သတင်း

အနိမ့်ဆုံးလုပ်ခလစာနှုန်းထားသစ်ပြောင်းလဲနိုင်ရန် စစ်တမ်းကောက်ယူနေ

အနိမ့်ဆုံး လုပ်ခလစာနှုန်းထားသစ် ပြောင်းလဲ သတ်မှတ်နိုင်ရေးအတွက် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီများမှ ဇူလိုင်လမှ စတင်ကာ စစ်တမ်းများ ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်တမ်းများ ကောက်ပြီးမှသာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ လုပ်ခလစာ နှုန်းထားသစ်ကို ထပ်မံ ဆွေးနွေးရမည် ဖြစ်ကြောင်း အမျိုးသားအဆင့်ကော်မတီဝင် စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က ဧရာဝတီသို့ ပြောသည်။

“အခုက ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက စစ်တမ်းကောက်နေတယ်။ စစ်တမ်းကောက်ပြီးရင် သူတို့ဆီမှာ ဘယ်လောက်ဆိုတာ တက်လာမယ်။ အဲဒီအခါကျမှ အစည်းအဝေးပြန်ထိုင်မယ်။ သူတို့ပြီးတဲ့ပေါ်မှုတည်တာပေါ့ စက်တင်ဘာမှာ ထိုင်နိုင်မယ်ထင်တယ် မပြီးရင်တော့ နိုဝင်ဘာမှာထိုင်နိုင်မှာပေါ့” ဟု၎င်းကပြောသည်။

စစ်တမ်းကောက်ယူမှုများ ပြီးဆုံးပါက ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများ သုံးပွင့်ဆိုင်ဆွေးနွေးပြီး ပြည်နယ်နှင့်တိုင်းအလိုက် အနိမ့်ဆုံး လုပ်ခ၊ လစာ နှုန်းထားများကို အမျိုးသားကော်မတီသို့ တင်ပြရမည်ဖြစ်ကြောင်း အလုပ်ရုံ နှင့် အလုပ်သမား ဥဒေရေးရာ စစ်ဆေးရေး ဦးစီးဌာန မှ သိရသည်။

“သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်တွေက စစ်တမ်းတွေ ကောက်ယူ ဆောင်ရွက်နေပါတယ်။ ကောက်ပြီးရင် သူတို့ဆီက ရောက်လာတဲ့ စစ်တမ်းတွေကို ကြည့်ပြီးတော့မှ ကျနော်တို့ အမျိုးသား ကော်မတီက အစည်းအဝေးတွေ အကြိမ်ကြိမ် လုပ်မယ် လုပ်ပြီးတော့မှ အဆိုပြုနှုန်းထား တရပ်ကို ကြေညာပေးရမယ်” ဟု အမျိုးသားအဆင့်ကော်မတီဝင် ကိုဝင်းဇော် (အလုပ်သမားကိုယ်စားလှယ်) က ပြောသည်။

စစ်တမ်းကောက်ယူရာတွင် ရန်ကုန်မြို့ရှိ စက်မှုဇုန်မြို့နယ်များဖြစ်သည့် မှော်ဘီ၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဒဂုံ အစရှိသည့် မြို့နယ်များရှိ စက်ရုံများတွင် ကောက်ယူလျက်ရှိကြောင်း စစ်တမ်းကောက်ယူရာတွင် ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခ ကြေးငွေသတ်မှတ် ရေးဆိုင်ရာ ကော်မတီဝင် ကိုရဲဝင်းထွန်း (အလုပ်သမား ကိုယ်စားလှယ်) က ပြောသည်။

“အဓိက ကောက်တာတော့ နေထိုင်စားသောက်မှု ကုန်ကျစရိတ်ပေါ့ လူတဦးချင်းရဲ့ ကုန်ကျစရိတ်တွေကို စားဝတ်နေမှုနဲ့ ပတ်သက်တာတွေ ကောက်တာပေါ့။ အဲဒါပြီးရင် မိသားစု တစုချင်းစီပေါ့။ ကုန်ဈေးနှုန်းတွေကိုလည်း သီးသန့်လိုက် ကောက်တဲ့ အပိုင်းတွေလည်း ရှိတယ်” ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်နေ့က စက်ရုံအလုပ်ရုံနှင့် အခြေခံ အလုပ်သမား ၂၀၀၀ ကျော်က အနည်းဆုံး လုပ်ခလစာကို တနေ့လျှင် ၅၆၀၀ ကျပ် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် မတ်လ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။

အနည်းဆုံးအခကြေးငွေ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ် သတ်မှတ်နိုင်ခဲ့ပြီး နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တနာရီလျှင် ၄၅၀ ကျပ်နှုန်းဖြင့် တနေ့ အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ် ထုတ်ပြန်ခဲ့သည်။

Loading