ဆင်သတ်ဂိုဏ်းအဖွဲ့ဝင် တဦး ဖမ်းမိ၊ ထွက်ပြေးနေသူ ၂ ဦးကို တောနင်းရှာဖွေနေ
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် အတွင်း တောဆင်ရိုင်းများ ဖမ်းဆီးသတ်ဖြတ်နေသည့် ဆင်သတ်ဂိုဏ်းအဖွဲ့အား ဒေသအုပ်ချုပ်ရေး ပူးပေါင်းစစ်ကြောင်းအဖွဲ့မှ သြဂုတ်လ ၁၃ ရက်နေ့က ဝင်ရောက် ဖမ်းဆီးစဉ် ၁ ဦး ဖမ်းမိခဲ့ပြီး ထွက်ပြေး လွတ်မြောက်သွားခဲ့သည့် ဆင်သတ်ဂိုဏ်းသား ၂ ဦးအား တောနင်း ရှာဖွေနေကြောင်း သတင်းရရှိသည်။
သာပေါင်းမြို့မှ မိုင် ၃၀ အကွာ ကျွန်းလျားကြီး ကျေးရွာအုပ်စု ခရင်ချောင်းဖျား သစ်တော အတွင်းတွင် ရဲတပ်ဖွဲ့၊ သစ်တောဌာန၊ သစ်တောရဲတပ်ဖွဲ့နှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှာ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ဆင်သတ်၍ အရေခွံဆုတ်နေသော လူ ၃ ဦး ပါဝင်သည့် ဆင်သတ်ဂိုဏ်းအား တွေ့ရှိခဲ့ရာ ဆင်သတ်ဂိုဏ်းဝင် ၁ ဦးအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိပြီး ကျန်နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားသည့်အတွက် ဖမ်းဆီးရမိရေး ဆက်လက်ရှာဖွေနေခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောသည်။
“ပူးပေါင်းစစ်ကြောင်းအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ်မှာ ဒေသအခေါ် ခရင်ဝါးချောင်းဖျားမှာ ဆင်ကိုသတ်ပြီး အရေခွံတွေခွာထားတာ တွေ့ရတဲ့အတွက် ဝင်ရောက်ဖမ်းဆီးပါတယ်။ ဖမ်းဆီးရာမှာ ဆင်သတ်ဂိုဏ်းထဲကတယောက်က ရဲတပ်ဖွဲ့ကို လုပ်သေနတ်နဲ့ ပြန်လည်ပစ်ခတ်ဖို့ ကြိုးစားတဲ့အတွက် ပူးပေါင်းအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဆင်သတ်ဂိုဏ်းသားတဦးကို ညာဘက်ပေါင် သေနတ်မှန်ဒဏ်ရာနဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။ ကျန် ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် တောနင်းရှာဖွေ နေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ဧရာဝတီကို ပြောသည်။
ထွက်ပြေးလွတ်မြောက်နေသည့် ဆင်သတ်ဂိုဏ်းသား ၂ ဦးမှာ ထွန်းလှိုင်နှင့် ဆလိုင်းအောင်နေဦးတို့ ဖြစ်ပြီး ပြန်လည်ခုခံရန်ကြိုးစားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမိသူမှာ ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့နယ်ခွဲ သဘော့ကန်ကျေးရွာမှ ချိုတင် (ဘ) ဦးလှရွှေ ဖြစ်ကြောင်း သိရသည်။ ညာဘက်ပေါင်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သူ ချိုတင်အား သာပေါင်းမြို့ဆေးရုံတွင် ဆေးကုသမှု ခံယူစေခဲ့သော်လည်း ဒဏ်ရာမှာ ခွဲစိတ်ကုသရန် လိုအပ်သည့်အတွက် ယမန်နေ့ နံနက်အစောပိုင်းက ပုသိမ်မြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသပေးနေကြောင်း သိရသည်။
ယခုဖမ်းဆီးမှု ဖြစ်စဉ်တွင် ဆင်သတ်ဂိုဏ်းသား ချိုလွင်နှင့်အတူ အရေခွံဆုပ်ပြီး အစွယ်ဖြတ်ထားသည့် ဦးခေါင်းမပါသော အသက် ၄၀ အရွယ်ရှိ ဆင်သေတကောင်၊ ဆင်စွယ် ၄ ချောင်း၊ တူမီးသေနတ် ၂ လက်၊ ခဲသီးဘောစိ ၁၁ လုံး၊ ယမ်းဘူး ၂ ဘူး၊ အရှည် ၁၅ လက်မ ခန့်ရှိသည့် ဓားဦးချွန် ၂ လက်၊ အရှည် ၃ လက်မ ခန့်ရှိ သံမြှား ထိပ်ဖူး၊ ကြပ်တင်ထားသည့် ဆင်အရေပြားများ၊ မီးကင်ထားသောဆင်အသားများ၊ ဆင်အမြီး တချောင်းနှင့် လက်ကိုင်ဖုန်း ၁ လုံး သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“ဆင်သတ်ဂိုဏ်းအဖွဲ့မှာက ဆင်စွယ် ၄ ချောင်း တွေ့ရတဲ့အတွက် သတ်ထားတာ ဆင် ၂ ကောင်လို့ ယူဆရတယ်။ ဒါကတော့ ဆက်လက်စစ်ဆေးမှုတွေ လုပ်ဆောင်ရဦးမှာပါ။ ထွက်ပြေးသူ ၂ ဦး လက်ထဲမှာ လက်နက် မပါပါဘူး။ လူလွတ်ထွက်ပြေးသွားတာပါ။ ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။
ဆင်သတ်မှုနှင့်ပတ်သတ်၍ ဖမ်းဆီးရမိထားသူ ချိုလွင်၊ ထွက်ပြေးသွားသူ ထွန်းလှိုင်နှင့် ဆလိုင်း အောင်နေဦး တို့အား သာပေါင်းမြို့မရဲစခန်းတွင် တောရိုင်းတိရိစ္ဆာန် သဘာဝအပင်များ ထိန်းသိမ်းကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၇ (က) နှင့် တရားမဝင်လက်နက်ကိုင်ဆောင်မှုတို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ဆင်သတ်မုဆိုးများလက်ချက်ဖြင့် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ပုသိမ်၊ ငပုတော၊ သာပေါင်းဒေသတို့မှ တောဆင်ရိုင်း ၁၁ ကောင် သတ်ဖြတ်ခြင်းခံခဲ့ရပြီး တောဆင်ရိုင်းအများစုမှာ အဆိပ်လူးမြှားဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံး စာရင်းများအရ သိရသည်။