NLD ပါတီ ဥက္ကဟောင်း ဖြစ်သည့် အသက် ၉၉ နှစ် အရွယ် ဦးအောင်ရွှေသည် သြဂုတ် ၁၃ ရက်နေ့ည ၉ နာရီ ၃၆ မိနစ်က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံကြီးတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
NLD ပါတီကို တည်ထောင်ခဲ့သူ တဦးဖြစ်သည့် ဦးအောင်ရွှေမှာ နာမကျန်းဖြစ်နေသဖြင့် သြဂုတ် ၁၁ ရက်နေ့ကတည်းက ဆေးရုံတွင် တက်ရောက်ကာ ဆေးကုသမှု ခံခဲ့သည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲနိုင် ကိုယ်စားလှယ်ဖြစ်ခဲ့သလို လက်ရှိ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းက “သူ NLD ကို ဦးဆောင်ခဲ့တဲ့ ၁၉၉၀ ကနေ ၂၀၁၀ ခုနှစ်အထိ ကာလတလျှောက် သူ့ကိုယ်သူ ခေါင်းဆောင်လို့ မခံယူဘူး။ အဲဒီအချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် ခေါင်းဆောင်လို့ပဲ တစိုက်မတ်မတ်ပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်၊ ဦးတင်ဦးလည်း ဖမ်းဆီးခံရချိန်မှာ ပါတီရပ်တည်ရေးကို သူလုပ်ဆောင်တယ်။ တချို့ပါတီဝင်တွေကြောင့် ဖိအားတွေလည်းရှိတယ်။ စစ်အာဏာရှင်လက်အောက်မှာ ပါတီရပ်တည်ရေးကိုသူလုပ်ခဲ့ရတာ မလွယ်ပါဘူး”ဟု ဧရာဝတီသို့ ပြောပြသည်။
ဦးအောင်ရွှေသည် ကျောက်ကပ်ပျက်စီးခြင်း၊ ဆီးမသွားနိုင်တော့ခြင်း၊ နှလုံးသွေးကြောငယ်များ မကောင်းတော့ရာမှ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်း၏ မိသားစုဝင် တဦးအား စောင့်နေဆဲဖြစ်၍ သဂြိုလ်မည့် နေ့ရက်၊ အချိန်တို့ကို အသေးစိတ် မသိရှိရသေးပါ။
ဦးအောင်ရွှေသည် အဖ ဦးဖိုးကွန်းနှင့် အမိဒေါ်သိန်းတို့က ၁၉၁၈ ခုနှစ် မေလ ၁၉ ရက်တွင် မွေးဖွားပြီး ၁၉၄၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ရခဲ့သည်။ ၁၉၄၂- ၄၅ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော်နှင့် ဗမာ့ မျိုးချစ် တပ်မတော်တို့တွင် ပါဝင်ခဲ့သူဖြစ်သည်။ ၁၉၄၅ ခုနှစ် ၌ တပ်မတော် (ကြည်း) တွင် ဗိုလ်ကြီးအဆင့်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ဗိုလ်မှူးချုပ်အဆင့် ထိ တိုးမြှင့် ခံခဲ့ရသည်။
၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ တွင် တောင်ပိုင်းတိုင်းမှူးဖြစ်လာပြီး ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတွင် ကွယ်လွန်သူ ဒု-ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ ဖဆပလ (တည်မြဲ)ကို တပ်မတော်ခေါင်းဆောင် အများအပြားက ဘက်လိုက်ခဲ့ကြောင်း စွပ်စွဲခံရပြီး တာဝန်မှ ရပ်စဲ အငြိမ်းစားပေးခံရသူများထဲတွင် ဗိုလ်မှူးချုပ် အောင်ရွှေလည်း ပါဝင်ခဲ့သည်။ ၁၉၆၁ ဖေဖော်ဝါရီတွင် အငြိမ်းစားယူခွင့်ပေးခဲ့သည်။
အငြိမ်းစားယူပြီးနောက်ပိုင်း ၁၉၆၁ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် သြစတြေးလျ၊ အီဂျစ်၊ ပြင်သစ်စသည့်နိုင်ငံများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ပထမအဆင့် ချီးမြှင့်ခံခဲ့ရသည်။
၁၉၈၈ ဒီမိုကရေစီရေး လူထုအရေးတော်ပုံ ဖြစ်ပွားချိန် တပ်မတော်က ဆန္ဒပြသူများအား ပစ်ခတ်နှိမ်နှင်းသောအခါ မျိုးချစ်တပ်မှူးဟောင်းများ စုစည်းကာ ကန့်ကွက်ကြချိန်တွင် ဦးအောင်ရွှေလည်း ပါဝင်ခဲ့သည်။ နောင် စစ်အာဏာသိမ်းအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ရာတွင်လည်း ပါဝင်ခဲ့သည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သည်။ ပါတီဖျက်သိမ်းခံရတော့မည့် ၁၉၉၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပယ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပါတီတွင်းတွင် အကြိတ်အနယ် ဖြစ်ခဲ့သော်လည်း နိုင်ငံရေးဖိအားများ အတန်အသင့်လျော့ပါးသွားပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပထမအကြိမ် ပြန်လွတ်လာသောအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီခေါင်းဆောင်မှုနေရာ ပြန်ပေးကာ ပါတီတွင်း စည်းလုံးမှု တည်ဆောက်ခဲ့သည်။
၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၂၀၀၄ ခုနှစ် တွင် ပြန်လည် လွတ်မြောက်လာခဲ့ပြီး ပါတီထိပ်ပိုင်းတွင် ပြန်လည် ပါဝင်ခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး တို့ ဆက်လက် နေအိမ်အကျယ်ချုပ်ကျစဉ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် ၎င်း၏ ခေါင်းဆောင်မှုအပေါ် ဝေဖန်မှုများ ရှိခဲ့သည်။
မည်သို့ဆိုစေ ဦးအောင်ရွှေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား စစ်အုပ်ချုပ်ရေးအောက် တရားဝင် နိုင်ငံရေးပါတီတခုအဖြစ် ဆက်လက်ရှင်သန်နိုင်ရေး ဦးစီးဦးဆောင်ခဲ့သူအဖြစ် ပါတီတွင်းမှ လေးစားကြည်ညိုကြသည်။ ဦးအောင်ရွှေသည် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ NLD ပါတီ၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။