သတင်း

မွန်ပြည်နယ်တွင် အော်တစ်ဇင် ကလေးများအတွက် ပထမဆုံး ကျောင်း ဆောက်လုပ်

Want create site? Find Free WordPress Themes and plugins.

မွန်၊ ကရင် နှင့် တနင်္သာရီ ဒေသများအတွင်းရှိ အထူးပြုစု စောင့်ရှောက်ရန် လိုအပ်နေသော အော်တစ်ဇင်ကလေးများ တက်ရောက် သင်ကြားနိုင်ရန် ကျပ်သိန်း ၂၄၀၀ ကုန်ကျမည့် ကျောင်းတကျောင်းကို ၂၀၁၇ နှစ်ကုန်အမီ အပြီး ဆောက်လုပ်မည် ဖြစ်ကာ မွန်ပြည်နယ်၏ ပထမဆုံး အော်တစ်ဇင်ကျောင်းဖြစ်ကြောင်း ကျောင်းဆောင် ဖြစ်မြောက်ရေး ဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုးကျော်က ပြောသည်။

“အဆောက်အအုံကတော့ လာမယ့် ၁၁လ ပိုင်း အမီ ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ မွန် ၊ ကရင် ၊ တနင်္သာရီ ဒေသက အော်တစ်ဇင်ကလေးတွေ လက်ခံနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီအော်တစ်ဇင် ကျောင်းမျိုးက ရန်ကုန်မှာ ရှိတယ်။ မန္တလေးမှာ ရှိတယ်၊ မော်လမြိုင်မှာတော့ မရှိသေးဘူး” ဟု ဦးအောင်မိုးကျော်က ဆိုသည်။

ယင်းအဆောက်အအုံကို မော်လမြိုင်မြို့ စမ်းကြီးရပ်ကွက်ရှိ လူငယ်သင်တန်းကျောင်းဝင်း အတွင်း ဆောက်လုပ်နေပြီး မပြီးစီးမီမှာပင် ထိုကျောင်းဆောင်ဝင်းအတွင်း၌ ယာယီကျောင်းကို ၂၀၁၇ စက်တင်ဘာလမှ စတင် ဖွင့်လှစ်မည်ဖြစ်ကာ အော်တစ်ဇင် ကျောင်းသား ၁၅ ဦးခန့် တက်ရောက်ရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

အော်တစ်ဇင်ကလေးများသည် ပုံမှန် ကလေးများထက် ပညာသင်ကြားရာတွင် အခက်အခဲ ရှိကြောင်း မွန်ပြည်နယ် လူမှု ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ထိန်လင်းက သြဂုတ်လ ၁၅ ရက်နေ့ ထိုယာယီ အော်တစ်ဇင်ကျောင်း အတွက် လိုအပ် သည့် သင်ထောက်ကူပစ္စည်း ပေးအပ် လှူဒါန်းပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“အော်တစ်ဇင်ကလေးတွေက တခြား ပုံမှန်ကလေးတွေလို ကျောင်းတွေမှာ စာသင်ကြားဖို့ အခက်အခဲရှိတယ်၊ သူတို့ကို ဒီမှာ သင်ကြားပေးပြီးသွားရင် တချို့ အော်တစ်ဇင်ကလေးတွေ ဆိုရင် ပုံမှန် ကလေးတွေလိုပဲ ကျောင်းတွေမှာ ဆက်လက် ပြီး တော့ ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းကို ရရှိသွားမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါကျောင်းကို ရန်ကုန်မြို့ရှိ New Life Foundation က ကမကထ ပြု၍ ပြည်သူလူထုများ၏ အလှူငွေနှင့် စတင် အကောင်အထည် ဖော်ခဲ့ကာ အစိုးရက မြေနေရာ ပံ့ပိုး ကူညီ ပေးခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်နှင့် အနီးအနား မြို့များတွင် အော်တစ်ဇင် ကလေး ၅၀ ကျော် ရှိမည်ဟု ကျောင်းဆောင် ဖြစ်မြောက်ရေး ကော်မ တီက ခန့်မှန်းထားကာ လက်ရှိတွင် အဆိုပါ အထူးပြုစု စောင့်ရှောက်ရန် လိုအပ်သည့် ကလေးများကျောင်း၌ တာဝန် ထမ်း ဆောင်ရန် ဆရာ/ ဆရာမ ၇ ဦးအား ရန်ကုန်၌ ၇ လ တာ သင်တန်း တက်စေခဲ့ပြီး ဖြစ်ကြောင်း အဖွဲ့ ခေါင်းဆောင် မဇာဇာကျော် က ပြောသည်။

“ကလေးတွေက ထူးခြားတယ်၊ တချို့တွေဆို သူတို့ နာမည်တောင် သူတို့ မသိဘူး၊ အဲဒါဆိုတော့ သူတို့ နာမည်လေးတွေ ခေါ်ပေးရတယ်၊ အားလုံးကို သိအောင် သင်ပေးရတယ်၊ ဗျည်းတွေ၊ အက္ခရာတွေ မပြောနဲ့။ ဥပမာ ဆံပင် ၊ ခေါင်း စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကိုတောင် သူတို့ မသိဘူး” ဟု မဇာဇာကျော်က ဆိုသည်။

အော်တစ်ဇင်ကလေးများသည် ပုံမှန်ကလေးများထက် တုံ့ပြန်မှု နှေးကွေးခြင်းနှင့် ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက် ကျခြင်း လက္ခဏာများ ရှိတတ်ပြီး ၃ နှစ် ပြည့်မှသာလျှင် အော်တစ်ဇင်လက္ခဏာ ရှိ၊ မရှိ ဆရာဝန်က မှတ်ချက် ပေးနိုင် ကြောင်း အသက် ၄ နှစ် အရွယ်ရှိ အော်တစ်ဇင်ကျောင်းသား၏ ဖခင် ကိုသိုက်ထွန်းက ပြောသည်။

မွန်ပြည်နယ်၌ အော်တစ်ဇင်အပါအဝင် မသန်စွမ်း ဦးရေ ၁၀၉,၂၉၈ ဦး ရှိကာ မွန်ပြည်နယ် လူဦးရေ ၏ ၅ ဒသမ ၃ ရာခိုင် နှုန်း ရှိပြီး ထိုအထဲတွင် အမြင်အာရုံ မသန်စွမ်း ဦးရေမှာ အမြင့်ဆုံး ဖြစ်ကာ ၆၀၈၅၈ ဦး ရှိကြောင်း၊ သင်ယူ လေ့လာခြင်း၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်ခြင်းဟု သတ်မှတ်ထားသည့် အော်တစ်ဇင် မသန်စွမ်း ဦးရေမှာ ၃၅၇၅၃ ဦး ရှိကြောင်း ၂၀၁၄ ခုနှစ် မွန်ပြည်နယ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မှတ်တမ်း၌ ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading