ဧရာဝတီတိုင်းဒေသကြီးတွင် ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၁၃ရက်နေ့အထိ H1N1 ဖြစ်သူ ၃၁ ဦးရှိပြီး ယင်းအနက် ၁၅ ဦး သေဆုံးခဲ့ရာ ၉ ဦးမှာ H1N1ကြောင့် သေဆုံးခဲ့ပြီး ကျန် ၆ ဦးမှာ H1N1 ပိုးရှိသော်လည်း အခြားရောဂါကြောင့် သေဆုံး ခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ သိရသည်။
H1N1ကြောင့် သေဆုံးသူ ၉ ဦးမှာ ပုသိမ်၊ ညောင်တုန်း၊ ရေကြည်မြို့နယ် အသုတ်မြို့၊ ပန်းတနော်၊ ဒေးဒရဲ၊ ကျုံပျော်၊ ဖျာပုံ၊ ဘိုကလေးနှင့် ဟင်္သာတ စသည့် ဒေသ ၉ ခုမှ ၁ ဦးနှုန်းစီ သေဆုံးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းက H1N1လူနာ ၇ ဦး သေဆုံးခဲ့ကာ သြဂုတ်လ ၉ ရက်နေ့က ဘိုကလေးမြို့မှ အမျိုးသားတဦးနှင့် သြဂုတ်လ ၁၀ ရက်နေ့တွင် ဟင်္သာတ မြို့မှ အမျိုးသမီးငယ်တဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက “လတ်တလောမှာတော့ ရောဂါဖြစ်ပွားမှုက ရပ်တန့် နေတဲ့ အခြေအနေမှာ ရှိပါတယ်။ H1N1 ဖြစ်တယ်ဆိုတိုင်း ကြောက်စရာမလိုပါဘူး။ အချိန်မီကုသမှုခံယူရင် ပျောက်ကင်း ပါတယ်။ ဖျာပုံ ဆေးရုံအုပ်ကြီး ဒေါ်စိန်စိန်တောင် အခုကျန်းမာလို့ ဆေးရုံက ဆင်းပါပြီ။ ပုသိမ်ပညာရေး ကောလိပ်မှာ လည်း H1N1 ဖြစ်သူ ၅ ဦး တွေ့တာ။ အကုန်လုံးက စနစ်တကျ ကုသမှု ခံယူလိုက်တော့ အခု အားလုံး ကျန်းမာနေကြပါပြီ” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းရှိ ပုသိမ်၊ ညောင်တုန်း၊ ရေကြည်မြို့နယ် အသုတ်မြို့၊ ပန်းတနော်၊ ဒေးဒရဲ၊ ဖျာပုံ၊ ကျုံပျော်၊ ဘိုကလေး၊ ကျောင်းကုန်း၊ ဟင်္သာတနှင့် ကြံခင်းစသည့် ဒေသ ၁၁ ခုတွင် H1N1 လူနာများ တွေ့ရှိခဲ့ရကြောင်း အမျိုးသား ကျန်းမာရေး ဌာန ဓာတ်ခွဲခန်း၏ စစ်ဆေးအတည်ပြုချက်အရ သိရသည်။
H1N1 ကူးစက်မှုကို ကာကွယ်ရန် လူထူထပ်သည့် နေရာများကို ရှောင်ကြဉ်ရန်၊ လက်ကို ဆပ်ပြာဖြင့် မကြာခဏ စင် ကြယ်စွာ ဆေးကြောရန်၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို သေချာစွာ ဖုံးအုပ်ရန်၊ လူထူထပ်သည့် နေရာများသို့ မဖြစ် မနေ သွားလာပါက နှာခေါင်းစည်း (Mask) တပ် သွားလာနှင့် ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက ချက်ချင်း ဆေး ကုသမှု ခံယူသည့် နည်းများဖြင့် ကာကွယ်နိုင်ကြောင်း တိုင်းကျန်းမာရေး ဌာနက သတင်းထုတ်ပြန်ထားသည်။
ဖြစ်ပွားသူနှင့် သေဆုံးသူ ဦးရေတိုးနေသည့် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm 09 ဖြစ်ပွားမှုသည် ထိန်းချုပ်ဆဲ အဆင့်သာ ရှိနေသေးကြောင်း၊ ညွှန်ကြားမှုများကို လိုက်နာ ဆောင်ရွက်ရန် လိုကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ ပြောကြားခဲ့သည်။