ရခိုင်အရေးကို နိုင်ငံတကာ အသိုင်းအဝိုင်းက သဘောပေါက်၍ နားလည်မှု ရှိစေရန် ကုလသမဂ္ဂ ရုံးစိုက်ရာ နယူးယောက်မြို့တွင် Special Envoy ဟု ခေါ်သည့် အထူးသံတမန်အဖွဲ့တခုကို ထားရှိတော့မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတန်း အတွင်းဝန် ဦးကျော်ဇေယျက သြဂုတ် ၁၄ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အာဆီယံ နှစ် ၅၀ ပြည့် အခမ်းအနားကို တက်ရောက်လာစဉ် ဧရာဝတီကိုပြောသည်။
ဦးကျော်ဇေယျက“ကျနော်တို့လည်း သက်ဆိုင်ရာ ညွှန်ချုပ်တွေနဲ့ တွေ့ပြီးတော့ Idea Exploration တွေပါ လုပ်ပါတယ်။ ကျနော် တို့ရဲ့ ဌာနကလည်း ပြင်ဆင်ထားပါပြီ။ UN မှာ အစည်းအဝေးတွေ ဘယ်တော့ စတော့မလဲဆိုတာ ၂ လ၊ ၃ လလောက် ကြိုသိထား တဲ့အတွက် သေချာ ပြင်ဆင်ပြီးတော့မှ သီးခြား အဖွဲ့တခုကို တာဝန်ပေးဖို့ လုပ်နေပါပြီ”ဟု ပြောသည်။
ရခိုင်အရေးသည် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဦးစီးဌာန တခုတည်း၏ အရေးကိစ္စ မဟုတ်ဘဲ အားလုံးနှင့် သက်ဆိုင်မှု ရှိကြောင်း၊ အားလုံးနှင့် သက်ဆိုင်သည်ဟု သဘောထား၍ အကုန် ဝိုင်းလုပ်မှသာ ပို၍ ထိရောက်မည့် သဘော ရှိကြောင်းလည်း အထက်ပါ အမြဲတန်း အတွင်းဝန်က သုံးသပ်သည်။
၎င်းက “သူ့ဌာနနဲ့ဆိုင်တယ်။ ငါ့ဌာနနဲ့ မဆိုင်ဘူးဆိုပြီး ခွဲနေလို့ မရဘူး။ ဒီကိစ္စမှာ ကျနော်တို့မှာလည်း အခက်အခဲတွေ ရှိတယ်။ ဒါပေမယ့် နားလည်တဲ့သူတွေ စုပြီးတော့ သေချာအောင်မြင်အောင် ကြိုးပမ်းမှာပေါ့။ ကျနော်တို့ နိုင်ငံခြားရေး ဝန်ကြီးဌာန တခုတည်းတင် မဟုတ်ဘဲ တခြား အဖွဲ့အစည်းတွေကလည်း သေသေချာချာ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတာတွေ ရှိပါတယ်”ဟု ရှင်းပြသည်။
ရခိုင်အရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် နိုင်ငံတကာ အဖွဲ့အစည်းများက စွပ်စွဲသည့်အခါမှသာ နောက်မှ လိုက်၍ အဖြစ် အပျက်ထက် နောက်ကျပြီး လိုက်လံဖြေရှင်းနေရကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတခု၏ အခွင့်အရေးကို အသုံးချကာ စုံစမ်းမှု မခံရမီကတည်းက ကိုယ်နိုင်ငံ၏ သဘောထားများနှင့် စွပ်စွဲပြစ်တင်လာနိုင်မည့် ကိစ္စရပ်များကို လက်ဦးမှု ရယူကာ တင်ပြသင့် ကြောင်း ကလောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ဧရာဝတီသို့ ပြောသည်။
ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင်လည်း ဖြစ်သူ ဒေါ်ပြုံးကေသီနိုင်သည် လွှတ်တော်တွင် ရခိုင်းအရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးသည့်အခါတိုင်းတွင် ကုလသမဂ္ဂသို့ မြန်မာ အထူးသံအဖွဲ့ ထားရှိရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့သူ ဖြစ်သည်။
ဒေါ်ပြုံးကေသီနိုင်က “Special Envoy တွေ သွားဖို့ ထောက်ပြရတဲ့ အကြောင်းကတော့ အမြဲတမ်းပဲ ဒါနဲ့ ဆက်စပ်တဲ့ ကိစ္စတွေမှာ ကိုယ့်နိုင်ငံက နေပြီးတော့ ပြန်တုန့်ပြန်ရတာက ခုခံကာကွယ်တဲ့ဘက်ကနေပဲ တုန့်ပြန်နေရတယ်။ တဖက်ကကျတော့ တွင်တွင် ကျယ်ကျယ်ကို နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဝါဒဖြန့်ထားတာက ရှိနှင့်နေပြီးသား”ဟု ပြောသည်။
၎င်းက ဆက်၍ “အဲဒါကို အမီလိုက်နိုင်အောင် ကိုယ့်ဘက်နေစပြီး Engage ပေါ့နော်။ အဲဒီလို နည်းလမ်းတွေကို ရှာဖွေပြီး သုံးစွဲသင့် တယ်။ Special Envoy လိုဟာမျိုးက နိုင်ငံတကာမှာလည်း တင့်တယ်ပြီး တကယ် သံတမန်ရေးရာ ကျွမ်းကျင်တဲ့၊ အများလေးစား ခံရတဲ့ ပုဂ္ဂိုလ်မျိုး တွေကို စေလွှတ်ပြီးတော့ ကိုယ်သိစေချင်တဲ့ အကြောင်းအရာ၊ သိသင့်သိထိုက်တဲ့ အကြောင်းအရာ အဲဒါတွေကို ကုလမှာ တင်ပြပြီးတော့ ကျမတို့မှာ ရှိတဲ့ အခွင့်အရေးတွေကို သုံးစေချင်တယ်”ဟုလည်း ဆိုသည်။
ရခိုင်အရေး အကဲခတ်သူများ၏ အဆိုအရ ငွေကြေးများစွာ အသုံးပြုနိုင်သည့် ကမ္ဘာ့ အစ္စလာမ် အဖွဲ့ချုပ် (OIC)ကြောင့် ရခိုင်အရေးမှာ ကုလသမဂ္ဂတွင် ရှေ့တန်း ရောက်လာရပြီး သတင်းအမှားများနှင့် မြန်မာအစိုးရ၏ နောက်ကျသော အားမကောင်းသော သံတမန် ရေး ဆက်ဆံမှုများကြောင့် ပိုမိုကြီးမားသည့် ကိစ္စတခုအဖြစ် နိုင်ငံတကာက ရှု့မြင်သုံးသပ်ကြကြောင်း ပြောသည်။
ရခိုင်အရေးကို ရေရှည်ပြဿနာ အမြင်ဖြင့် ဖြေရှင်းမည် ဆိုပါက ယင်းဒေသတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင်၊ အလုပ် အ ကိုင် အခွင့်အလမ်းနှင့် အသိပညာများ မြင့်တင်ပေးနိုင်ရန် ကြိုးစားရမည့် အစား ယင်းဒေသကို ပိတ်ဆို့ထားရန် ဆိုသော မူဝါဒ မျိုး ဖြင့် ချဉ်းကပ်သည့်အခါ မြန်မာ အစိုးရ မလိုချင်သည့် ပြောင်းပြန် ရလဒ်မျိုး ဖြစ်နေရကြောင်း လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှု အဖွဲ့မှ ဒါရိုက်တာ ဦးတင်မောင်သန်းက ပြောသည်။
“ဒါကြီးကို ပိတ်ဆို့ထားတဲ့အခါ ပြောင်းပြန်ရလဒ် ရနေတယ်။ ပိုပြီး ဆင်းရဲအောင်၊ ပိုပြီး လူမှုဘဝတွေ နိမ့်ကျအောင်၊ ပိုပြီး အထီးကျန် စေအောင် လုပ်ထားရင် ဘာသာရေးအရ ဟိုဘက်မှာ လူတွေကို ပိုပြီးတော့ စည်းရုံးသွားစေတယ်။ ကိုယ်မလိုချင်တဲ့ ရလဒ်တွေရ အောင် လုပ်သလို ဖြစ်နေတယ်”ဟု ဦးတင်မောင်သန်းက သုံးသပ်သည်။
အစိုးရကမူ ရခိုင်ဒေသရှိ အကြမ်းဖက်မှုနှင့် ဆက်စပ်ဒေသများကို ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် စဉ်းစားနေပြီး အကြမ်း ဖက်မှုများကို တိုက်ဖျက်ရန် တပ်မတော်နှင့် ပူးပေါင်း၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မောင်တောဒေသတွင် အကြမ်းဖက်မှုများ ကြောင့် သြဂုတ်လ ၉ ရက်နေ့အထိ သေဆုံးသူ ၅၉ ဦး၊ ပျောက်ဆုံးသူ ၃၃ ဦးအထိ ရှိလာခဲ့ပြီး မွတ်စလင်များ အသတ်ခံရမှုများမှ နောက်ဆုံးတွင် မြိုတိုင်းရင်းသားများပါ အသတ်ခံနေရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံးက သြဂုတ်လ ၁၁ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။
မြိုတိုင်းရင်းသားများ အသတ်ခံရမှု နောက်ပိုင်းတွင် အကြမ်းဖက်သမားများ ခိုအောင်းနေသည် မေယုတောင်တန်းပေါ်သို့ တပ်မ တော်က ဦးဆောင်ကာ နယ်မြေလုံခြုံရေး တပ်ဖွဲ့များနှင့် အတူ ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေး ဆောင်ရွက်ထားပြီး ရခိုင်ဒေသမှ လာသည့် သတင်းများအရ သိရသည်။
“ရခိုင်အရေးကို ပြဿနာ ဖြေရှင်းပုံ၊ မူဝါဒ ဖြေရှင်းပုံတွေနဲ့ ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်တော့ ရခိုင်အရေးက တော်တော်လေး ပြေလည် မယ်လို့ ပြောနိုင်တယ်။ တော်တော်လေး မဟုတ်ရင်တောင် သက်သာနိုင်တယ်။ ကျနော်တို့ အားလုံးက လိုချင်နေတဲ့ ရလဒ်မျိုးကို ရနိုင်တယ်။ မဘသလို မျိုးချစ်တွေရော လိုချင်တဲ့ ရလဒ်မျိုးထွက်ဖို့ဆိုရင် ပြောင်းပြန်ပြန်လုပ်မှ ရမယ်”ဟု ဦးတင်မောင်သန်းက သုံးသပ်ခဲ့သည်။