ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ် တနိုင်းဒေသကို ၂၀၀၈ အခြေခံ ဥပဒေနှင့် အညီ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး ခင်မောင်ဆွေ က ယနေ့ ကျင်းပသည့် ပြည်သ့ူ လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
“ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်များအရ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို မထိခိုက်စေဘဲ KIA အကြမ်းဖက် သောင်းကျန်းသူများ၏ ဥပဒေမဲ့ လုပ်ရပ်များ ရပ်တန့်စေရန်အတွက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ကို အမိန့်ရမှ၊ အမိန့်ပေးမှ လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ ဥပဒေနှင့်အညီ တာဝန်သိသိဖြင့် နိုင်ငံတော် အစိုးရအား အားပေး ကူညီ ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။
တနိုင်း မဲဆန္ဒနယ်မှ ဦးလင်းလင်းဦး၏ “ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် တရားမဝင် ရွှေမှော်နှင့် ပယင်း မှော်များ တူးဖော် ဆောင်ရွက်နေမှုများကို ယခုလို နောင်အခါ မဖြစ်ရအောင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပြည်နယ် အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ် ဆောင်ရွက်ပေးနိုင်ရန် အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ဒု ဗိုလ်မှူးကြီး ခင်မောင်ဆွေက ဝင်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ဥပဒေအတိုင်း လုပ်ဆောင်ချက်များကို ဟန့်တား နှောင့်ယှက်သူ၊ ဥပဒေမဲ့ လုပ်ရပ်များကို ကျူးလွန်နေသူ၊ နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးစီးပွားကို ဖျက်စီးနေသူ၊ သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးစေသူ၊ ငြိမ်းချမ်းရေးကို မလိုလားသူများ ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ရှင်းလင်းရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု တပ်မတော် သား ကိုယ်စားလှယ်များက ပြောဆိုကြသည်။
ယခုအဆိုကို တပ်မတော်သား ကိုယ်စားလှယ် ၃ ဦး ဝင်ရောက်ဆွေးနွေးခဲ့ပြီး ၃ ဦးစလုံးက KIA အဖွဲ့ကို အကြမ်းဖက် သောင်းကျန်းသူများဟု သုံးနှုန်းခဲ့ကြကြောင်း သိရသည်။
တပ်မတော် အနေဖြင့် နိုင်ငံတော်၏ သယံဇာတများ ဆုံးရှုံးမှု မရှိစေရေး၊ သဘာဝ ပတ်ဝန်းကျင် ဆုံးရှုံးမှု အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများကို အမိန့်စောင့်စရာ မလိုဘဲ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒု ဗိုလ်မှူးကြီး စိုးမြင့်အောင်ကလည်း လွှတ်တော်တွင် ပြော သည်။
၎င်း၏ အဆိုအရ KIA အဖွဲ့သည် တနိုင်းမြို့နယ်နှင့် ဖားကန့် မြို့နယ်များတွင် ရွှေမှော် ပယင်းမှော်များကို အစိုးရ၏ ခွင့်ပြု ချက် မရှိဘဲ နိုင်ငံခြားသား နည်းပညာရှင်များကို ဥပဒေမဲ့ ခိုးသွင်းပြီး တရားမဝင် လုပ်ငန်းများဖြစ်သည့် ရွှေမှော်၊ ပယင်းမှော် များကို တူးဖော် ဆောင်ရွက်စေခဲ့ရာမှ တနှစ် ကောက်ခံရရှိသည့် ဆက်ကြေးငွေမှာ ကျပ်သိန်းပေါင်း ၂၈၀၀၀ ခန့်ရှိကြောင်း သိရသည်။
ရရှိသည့် ဆက်ကြေးငွေကို ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်း မရှိဘဲ လက်နက် ခရမ်းနှင့် အခြား လိုအပ် သည့် ပစ္စည်းများကို ဝယ်ယူ ဖြည့်တင်းပြီး အစိုးရနဲ့ တပ်မတော်အပေါ် တုံ့ပြန် တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိရှိ ဆောင်ရွက်ခြင်း အပြင် ၎င်းတို့ ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် မိသားစု အကျိုးစီးပွားများကို တရားဝင် ထောက်ပံ့နေခြင်း များပင် ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်များက လွှတ်တော်တွင် ပြောသည်။
ဒု ဗိုလ်မှူးကြီး ခင်မောင်ဆွေက“ရရှိတဲ့ ငွေကြေးနဲ့ တရားမဝင် လက်နက် ကိုင်ဆောင်မှုအပေါ် သာယာပြီးတော့ ငြိမ်းချမ်း ရေး ရယူလိုစိတ် မရှိဘဲ NCA ကို လက်မှတ် ရေးထိုးခြင်း မပြုတာကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ တရားမဝင် ရွှေ တူးဖော် နေတာဟာလည်း ဒီနယ်မြေမှာ တရားဥပဒေ မစိုးမိုးလို့ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
၎င်းကဆက်၍ “KIA အကြမ်းဖက် သောင်းကျန်သူ အဖွဲ့အနေနဲ့ တပ်မတော်က နယ်မြေရှင်းလင်း ဆောင်ရွက်လာပါက အကြမ်းဖက် ပြန်လည် တိုက်ခိုက်ရန်အတွက် ဒေသခံ ပြည်သူများနဲ့ ရွေ့ပြောင်းလုပ်သားများကို လူသားတံတိုင်းအဖြစ် အသုံးပြုရန် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိခဲ့ပါတယ်”ဟုလည်း လွှတ်တော်တွင် ပြောသည်။
တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပုဒ်မ ၂၀၊ ပုဒ်မခွဲ ဂ၊ ပုဒ်မ ၃၃၉ တို့အရ တပ်မတော်ကို အပ်နှင်းထား သည့် အခွင့် အာဏာအတိုင်း နိုင်ငံတော် ကာကွယ်ရေး တာဝန်များသည် နိုင်ငံတော်ရဲ့ ရေ၊ မြေ၊ သယံဇာတများကို ကာကွယ် စောင့်ရှောက်ရန်အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုပြီး နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း ပြောဆိုကြသည်။
အဆိုရှင် ဦးလင်းလင်းဦးကမူ “ကျနော်တို့ဒေသမှာ ငြိမ်းချမ်းရေးရပြီး တိုက်ပွဲ မဖြစ်စေချင်ဘူး။ ကျနော်တို့ကတော့ ဟိုဘက် ဒီဘက် ဘယ်ဘက်မှ မပါဘဲ တိုက်ပွဲမဖြစ်အောင် ညှိပေးချင်တယ်။ ဒါပေမယ့် အခု သူတို့ (တပ်မတော်)က နယ်မြေ ရှင်းလင်းရေး လုပ်မှာဆိုရင် KIA ထိန်းချုပ်နယ်မြေ ဖြစ်တဲ့အတွက် တိုက်ပွဲတွေက ဖြစ်တော့မှာ”ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် ဦးသိန်းစိန် အစိုးရ မတက်ခင် တပ်မတော် အစိုးရ လက်ထက် ယင်းဒေသတွင် တရားမဝင် ရွှေတူးဖော်ခြင်း လုပ်ငန်း များကို ယခုလို ဆောင်ရွက်ခဲ့ကြသော်လည်း KIA သည် ငြိမ်းချမ်းရေး ယူထားသဖြင့် တိုက်ပွဲ မဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ပယင်းများ တူးဖော်လာပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားတော့ကြောင်း NLD ပါတီမှ တနိုင်းအမတ် ဦးလင်းလင်းဦးက ပြောဆိုသည်။
ပြည်သူ့လွှတ်တော်ရှိ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဝင် အမည်မဖော်လိုသော လွှတ်တော် ကိုယ်စားလှယ်တဦးကမူ တနိုင်း ဒေသတွင် နယ်မြေလုံခြုံရေး အကြောင်းပြချက်ဖြင့် တပ်မတော်၏ ဆောင်ရွက်ချက်များက နောက်ပိုင်းတွင် အရပ် ဘက် အစိုးရနှင့် ပူးပေါင်းမှု မရှိသလို ညှိနှိုင်း၍လည်း မရသဖြင့် အစိုးရမှာ အခက်တွေ့နေရကြောင်း ဧရာဝတီသို့ ပြော သည်။
“ပြောရရင် လုပ်ရကိုင်ရတာ ခက်တာပေါ့။ သူတို့ စိုးရိမ်မှုကလည်း လုံခြုံရေး အကြောင်းပြတယ်”ဟု ၎င်းက ဆိုသည်။
ဖားကန့်ဒေသတွင်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ကာကွယ်ရန် ၂၀၁၇ ခုနှစ် မေလ ၁၉ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ကချင် ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် တိုင်းမှူးနှင့် ကချင် ပြည်နယ် လွှတ်တော် ဥက္ကဌ၊ ကချင်ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့သည် ထိုဒေသကို ရဟတ်ယာဉ်နှင့် နေ့ချင်းပြန် သွားရောက်ခဲ့ကြောင်း သိရသည်။