အကောက်ခွန်ဦးစီးဌာနက အကောက်ခွန်မဲ့ပစ္စည်းများကို တားဆီး စစ်ဆေး အရေးယူလျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင်လ အတွင်း တားဆီးအရေးယူခဲ့မှု ၂၂၇ မှု ရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာနမှူးရုံးက တားဆီးမှု ၁၃ မှု ပါဝင်ခဲ့ကြောင်း သိရသည်။
တနိုင်ငံလုံး အတိုင်းအတာအရ ဇူလိုင်လအတွင်း အကောက်ခွန်မဲ့ပစ္စည်း ခန့်မှန်းတန်ဖိုး ကျပ် ၂ဝဝ၄ ဒသမ ၃၉ဝ သန်းခန့် သိမ်းဆည်းရမိပြီး မန္တလေးတိုင်း အကောက်ခွန် ဦးစီးဌာနမှူးရုံးက ခန့်မှန်းတန်ဖိုး ကျပ် ၁၉၅ ဒသမ ၄၅၅ သန်းခန့်ရှိ အကောက်ခွန်မဲ့ ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။
“တရားမဝင် ကုန်သွယ်မှုတွေ လျော့နည်းလာမှ နိုင်ငံဘဏ္ဍာ ဝင်ငွေများလာမှာ ဖြစ်ပါတယ်။ အစိုးရက တရားဝင် ခွင့်ပြု ပေးနေပါလျက်နဲ့ အခွန်ရှောင်ချင်ကြလို့ တရားမဝင် ကုန်သွယ်မှုတွေကို ပြုလုပ်နေကြတယ်လို့ ထင်ပါတယ်” ဟု မန္တလေး တိုင်း ဒေသကြီး အကောက်ခွန် ဦးစီးဌာနမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖမ်းဆီးမှုများထဲတွင် ဇူလိုင်လ ၂၉ ရက်နေ့က ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်း တာဝန်ကျ အကောက်ခွန် စစ်ဆေး ရေး အဖွဲ့သည် တရားမဝင် ရှောင်ကွင်းလမ်းများကို စစ်ဆေးစဉ် မန္တလေးမှ ပြင်ဦးလွင်သို့ သွားမည့် Mitsubishi Canter အမျိုးအစားယာဉ်အား ကျောက်ချောကျေးရွာ အထွက်လမ်း၌ ရပ်ထားသည်ကို တွေ့ရှိ၍ စစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် နွား သားရေအိတ်များဖြင့် ဖုံးအုပ် သယ်ဆောင်လာသော တရားဝင် စာရွက်စာတမ်း အထောက်အထား တစုံတရာ တင်ပြနိုင် ခြင်းမရှိသည့် ကျောက်စိမ်းဟု ယူဆရသော ကျောက်တုံးဆိုဒ်စုံ ၂၉၁၀ ကီလိုဂရမ်၊ နွားသားရေ ၂၄၀၀ ကီလိုဂရမ် နှင့် ပစ္စည်းသယ်ဆောင်သည့် ယာဉ်တစီး အပါအဝင် စုစုပေါင်း ခန့်မှန်းခြေ ကျပ် ၆၈ ဒသမ ၆၂ဝ သန်းဖိုး သိမ်းဆည်း ရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
အကောက်ခွန်မဲ့ပစ္စည်းများကို တားဆီး စစ်ဆေးရာတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူ စစ်ဆေးရေးစခန်းနှင့် အကောက်ခွန် နယ်မြေဒေသများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တားဆီးအရေးယူခဲ့မှု ၂၂၇ မှု တွင် မရမ်းချောင် စစ်ဆေးရေးစခန်းမှ တားဆီးမှု ၈၁ မှု (ခန့်မှန်းတန်ဖိုးကျပ် ၃၇၉ ဒသမ ၄၅၂ သန်းခန့်)၊ ရေပူစစ်ဆေးရေး စခန်း မှ တားဆီးမှု ၆၃ မှု (ခန့်မှန်းတန်ဖိုး ကျပ် ၆၉ဝ ဒသမ ၉၁၃ သန်းခန့်)၊ ရန်ကုန် ဆိပ်ကမ်းမှ တားဆီးမှု ၁၃ မှု (ခန့်မှန်း တန်ဖိုး ကျပ် ၃၉၉ ဒသမ ၂၈၃ သန်းခန့်)၊ မန္တလေးတိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာနမှူးရုံးက တားဆီးမှု ၁၃ မှု (ခန့်မှန်း တန်ဖိုး ကျပ် ၁၉၅ ဒသမ ၄၅၅ သန်းခန့်) အစရှိသဖြင့် သိမ်းဆည်းရမိခဲ့ ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။
အကောက်ခွန်မဲ့ပစ္စည်းများ တရားမဝင် ကုန်သွယ်နေခြင်းကြောင့် ပြည်ပ ကုန်သွယ်မှုကဏ္ဍတွင် မြန်မာနှင့်အိမ်နီးချင်း နိုင်ငံများ၏ ကုန်သွယ်မှု မှတ်တမ်းများ၌ ကွာခြားချက်များ ဖြစ်ပေါ်နေရကြောင်းသိရသည်။
မြန်မာ-တရုတ် ကုန်သွယ်မှုတွင် မြန်မာဘက်မှ ကုန်သွယ်မှု ကန်ဒေါ်လာ သန်း ၁၀,၈၉၅ ဟု ဖော်ပြထားသော်လည်း တရုတ်ဘက်၌ ကန်ဒေါ်လာ ၁၄,၇၃၁သန်း၊ မြန်မာ-ထိုင်း ကုန်သွယ်မှုတွင် မြန်မာဘက်မှ ကန်ဒေါ်လာ ၅,၃၀၆ သန်း ဟု ဖော်ပြထားကာ ထိုင်းဘက်တွင် သန်းပေါင်း ၇,၆၆၅၊ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုတွင် မြန်မာဘက်မှ ကန်ဒေါ်လာ ၁,၇၁၁ သန်း ရှိပြီး အိန္ဒိယနိုင်ငံဘက်တွင်မူ ဒေါ်လာ ၁,၈၇၆ သန်း ဖြစ်နေသည်။
တရားမဝင် ကုန်သွယ်ရခြင်း၏ အကြောင်းရင်းများတွင် အခွန်အခများ ကြီးမြင့်ခြင်း ၊ ဥပဒေ နည်းဥပဒေများနှင့် လုပ်ထုံး လုပ်နည်းများ၏ အခန်းကဏ္ဍ ၊ တရားဥပဒေစိုးမိုးမှု ၊ လွတ်လပ်သော ကုန်သွယ်ခွင့် ဇုန်များ၏ အခန်းကဏ္ဍ ၊ ရာဇဝတ်မှုဟု မထင်ကြခြင်း ၊ အင်တာနက်ကြောင့် ကုန်အမှတ်တံဆိပ်များ ကမ္ဘာအနှံ့ကျော်ကြား သိရှိလာကြခြင်း တို့ပါဝင်သည်။
ဆက်လက်ဖတ်ရှုရန် – တရားမဝင် ကုန်သွယ်မှုကို ဝိုင်းဝန်း တိုက်ဖျက်ပါ။