငံတကာအဖွဲ့အစည်းများ ထွက်ခွာသွားရေး စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။