ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် မန်ပန် ပြည်သူ့စစ် အဖွဲ့၏ လူသစ် စုဆောင်းနေမှုအား သက်ဆိုင်ရာ တာဝန် ရှိသူများကို စာပို့ တင်ပြထားသော်လည်း ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက ပြော သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်၊ လားရှိုး နှင့် တန့်ယန်း မြို့နယ်များအတွင်းရှိ ကျေးရွာများမှ ဒေသခံများကို လူသစ် စုဆောင်းမှု ပြုလုပ်နေခြင်း ဖြစ်ပြီး ပြည်နယ် လွှတ်တော်နှင့် ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီးများ ထံသို့ စာပို့ တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမြင့်ထူးက ၂၀၁၇ ခုနှစ် ဇွန် ၂၇ ရက်က စာပို့ တိုင်ကြားခဲ့ရာ ယနေ့အချိန်ထိ တစုံတရာ ဖြေရှင်းဆောင်ရွက် ပေးခြင်းမရှိသေးဟု ပြောဆို သည်။
“စာက ပြည်နယ် နယ်လုံဝန်ကြီးကို တင်ထားတယ်။ တလကျော်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပြန်ညွန် ကြားပြီးတော့ ဖြေရှင်းပေးဖို့ တင်ပြထားတယ်လို့ ကျနော့်ဆီကို မိတ္ထူပို့လာတယ်။ တမြန်မနေ့က(သြဂုတ် ၁၄ ရက်) ပြန်စာ ရတယ်။ လွှတ်တော်ကိုလည်း စာပို့ထားတယ်။ အောက်ခြေက လူထု မျက်ရည်မျက်ခွက်နဲ့ တင်ပြ လာလို့ ကျနော်က ဒါကိုတင်ပြတာပါ။ ဒါပေမယ့် အခုထိတော့ ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး။ ဖြေရှင်း ဆောင်ရွက်ပေးနေတာ မရှိသေးဘူး”ဟု ဦးစိုင်းမြင့်ထူးက ပြောသည်။
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် သက်ဆိုင်သော်လည်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ နယ်လုံဝန်ကြီး က လွှဲပြောင်း တင်ပြနေခြင်း အပေါ်ကိုလည်း မေးခွန်း ထုတ်စရာဖြစ်နေသည်ဟု ၎င်းက ဆိုသည်။
မန်ပန် ဌာနေ ပြည်သူ့စစ် အဖွဲ့မှ အမည် မဖော်လိုသူ တာဝန်ရှိသူတဦးကမူ “ဘာမှ မဟုတ်ပါဘူး။ လူသစ် ကောက် တာလည်း လျှောက်ဖွနေတာပါ။ ကျနော်တို့ ဟိုအရင် နှစ်ဟောင်းတွေက ဟာတွေကို လျှောက်ဖွနေ တာ၊ မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ရိုးနေပြီ။ တဖက်အရှိန်အဝါနဲ့ လုပ်နေတာ ဘယ်အထိလုပ်မလဲ၊ ကျနော်တို့ စောင့်ကြည့်နေတာ။ ကျနော်တို့ လူသစ် ကောက်တာ အခုမရှိဘူး”ဟု ပြောသည်။
မန်ပန် ပြည်သူ့စစ်သည် လားရှိုးမြို့နယ်အတွင်း လုံခြုံရေးပိုင်း ဆိုင်ရာကို တာဝန်ယူထားပြီး မိုင်းရယ်မြို့နယ်၊ လားရှိုးမြို့နယ်၊ တန့်ယန်းမြို့နယ်များရှိ ကျေးရွာအုပ်စုများမှ ဒေသခံများကို တရွာကို လူဘယ်နှယောက် ပေးရ မည် ဟုဆိုကာ လူသစ် စုဆောင်းမှုများ ပြုလုပ်နေခြင်းသည် အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း ဒေသခံများနှင့် လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုကြသည်။
“မေလပိုင်းက စတယ်။ အချက်အလက်တွေ လာပေးတယ်၊ တချို့ကမပေးဘူး။ ရနိုင်သလောက် အချက် အလက် တွေ စုပြီးတော့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေဆီ ပြန်တင်ပြတာ မထိရောက်ဘူး။ အမှန်ပဲ လူသစ် စုဆောင်းတာ၊ တချို့က တခါတည်း မဟုတ်တော့ အကြိမ်ပေါင်းများလာတော့ လိုက်ပါသွားရတယ်။ စစ်မှုထမ်းရတာကတော့ သေချာတယ်။ လူဘယ်နှယောက် ပေးရတယ်ဆိုတာတော့ အတိအကျမသိဘူး”ဟု လားရှိုးမြို့နယ် နမ့်ပေါင် တိုက်နယ်မှ ဒေသခံတဦးက ပြောသည်။
မန်ပန် ပြည်သူ့စစ်သည် ၂၀၁၇ ခုနှစ် ဇွန် ၁၁ ရက်က တကြိမ်၊ ၂၉ ရက်တွင် တကြိမ် စာပို့ကာ မိုင်းရယ်၊ တန့်ယန်း၊ လားရှိုး စသည့် မြို့နယ်များအတွင်း လူသစ်ကောက်ခံမှု ဖြတ်ပိုင်းများ ပေးပို့ကာ လူသစ်စုဆောင်းမှု များ ပြုလုပ်နေကြောင်း ဒေသခံများနှင့် လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ရှမ်း ပြည်နယ် အမှတ် ၃ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလျှန်ခမ်း ကလည်း “သူက လူကောက်နေတာ ကြာပြီ၊ အခုမှ မဟုတ်ဘူး။ ပြီးခဲ့တဲ့ လတွေတုန်းကဆိုရင် မိုင်းရယ်၊ တန့်ယန်း၊ လားရှိုး ဒီမြို့နယ်တွေထဲက ကျေးရွာတွေမှာ ဘယ်ရွာက ဘယ်နှယောက်ပေးရမယ် ဆိုတာမျိုး တောင်းတယ်။ ခေါင်တဲ့ ကျေးရွာကလူတွေက ကြောက်ပြီးတော့ ပို့ပေးတယ်။ တချို့ကျေးရွာက လူတွေကတော့ မပို့ဘူး၊ ဒီ အတိုင်း နေကြတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရကို တိုင်ထားတယ်။ စာပို့ထား တယ်။ အခုထိတော့ သူတို့ကလည်း ဘာမှ အကြောင်းမပြန်သေးဘူး၊ ဖြေရှင်းပေးနိုင်တာ မရှိသေးဘူး”ဟု ပြော သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်အတွင်း တင်ပြနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ရှမ်းပြည် နယ် အတွင်းရှိ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံတင်ပြထားရာ တပ်မတော်ဘက်က ဖြေရှင်း ပေးမည်ဖြစ်ကြောင်း ပြန်ပြောခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
မိုင်းရယ်မြို့နယ် မန်ပုံကျေးရွာမှ ဒေသခံတဦးက “ဒီဘက်မှာတော့ မကြားမိဘူး။ မန်ပန်ပြည်သူ့စစ်က လားရှိုး နားမှာရှိတာ။ မိုင်းရယ်မှာတော့ လူသစ်စုတယ်ဆိုပြီး မကြားမိသေးဘူး။ တခြားတော့ မသိဘူး”ဟု ပြောသည်။
မန်ပန် ပြည်သူ့စစ်သည် ယခင်က ဘိန်းဘုရင် ခွန်ဆာ၏ MTA အဖွဲ့ဝင်ဖြစ်ပြီး MTA လက်နက်ချပြီးနောက် ပြည်သူ့စစ် အဖြစ် အသွင်ပြောင်းကာ တပ်မတော်၏ ကွက်ကဲမှုအောက်သို့ ရောက်ရှိလာခဲ့သော လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၏ အခန်း(၇) ပုဒ်မ ၃၃၈ တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကွဲမှုအောက်တွင် ရှိရမည်၊ ပုဒ်မ ၃၄၀ ၌ တပ်မတော်သည် အမျိုးသား ကာ ကွယ် ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူ တရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်ဟု ပါရှိသည်။
ထို့အပြင် တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်ရမည်၊ အခန်း(၈) ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေ ပြဌာန်းချက်များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေး အတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟုလည်း ပြဌာန်းထားသည်။