တွံတေး-လှိုင်သာယာ ကားလမ်းမှ တိုးဂိတ် တွင် NLD ပါတီမှ ယာဉ်တန်းများဖြတ်သန်းစဉ် တိုးဂိတ်ဝန်ထမ်းဖြစ်သူကို NLD ပါတီမှ လူတဦးက ပါးရိုက်ခဲ့သည့် ဖြစ်စဉ်မှာ မှန်ကန်ကြောင်း ဒလမြို့နယ် NLD ပါတီ အတွင်းရေးမှူး၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးထွန်းရင်က ပြောသည်။
တိုးဂိတ်ဝန်ထမ်း ကိုငြိမ်းချမ်းအောင်ဆိုသူကို ပါးရိုက်ခဲ့သူမှာ ဒလမြို့နယ် NLD ပါတီ အလုပ်အမှုဆောင် ဦးအိအောင် (ခ) ဦးလှထွေးဖြစ်ကြောင်း၊ NLD ကားတန်းကို ပိုက်ဆံမပေးဘဲ ထွက်ပြေးကြောင်း၊ စည်းကမ်း မရှိကြောင်း၊ ပါတီပုံရိပ်ကို ထိခိုက်အောင် အော်ဟစ်ပြောဆိုနေသဖြင့် စကားများရာမှ ပါးရိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ကိုလှထွေး ရိုက်လိုက်တာ ထိသွားတယ်။ ထိသွားလို့လည်း အကုန်ဝိုင်းပြီး တောင်းပန်ကြတယ်။ ဥပဒေကြောင်းအရ အမှု ဖွင့်ချင်ရင်လည်း ဖွင့်ဖို့ ပြောတယ်။ သူတို့ဘက်ကလည်း အကုန် တောင်းပန်တော့ ကျေနပ်တယ် ပြောပြီး ပွေ့ဖက် နှုတ်ဆက်ပြီးတော့ ပြီး သွားပြီ။ အဲဒီမှာ ဆိုင်းဘုတ်တွေနဲ့ ဒလမြို့နယ်က ကားတွေချည်းပဲ”ဟု ဦးထွန်းရင်က ပြောသည်။
၎င်းက ဆက်၍ “ဖေ့ဘုတ်စ်မှာ တက်လာတော့ ကော့မှူးက အမတ်တွေရော၊ လှိုင်သာယာက အမတ်တွေရော စုံနေတာပဲ။ သူတို့နဲ့ ဘာမှလည်း မဆိုင်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ တောင်းပန်ခဲ့တယ်။ နောက်ကျမှ ဒါသက်သက် ပါတီကို သိက္ခာချချင်တာပဲ”ဟု ပြောသည်။
ထိုကြောင့် ပြေလည်အောင် တောင်းပန်၍ တိုးဂိတ် ဝန်ထမ်းများကလည်း ကျေနပ်သည်ဟု ပြောသဖြင့် ကားတန်း ဆက်လက် ထွက်ခွာခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ယင်းပြသနာသည် သြဂုတ် ၁၃ ရက်နေ့က ရန်ကုန်တိုင်း NLD က ဦးဆောင် ကျင်းပသည့် သံဃာ အပါး ၁၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲအတွက် ဒလမြို့နယ် NLD ကလည်း ယာဉ် ၄၀ ခန့်ဖြင့် သွားရောက်ခဲ့ရာ ပန်းလှိုင်တံတားအကျော် ပိုက်ဆံကောက် သည့်ဂိတ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့မှတ်တမ်းတွင် တိုးဂိတ်တွင် ဂိတ်ကြေးမပေးဘဲ မောင်းပြေးသဖြင့် “ကားနံပါတ် 4C-6366 ဂိတ်ကြေးမပေး၊ မောင်းပြေး”ဟု တိုးဂိတ် ဝန်ထမ်း ငြိမ်းချမ်းအောင်မှ အော်ပြောစဉ် ကားတန်းတွင် ပါဝင်လာသူတဦးက ပါးဆင်းရိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ခလောက်ချိုက် နယ်မြေ ရဲစခန်းမှ အရာရှိတဦးက ယင်းကိစ္စသည် ရဲအရေးမပိုင်သည့် အမှုဖြစ်၍ တိုးဂိတ်ဝန်ထမ်း ကိုငြိမ်းချမ်းအောင်တို့ တရားစွဲဆိုနိုင်ရန် ဆေးစာနှင့် ရဲမှတ်ချက်တို့ကို ပြုလုပ်ပေးလိုက်ပြီး ဖြစ်ကြောင်း၊ သို့သော် တရားရုံးသို့ ဦးတိုက်လျှောက်၊ မလျှောက်ကို ကြားသိရခြင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
တွံတေး-လှိုင်သာယာ ကားလမ်းမှ တိုးဂိတ် ဝန်ထမ်းတဦးကို ပါးရိုက်သည်ဟု လူမှုကွန်ရက် စာမျက်နှာများတွင် ပုံများ၊ စာများနှင့်တကွ စွပ်စွဲခံနေရသည့် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းကမူ ၎င်းအနေဖြင့် မည်သူ့ကိုမှ ပါးမရိုက်ခဲ့ဘဲ ယင်းဖြစ်စဉ်ကို လည်း မသိရှိခဲ့ကြောင်း ယမန်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
စွပ်စွဲခံထားရသူ ကော့မှူး ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက “ကျနော် ဘာမှ မသိဘူး။ အဲဒီယာဉ်တန်းမှာလည်း ကျနော် မပါဘူး။ အဲဒီဖြစ်စဉ်မှာလည်း သူတို့ တင်ထားတဲ့ သတင်းအရ နာရီ ကြည့်လိုက်တဲ့အခါမှာ ကျနော်က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဌာနဆိုင်ရာတွေနဲ့ ပြည်ထောင်စု ဘတ်ဂျက်အတွက် အစည်းအဝေး ထိုင်နေတာ။ ကျနော် သိတောင် မသိဘူး”ဟု ပြောသည်။
ထိုသို့ လူမှုကွန်ရက်မျာတွင် လူပြောများလာသဖြင့် NLD ပါတီ လူကြီးများထံ တယ်လီဖုန်းနှင့် ဆက်သွယ် သတင်းပို့ထားရာမှ ယနေ့ တွင် ဖြစ်စဉ် အသေးစိတ်ကို အစီရင်ခံစာရေး၍ တင်ပြထားရကြောင်း သိရသည်။
စွပ်စွဲခံထားရသူ ကော့မှူး ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက လူမှုကွန်ရက်များတွင် သိက္ခာချခဲ့သည့် ဖေ့စ်ဘုတ် အကောင့်များကို စောင့်ကြည့်နေပြီး လွှတ်တော် ကိုယ်စားလှယ်တဦး၏ ဂုဏ်သိက္ခာကို ညိုးနွမ်းအောင် တမင်ကြံရွယ် ဆောင်ရွက်ခြင်း ဖြစ်ရာ NLD ပါတီ လူကြီးများနှင့် တိုင်ပင်ကာ တုန့်ပြန်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောသည်။