သတင်း

တပ်မတော်က ဖမ်းဆီးရိုက်နှက်လိုက်သည့် မန်တုံဒေသခံ အသက်အန္တရာယ်စိုးရိမ်ရ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်း မသင်္ကာမှုဖြင့် တပ်မတော်၏ ဖမ်းဆီးရိုက်နှက်ခြင်းကို ခံထားရသည့် အရပ်သား ၆ဦး အနက် တဦးမှာ လားရှိုးဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေကြောင်း သတင်းရရှိသည်။

ရိုက်နှက်ခံထားရသည့် ၆ ဦးမှာ ဦးဇော်ဆိုင်းအောင်၊ ဦးရိန်ဂွန်း၊ ဦးအောင်စိုး၊ နှစ်ခြင်းဘုရား ကျောင်းရှိ စစ်ဘေးရှောင် စခန်းမှ စစ်ရှောင်ဒုက္ခသည် ဦးဂွန်တုံဂမ်၊ လီဆူ စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်ဒု က္ခသည် ဦးဝမ်ဘဲနှင့် ဦးရွှေစံ တို့ ဖြစ်ပြီး လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ရသူမှာ ဦးဇော်ဆိုင်းအောင် ဖြစ်သည်။

ဦးဇော်ဆိုင်းအောင်၏ ဇနီး ဒေါ်နန်းဟိန်းခမ်းက “မနေ့က ထပ်ပြီး ခွဲစိတ်ရတယ်။ ည ၈ နာရီခွဲ ၉နာရီ မှာ သူအရမ်း အသက်ရှုကျပ်လာတယ်။ နေလို့ မရတော့ဘူးဆိုတော့ ဆရာဝန်က အဆုတ် ၂ ဖက်လုံး လေတွေနဲ့ ဖိနေတယ်တဲ့။ အဲဒါနံရိုးကြားမှာ ဖောက်ပြီး ပိုက်တပ်ပြီးလေတွေကို ထုတ်ပေးနေတယ်။ အသက်အန္တရာယ်ရှိတယ်တဲ့” ဟု ပြောသည်။

၎င်းက“အိပ်နေရင်း လုံးဝမထနိုင်တော့ဘူး။ နားတဖက်လည်း သွေးတွေ ထွက်နေတယ်။ ဦးခေါင်းအရေပြားလည်း ရောင်နေတယ်။ သူပြန်လာတော့ အပြင်ဒဏ်ရာမတွေ့ဘူး။ နိုင်လွန်ကြိုးနဲ့ ရိုက်တဲ့ဒဏ်ရာပဲ တွေ့လို့ ကျမက အရေးမကြီးဘူးလို့ ထင်ထားတာ။ မနက်ကျတော့ အိပ်နေရင်း လုံးဝမထနိုင်တော့တာ” ဟု ပြောပြီး ၎င်း၏ အမျိုးသားမှာ အပြစ်မရှိပဲ မတရားရိုက်နှက်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးဇော်ဆိုင်းအောင်ကို သြဂုတ်လ ၁၁ ရက်တွင် ကချင်နှစ်ခြင်းအသင်းတော် (KBC) မှဆရာများနှင့် မိသားစုဝင်များက လားရှိုးဆေးရုံသို့ ပို့လိုက်ကြခြင်း ဖြစ်ပြီး ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့် ဗိုက်အတွင်းမှ ဘေလုံး ကွဲသွားသဖြင့် သြဂုတ် ၁၂ ရက်နေ့က ခွဲထုတ်ထားရကြောင်း၊ လက်ရှိတွင် မိသားစုဝင်များကို မှတ်မိသော်လည်း သတိရလိုက် မရလိုက် ဖြစ်နေပြီး စကားမပြောနိုင်သေးပါဟု မိသားစုဝင်များက ပြောသည်။

ဧရာဝတီက လားရှိုးဆေးရုံမှ ဆရာဝန်များကို ဖုန်းဖြင့် ဆက်သွယ်ရာ တာဝန်ရှိသူ တဦးက လူနာ၏ အခြေအနေမှာ စိုးရိမ်ရကြောင်း၊ အသေးစိတ်ကို မပြောဆိုနိုင်ကြောင်း ရှင်းပြသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၉ ရက် ညနေပိုင်းက ဦးဇော်ဆိုင်းအောင်နှင့် အခြား ၅ ဦး ရှိနေသည့် မန်တုံမြို့၊ လက်ဖက်စက်ရုံဟောင်း သို့ တပ်မတော်၊ တပ်ဖွဲ့ဝင်များက လာရောက် ရှာဖွေရာ လေသေနတ်တလက်နှင့် စကားပြောစက် အဟောင်းတလုံး တွေ့ သဖြင့် ရိုက်နှက် စစ်ဆေးမေးမြန်း ခံရခြင်းဖြစ်သည်ဟု ၎င်းတို့ မိသားစုဝင်များက ပြောသည်။

လေသေနတ်နှင့် စကားပြောစက်အဟောင်း တွေ့ရှိသည့် စက်ရုံမှာ ယခင်က ဦးဇော်ဆိုင်းအောင်နှင့် အစ်မ တော်စပ်သူ ၏ လက်ဖက်အချိုခြောက် စက်ရုံဟောင်း ဖြစ်ပြီး လက်ရှိတွင် ကားဂိုဒေါင်ပြုလုပ်ကာ အစောင့်ဖြင့် ထားကြောင်း၊ ဦးဇော်ဆိုင်းအောင်ကလည်း ဂိုဒေါင်သို့ ၂ ကြိမ်ခန့် သွား၍ ကြည့်ကြောင်း ဒေါ်နန်းဟိန်းခမ်းက ဆိုသည်။

ရိုက်နှက်ဖမ်းဆီးသွားသည်ကို သတင်းကြားသဖြင့် မိသားစုဝင်များက လိုက်ကြရာ တွေ့ခွင့်မပေးပဲ သြဂုတ်လ ၁၀ ရက်၊ ည ၉ နာရီဝန်းကျင်တွင် အိမ်သို့ ပြန်ရောက်လာကြခြင်း ဖြစ်သည်ဟု သိရသည်။

လီဆူစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဂမ်ဘုံက “လီဆူစစ်ရှောင်ဒုက္ခသည် ဦးဝမ်ဘီ နှင့် ဦးရွှေစံတို့က အဲဒီမှာ ဆန်၂ ပြည် ရောင်းမယ် ကြားတယ်။ သွားဝယ်မယ် ဆိုပြီး သွားတာမှာ ရိုက်ခံရတာ။ သူတို့ကတော့ နည်းနည်းပဲ ရိုက်ခံရတော့ အရမ်းမဆိုးဘူး။ ခုတော့ စခန်းမှာပဲ ရှိတယ်။ သက်သာနေပြီ ပြောတယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ဦးဂွန်တုံဂမ်သည်လည်း သေနတ်ဖြင့် ရိုက်နှက်ခံထားရသဖြင့် ဘယ်ဘက်လက်ကျိုးသွား၍ ကျောက်ပတ်တီး စည်းထားရကာ ဖမ်းဆီးခံရစဉ်က ခြေထောက်များတွင် ဖယောင်းတိုင် နှင့် ကော်ဗူးများကို မီးရှို့ အစက်ချ ထား၍ ရသည့် ဒဏ်ရာများ၊ မျက်နှာနှင့် ကျောကုန်းများတွင်လည်း ဖိနပ်ဖြင့် ကန်ခံရ သဖြင့် ဒဏ်ရာများ ရရှိ၍ ဆေးရုံတက်လိုက်ရသော်လည်း လက်ရှိတွင် ဆေးရုံဆင်းကာ လားရှိုးမြို့ရှိ အမျိုးအိမ်တွင် နေထိုင်နေသည်ဟု သိရသည်

ဦးဂွန်တုံဂမ်၏ ချွေးမတော်စပ်သူ ဒေါ်ခေါန်ဆန့်က “ကျမတို့က ဒုက္ခသည်စခန်းမှာ နေတာ ဆန်လည်း မပေးတော့ စားစရာလည်း မရှိတော့ဘူး။ အဖေက လောပန်း ဂိုဒေါင်မှာ ဆန်ရအောင် လခနဲ့ အစောင့်သွားလုပ်တာ။ တပတ်ပဲ ရှိသေးတယ်။ အခုလို အရိုက်ခံရတာပဲ” ဟု ပြောသည်။

ဧရာဝတီက ဦးရိန်ဂွန်းနှင့် ဦးအောင်စိုးကိုမူ ဆက်သွယ်၍ မရသလို တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများကို မေးမြန်းရန် ဖုန်းဖြင့်ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

မန်တုံဒေသခံ တဦးက “ကျနော်တို့က အမြဲအနိုင်ကျင့်ခံံနေရတယ်လို့ပဲ ပြောချင်တယ်။ တကယ်ဆို လေသေနတ် ဆိုတာ တားမြစ်ထားတဲ့ ပစ္စည်းမဟုတ်ပါဘူး။ တိုက်ပွဲဝင်ပစ္စည်းမျိုးမိတာလည်း မဟုတ်ဘူး။ ဥပမာ ရှမ်းပြည်နယ် တခွင်လုံးမှာ ရှမ်းတူမီးဆိုတာတောင် မုဆိုးတွေ အကုန်ကိုင်တယ်။ တိုက်ပွဲသေနတ် မဟုတ်လို့ ကိုင်ပြီး နေရာတိုင်း လျှောက်သွားလို့ ရတယ်။အခုက သက်သက်အနိုင်ကျင့်တာ” ဟု ပြောသည်။

ပလောင်( တအာင်း) အမျိုးသမီးအဖွဲ့အစည်း၊ သုတေသနဌာန တာဝန်ခံ ဒေါ်လွေးချစ်တငန်းက “တိုက်ပွဲဖြစ်တာက လက်နက်ကိုင် အချင်းချင်းကြားမှာ ဖြစ်တာ ဖြစ်လို့ ပြည်သူတွေကို ဓားစာခံ အနေနဲ့ လုပ်တာနှိပ်စက်တာတို့ကတော့ မဖြစ်သင့်ဘူး။ ဘယ်နေရာပဲ ဖြစ်ဖြစ် ပြည်သူတွေက ပေါ်တာတွေ ဖြစ်မယ်။ Torture (နှိပ်စက်) လုပ်ခံရတယ်။ အဲဒါတွေက မဖြစ်သင့်ဘူးလို့ ကျမတို့ မြင်တယ်” ဟု ပြောသည်။

မန်တုံမြို့နယ်အနီးတွင် တပ်မတော်နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အကြား စစ်ရေးတင်းမာမှုများ ရှိသည်ဟု သိရသည်။

သြဂုတ်လ ၄ ရက်၊ မနက်ပိုင်းကလည်း မန်တုံမြို့နှင့် ၃ မိုင်ခန့်ဝေးသည့် နမ္မတူ- မန်တုံံ ကားလမ်းအနီးတွင် တပ်မတော် နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားပြီး ညနေပိုင်းတွင် မြို့အတွင်းသို့ လက်နက်ကြီးများ ကျထားသည်။ တိုက်ပွဲများဖြစ်ပြီး နောက်ပိုင်းတွင် မန်တုံမြို့ အဝင်အထွက်ကို ခေတ္တပိတ်လိုက်ကာ တပ်မတော် တပ်ဖွဲ့ဝင်များက မန်တုံမြို့နယ်အတွင်းရှိ အိမ်များကိုလည်း လိုက်လံစစ်ဆေးမှုများ ပြုလုပ်သည်ဟု ဒေသခံများက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading