သတင်း

စင်ကာပူ အိမ်ရှင်ကို ပိုးသတ်ဆေးခတ်၍ မြန်မာအိမ်အကူ ထောင် ၅ လ ကျ

စင်ကာပူတွင် မြန်မာအိမ်အကူတဦးက အလုပ်ရှင်၏ ယောက္ခမကို ဆန်ပြုတ်ထဲသို့ Dettol ပိုးသတ်ဆေး ရောနှောတိုက်ကျွေးခဲ့သဖြင့် ထောင်ဒဏ် ၅ လချမှတ် ခဲ့ကြောင်း သိရသည်။

အန္တရာယ် ဖြစ်စေနိုင်ကြောင်း သိလျှက်နှင့် ယခုနှစ် ဧပြီလ ၆ ရက်နေ့တွင် အသက် ၆၅ နှစ်အရွယ် မဒမ် Toh Sew Keok သောက်မည့်ခွက်ထဲသို့ Dettol ရောထည့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီးနောက် သြဂုတ်လ ၁၄ ရက်နေ့တွင် အသက် ၂၄ နှစ် အရွယ် မမြတ်သက်ဝေကို ထောင်ဒဏ် ၅ လချမှတ် ခဲ့သည်ဟု စင်ကာပူ သတင်းစာ The Strait Times က ရေးသည်။

အလုပ်ရှင်၏ ယောက္ခမက နေ့စဉ်ဒုက္ခပေးခြင်းကို ခံခဲ့ရသည်ဟု ယူဆရသည့် မြန်မာအိမ်အကူတဦးက အလုပ် ဆက်မလုပ် တော့ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအိမ်မှ ထွက်သွားချင်ခဲ့သည်။ သို့သော်လည်း အိမ်ပြန်ပို့ပေးရန် တောင်းဆိုရမည့် အစား သူက အလုပ်ရှင်၏ ယောက္ခမဖြစ်သူ သောက်မည့် ဆန်ပြုတ်ထဲသို့ Dettol ပိုးသတ်ဆေး ရောနှော ထည့်ခဲ့ကြောင်း စင်ကာပူ ခရိုင်တရား ရုံး တခုတွင် ထွက်ဆိုခဲ့သည်ဟု သတင်းက ဆိုသည်။

အဆိုပါ အိမ်အကူ အမျိုးသမီးသည် စင်ကာပူ အရှေ့ပိုင်း Tampines ရှိ အိမ်တွင် ယခုနှစ် ဇန်နဝါရီလမှ စတင်၍ အလုပ်ဝင်ခဲ့ခြင်း ဖြစ်သည်။ ထိုမနက်က မဒမ် Toh Sew Keok သည် သူသောက်မည့် cereal ကို မီးဖိုတွင်းတွင် ကိုယ်တိုင်ဖျော်ပြီး ခွက်ကို အဖုံး အုပ်ထားခဲ့ကြောင်း၊ ထို့နောက် သူ၏ အသက် ၇လ အရွယ် မြေးဖြစ်သူကို အစာကျွေးရန် သွားခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု သိရသည်။

မဒမ် Toh Sew Keok က ကလေးငယ်ကို အစာကျွေးနေသည့် အချိန်တွင် အိမ်အကူ အမျိုးသမီးက Dettol ခွက်ငယ် တခွက်ကို ယူ၍ မဒမ် Toh Sew Keok သောက်မည့်ထဲသို့ လောင်းထည့်၍ အဖုံးကို ပြန်အုပ်ထားခဲ့ကြောင်း၊ ထို့နောက် မဒမ် Toh Sew Keok က အိမ်အကူအမျိုးသမီးထံ ကလေးကိုပေးခဲ့၍ ပေါင်မုန့် အနည်းငယ် စားရန် မီးဖိုခန်းသို့သွားခဲ့ကြောင်း၊ ခွက်ကို သောက်လိုက်သည့် အချိန်တွင် အရည်များကို ချက်ချင်းထွေးထုတ်လိုက်ပြီး သူ၏ ပါးစပ်ကိုလည်း အကြိမ်ကြိမ် ဆေးကြောပစ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။

ထို့နောက် မဒမ် Toh Sew Keok က သူ၏ ချွေးမဖြစ်သူထံ ဖုန်းခေါ်၍ သူသောက်မည့် cereal ထဲတွင် တစုံတခု ထည့်ထားကြောင်း၊ မဒမ် Toh Sew Keok က အိမ်အကူကို မေးသည့် အခါ ငြင်းဆန်ကြောင်း၊ မမြတ်သက်ဝေ၏ အလုပ်ရှင် ပြန်ရောက်လာသော အခါ CCTV မှတ်တမ်းကို ကြည့်၍ ရဲ အဖွဲ့သို့ အကြောင်းကြားခဲ့ပြီး နောက်ပိုင်းတွင် မမြတ်သက်ဝေက ဝန်ခံ၍ ထိုအိမ်တွင် ဆက်၍ အလုပ်မလုပ်ချင်တော့ကြောင်း ပြောခဲ့သည်ဟု သိရသည်။

မဒမ် Toh Sew Keok အနေဖြင့် ထိခိုက်နာကျင်မှု မရှိခဲ့ကြောင်း သိရသည်။

စစ်ဆေးသည့် အခါ မမြတ်သက်ဝေက သူ့ကို မဒမ် Toh Sew Keok က သူဆက်လက်၍ သည်းမခံနိုင်တော့သည်အထိ နေ့စဉ် နှိပ်စက်ခဲ့ကြောင်း၊ ဆန်ပြုတ်ထဲသို့ Dettol ရောထည့်လိုက်ခြင်းအားဖြင့် အလုပ်ရှင်က သူ့ ကို မြန်မာနိုင်ငံသို ပြန်ပို့လိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း၊ သူ၏ အမှားကို သိရှိကြောင်းနှင့် မမြတ်သက်ဝေက သက် ညှာမှုပေးရန်လည်း တောင်းပန်ခဲ့ကြောင်း သိရသည်။

မမြတ်သက်ဝေအနေဖြင့် ဆယ်နှစ် အထိ ထောင်ဒဏ်နှင့် ဒဏ်ငွေ ချမှတ်ခြင်း ခံရနိုင်သော်လည်း ထောင်ဒဏ် ၅ လချမှတ် ခဲ့သည်။

Loading