ရခိုင်ပြည်နယ် မောင်တောဒေသတွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်ပြဿနာကြောင့် ကျေးရွာသားများ ရှာဖွေစားသောက်ရေး အခက်အခဲဖြစ်နေရာ ပြည်ထောင်စု အစိုးရအဖွဲ့မှ တိုင်းရင်းသားကျေးရွာ ၉၅ ရွာကို ရိက္ခာ ၂ လစာထောက်ပံ့ပေးထားကြောင်း သတင်း ရရှိသည်။
အဆိုပါ တိုင်းရင်းသားကျေးရွာ ၉၅ ရွာရှိ အိမ်ထောင်စု ၄၅၅၃ စုအတွက် ၂ လစာထောက်ပံ့ပေးနေသော စားနပ်ရိက္ခာများမှာ ဆန် ၊ ဆီ ၊ ဆား ၊ ပဲ များ ပါဝင်ပြီး ငွေကျပ် ၃၈၄ ဒသမ ၈၂ သန်း အကုန်ကျခံ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မောင်တောဒေသသို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှဒုတိယ ညွန်ကြားရေးမှူး ဒေါက်တာ အောင်သူရိန်က ပြောသည်။
ဒေါက်တာအောင်သူရိန်က “ စပြီးထောက်ပံ့ပေးနေပါပြီ ။ ကျေးရွာ ၉၅ ပါ။ ရိက္ခာ ၂ လ စာကို တခါတည်းပေးလိုက်မှာ မဟုတ်ဘဲ တပတ်ချင်း ထောက်ပံ့ပေးသွားမှာပါ” ဟုပြောသည်။
အာဏာပိုင်များနှင့် တာဝန်ရှိသူများသည် အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ကိုင်းကြီးကျေးရွာ အပါအဝင် တိုင်းရင်းသား ကျေးရွာများသို့ သွားရောက်တွေ့ဆုံပြီး ဆန် ၊ဆီ ၊ ဆားရိက္ခာနှင့် ရေဒီယို များကိုလည်း သြဂုတ်လ ၁၄ ရက်နေ့က ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ် တောင်ပိုင်း ကိုင်းကြီးကျေးရွာနေ ကိုသန်းမိုးက “ လောလောဆယ်အတွက် ၂ လစာရိက္ခာ ထောက်ပံ့ပေးမယ်လို့ပြောပါတယ်။ ဝန်ကြီးတွေပေးသွားတာက ဆန်၊ ဆီ၊ ဆား ၊ ပဲတွေပေါ့ ။ နောက်လည်း ထပ်ပြီးပေးသွားမယ်လို့ပြောပါတယ်။ လက်ရှိတော့ နိုင်ငံတော်က ချပေးထားတဲ့ လုံခြုံရေးတွေကတော့ ရှိပါတယ်။ ကျနော်တို့ တည်ငြိမ်အေးချမ်းရေးကိုပဲ လိုချင်တယ်။ ” ဟု ဆိုသည်။
လက်ရှိမောင်တောဒေသတွင် လုံခြုံရေး အခြေနေ စိုးရိမ်စရာ မရှိသော်လည်း ရေတို လုံခြုံမှုထက် ထာဝရ တည်ငြိမ်အေးချမ်းမှသာ ဒေသခံတိုင်းရင်းသားများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ပေါ်ထွက်လာမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီမှ မောင်တောမြို့နယ်ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ထောက်ပြသည်။
၎င်းက “ကျနော်တို့ လိုချင်တာက ရေတို ရိက္ခာ ၂ လစာပေးတာထက် မောင်တောဒေသ တည်တည်ငြိမ်ငြိမ်နဲ့ ထာဝရ တည်တံ့ဖို့ပဲ လိုတာပါ။ အဲဒါမှပဲအလုပ်အကိုင်အခွင့် အလမ်းပေါ်လာမယ်။ အခုက တလ၊ နှစ်လမှာတခါ အကြမ်းဖက်မှုတွေ ဖြစ်နေတော့ တည်ငြိမ်မှုမရတဲ့ အခါမှာ ဒေသခံတွေ လုပ်ကိုင်စားသောက်လို့လည်း မရဘူးလေ ။ တည်ငြိမ်မှုကိုပဲ လိုအပ်တယ်။ ” ဟု ပြောသည်။
ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စနှင့် ပတ်သက်၍ သြဂုတ်လ ၉ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ANP ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဦးဆောင်သော အဖွဲ့နှင့် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်တွေ့ဆုံမှု တခု ပြုလုပ်ခဲ့သည်။
ထို့နောက် တပ်မတော် စစ်ကြောင်းများသည် သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းက တပ်မတော်လေယာဉ်များဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာပြီး မေယုတောကြောပေါ်တွင် နယ်မြေရှင်းရေးများကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။