ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ ဘုရားကျောင်းများတွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခ သည် ဦးရေ ၁၀၀၀ ဝန်းကျင်အတွက် စားနပ်ရိက္ခာအပြင် အမျိုးသမီးနှင့် ကလေးအသုံး အဆောင်ပစ္စည်းများ လိုအပ်နေသည် ဟု သတင်းရရှိသည်။
နမ္မတီးမြို့ နှစ်ခြင်း ဘုရားကျောင်းတွင် ၅၉၃ ဦး ၊ ကတ်သလစ် ဘုရားကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၃၀၀ ကျော်၊ စုစုပေါင်း စစ်ရှောင်ဦးရေ ၁၀၀၀ ဝန်းကျင် ရှိပြီး ၎င်းတို့မှာ နမ္မတီးမြို့ ကဆုန်ကျေးရွာနှင့် ဇွပ်မိုင်ရွာတို့တွင် နေထိုင်ကြ သူများ ဖြစ်သည်။
သြဂုတ်လ ၁၁ ရက်က တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် တိမ်းရှောင် လာရခြင်း ဖြစ်သည်။
နမ္မတီးမြို့ နှစ်ခြင်းဘုရားကျောင်းမှ သင်းထောက် ဆရာ ဦးဆင်ဂေါင်က “စားနပ်ရိက္ခာက တလစာလောက် ရထားပေ မယ့် သူတို့ လချီနေရမယ်ဆို ရိက္ခာလိုတယ်။ အခု လိုအပ်တာက အမျိုးသမီးသုံးတဲ့ ပစ္စည်းတွေတော့ နည်းနည်းခက်ခဲ နေတယ်။ လှူတဲ့ထဲမှာ လူကြီးအဝတ်အစား လောက်ပဲ ပါတယ်။ တကယ့်မမြင်ရတဲ့ အတွင်းခံပစ္စည်းတွေ မပါလာဘူး။ ကလေးဖိနပ်၊ အင်္ကျီ၊ ဘောင်းဘီ၊ ကလေး အဝတ်အစားတွေလည်း ရှားပါးနေတယ်” ဟု ပြောသည်။
နီးစပ်ရာ အလှူရှင်များ လာရောက်လှူဒါန်းကြရာ လူကြီး အဝတ်အစားများသာ ပါဝင်ပြီး အမျိုးသမီး လစဉ်သုံး ပစ္စည်း များ၊ အမျိုးသမီးအတွင်းဝတ် အကျီ ဘောင်းဘီများ၊ ကလေးငယ်များ ဝတ်သည့် အဝတ်အစားများ ပါမလာသေး ကြောင်းလည်း ဦးဆင်ဂေါင်က ဆိုသည်။
စစ်ရှောင်ဦးရေ ၁၀၀၀ ဝန်းကျင်အနက် အမျိုးသမီး ၄၀၀ ကျော်ပါဝင်ပြီး အသက် ၅ နှစ်အောက် ကလေးငယ် ၆၀ ကျော်၊ ကျောင်းသူကျောင်းသား ဦးရေ ၁၈၀ ဝန်းကျင်ခန့် ပါရှိသည်ဟု သိရသည်။
မသန်စွမ်းသည့် အဘိုးအဘွား ၃၇ ဦး ရှိပြီး နို့တိုက်မိခင် ၁၇ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၈ ဦးလည်း ပါရှိသည်။
စစ်ဘေးရှောင် ဒုက္ခသည်များမှာ အဝတ်တထည်ကိုယ်တခုဖြင့် ရုတ်တရက် ထွက်ပြေးလာကြရသူများ ဖြစ်သည်။
စတင် တိမ်းရှောင်လာစဉ်က နှစ်ခြင်းဘုရားကျောင်းက ကားများဖြင့် သွားခေါ်သဖြင့် လူဦးရေ ၅၀၀ ခန့်သာ ရောက် လာသော်လည်း ကျန် လူ ၃၀၀ ကျော်မှာ တိုက်ပွဲကြောင့် နမ္မတီးမြို့ဘက်သို့ ပြေးမရသဖြင့် မြစ်ကြီးနားမြို့ဘက်သို့ ပြေးရာ လမ်းတွင် ရေကြီးနေသဖြင့် ဆက်သွားမရဘဲ တောလမ်းတွင် ၂ရက်ခန့် ပိတ်မိနေကြသေးသည်။
သြဂုတ်လ ၁၃ ရက်တွင် ကချင်နှစ်ခြင်း အသင်းတော်၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ နှင့် အရပ်ဘက် အဖွဲ့ အစည်းများမှ တာဝန်ရှိသူများက တပ်မတော်၊ KIA တို့ထံ ခွင့်တောင်းကာ ပိတ်မိနေသူများကို ကယ်ထုတ်လာခဲ့ကြပြီး ည ၉ နာရီခန့်တွင် နမ္မတီးမြို့သို့ ရောက်ရှိ၍ မိသားစု ပျောက်နေသူများကလည်း ပြန်လည်ဆုံတွေ့သွားသည်ဟု ဦးဆင်ဂေါင်က ပြောသည်။
“ကျနော်တို့ ဘုရားကျောင်းမှာက လူမဆန့်တော့ ရောက်လာတဲ့ ၃၀၀ ကျော်ကို ကတ်သလစ်ကျောင်းမှာ နေရာချထား ပေးပါတယ်။ ကျောင်းမှာတော့ သူတို့တွေ အားလုံးကို ပလတ်စတစ်ခင်း၊ အပေါ်က ကောဇော ခင်းပြီး နေရာချ ထား ပေး တယ်။ ထမင်းဟင်းလည်း အလှူရှင်တွေဆီက ရတာနဲ့ ချက်ကျွေးနေပါတယ်” ဟုလည်း ၎င်းက ပြောပြသည်။
တရက်လျှင် နှစ်ခြင်းဘုရားကျောင်းက ထမင်း ၂ကြိမ် ချက်ရပြီး တရက်စာ ဆန်အိတ် ၆ အိတ် ကုန်ကျသည် ဟု ဦးဆင်ဂေါင်က ပြောသည်။
ဦးဆင်ဂေါင်က “ကတ်သလစ်ကျောင်းလည်း ကျနော်တို့နဲ့ လူဦးရေ သိပ်မကွာတော့ ၆အိတ် ဝန်းကျင် လောက်ပဲ ကုန်မယ် ထင်တယ်” ဟု ဆိုသည်။
စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ချက်ပြုတ်ရေးအဖွဲ့ကို တာဝန်ယူထားသည့် သိက္ခာတော်ရ ဆရာတော် ဦးနော်မိုင် က လည်း လက်ရှိတွင် အလှူရှင်အသီးသီးထံမှ ဆန်၊ ဆီ၊ ဆားနှင့် ပဲအနည်းငယ် ရရှိထားကြောင်း၊ ခန့်မှန်းခြေအရ တလခန့် ကျွေးနိုင်မည်ဖြစ်ကြာင်း ပြောသည်။
ဦးနော်မိုင်က “အခုရက်ပိုင်းတော့ သူတို့ စိတ်ဓာတ်ကျနေကြလို့ အသားဟင်းတွေ ဘာတွေ နည်းနည်း ကောင်းတာ ချက်ကျွေး နေပါတယ်။ ရေရှည်ဆိုရင်တော့ ဒါမျိုး မတတ်နိုင်ပါဘူး။ အခုကတော့ စိတ်ခွန်အားဖြစ်အောင် ချက်ကျွေး နေတာ” ဟုလည်း ပြောဆိုသည်။
စစ်ဘေးရှောင်ဒုက္ခသည်များကို ထောက်ပံ့နေသော အရပ်ဘက်အဖွဲ့အစည်း ၉ ဖွဲ့ စုပေါင်းထားသည့် ပူးပေါင်း လုပ်ငန်း စဉ်အဖွဲ့ (JST) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဂွမ်ရှာအောင်က မိသားစု အသုံးပြုနိုင်မည့် ဆေးပစ္စည်းများ၊ တကိုယ်ရည်သုံး ပစ္စည်းများ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများကို ပေးဝေနိုင်ရန် ဆောင်ရွက်နေသည်ဟု ပြောသည်။
ဦးဂွမ်ရှာအောင်က “၆နှစ်တာလည်း ရှိလာပြီ။ နိုင်ငံတကာရဲ့ ကူညီမှုကလည်း ကျလာတော့ ရုတ်တရက် ပြေးလာရင် ကူဖို့ သီးသန့် ရန်ပုံငွေ အရန် ရန်ပုံငွေဆိုတာ ဘယ်သူ့မှာမှ မရှိကြပါဘူး။ ရှိတာလေးကို ခြစ်ကုတ်ပြီး ကူနေရတဲ့ အနေ အထားဖြစ်ပါတယ်။ သေချာတာကတော့ ကျနော်တို့ ရန်ပုံငွေထပ်ရှာရမှာပါ ” ဟုလည်း ပြောဆိုသည်။
ယခုကာလမှာ စာသင်နှစ်၊ နှစ်ဝက်ဖြစ်သဖြင့် စစ်ဘေးရှောင်ဖြစ်လာသည့် ကျောင်းသူကျောင်းသားများ အတွက်လည်း ပညာသင်ကြားရေးပိုင်းတွင် အခက်အခဲ ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် စစ်ဘေးရှောင်များ ၏ ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာ ပိုင်းများကို အကူအညီပေးရန် လိုအပ်ကြောင်း၊ ဘတ်ဂျတ်များ ချထားပေးရန် မျှော်လင့်ကြောင်းလည်း ဦးဂွမ်ရှာအောင်က ဆိုသည်။
“ငြိမ်းချမ်းရေး ဖြစ်စဉ်ကလည်း အလုပ်ပြန်ဖြစ်ဖို့ လိုမယ်လို့ ကျနော် မြင်တယ်။ ရေရှည်ပဋိပက္ခ ဖြစ်နေမယ် ဆိုရင် ကျနော်တို့ ပြည်သူလူထုတွေ အတွက်က တော်တော်လေး ခက်ခဲပါလိမ့်မယ်” ဟု ဦးဂွမ်ရှာအောင်က ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်ဒုက္ခသည်များမှာ ကြောက်လန့်နေကြပြီး ၎င်းတို့ ရွာများသို့ ပြန်ရဲဦးမည် မဟုတ်ကြောင်း၊ စစ်ရေးအခြေအနေလည်း မတည်ငြိမ်သေးသဖြင့် လချီပြီး နေရနိုင်ကြောင်း၊ ရေရှည်ဖြစ်လာပါက စစ်ဘေးရှောင်များ အတွက် အမိုးအကာများလည်း လိုအပ်လာမည်ဖြစ်ကြောင်း ဦးဂွမ်ရှာအောင်က ပြောဆိုသည်။
ဆက်လက်ပြီး ၎င်းက စစ်ဘေးရှောင် ဒုက္ခသည်များအနက် အမျိုးသမီးများမှာ ကလေးငယ်များကို ကျောတွင် ပိုးပြီး ပြေးလာရသဖြင့် ဘုရားကျောင်းသို့ ရောက်လာစဉ်ကလည်း ငိုနေကြပြီး တချို့မှာ ယခုအချိန်ထိ ကြောက်လန့်ကာ စိတ်တွင် ဒဏ်ရာရသည့် အနေအထားမျိုးလည်း တွေ့ရသည်ဟု ပြောပြသည်။
၂၀၁၁ ခုနှစ် ဇွန်လမှ စ၍ ယနေ့အထိ တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း ကချင် စစ်ဘေးရှောင် တသိန်းကျော် ရှိသည်။
၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၄ ရက်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ကချင်နှစ်ခြင်း ခရစ္စယာန် အဖွဲ့ချုပ် (KBC) မှ သိက္ခာတော်ရ ဆရာတော်ကြီးများကို နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံကာ ကချင်စစ်ဘေးရှောင် ဒုက္ခသည်များ ကို အစိုးရ အနေဖြင့် အကူအညီပေးမည်ဖြစ်ကြောင်း၊ KBC နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးထား သည်။