ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ မေယုတောင်တန်းပေါ်တွင် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ဆောင်ရွက်မည်ဖြစ်သောကြောင့် ကျေးရွာသားများ မေယုတောင်တန်းဒေသသို့ ဝင်ရောက်ခြင်းမပြုရန် မြန်မာ့တပ်မတော်က နှုတ်အားဖြင့် အမိန့်ပေးထားကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးတဦးက ဧရာဝတီသို့ ပြောသည်။
မလိုအပ်သော ထိခိုက်သေကြေပျက်စီးမှုများ မရှိစေရေး ယင်းသို့ ညွှန်ကြားထားခြင်းဖြစ်ကြောင်း အမည်မဖေါ် လိုသော အဆိုပါ ရဲအရာရှိကပြောသည်။
လုံခြုံရေးတပ်ဖွဲ့များသည် မွတ်ဆလင်စစ်သွေးကြွဟု သံသယရှိသူများကို ရှာဖွေရန် အလားတူ စစ်ဆင်ရေးများကို ဆောင်ရွက်နေသည်မှာ လအတန်ကြာပြီဖြစ်သည်။ ရာနှင့်ချီသော တပ်မတော်သားများသည် လေယာဉ်နှစ်စင်းဖြင့် စစ်တွေလေဆိပ်သို့ ပြီးခဲ့သည့်အပတ်က ထပ်မံရောက်လာကြပြီး နောက်တနေ့တွင် မောင်တောသို့ခရီးဆက်ကြသည်။
မောင်တောမြို့နယ်တွင် ချမှတ်ထားပြီးဖြစ်သော ညမထွက်ရအမိန့်ကိုလည်း လွန်ခဲ့သောရက်သတ္တပါတ်က ထပ်မံ သက်တမ်းတိုးလိုက်သည်။
ပြီးခဲ့သည့် အပါတ်က နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရခိုင် အမျိုးသားပါတီ – ANP မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပြီးနောက် အထက်ပါနှုတ်မိန့်နှင့် ပတ်သက်သော သတင်းများ ပေါ်ထွက်လာခြင်းဖြစ်သည်။
သြဂုတ်လ ၃ ရက်နေ့တွင် ကိုင်ကြီးကျေးရွာမှ ရွာသား၈ ဦးမှာ မွတ်စလင်စစ်သွေးကြွများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး နောက် မောင်တောမြို့နယ်ရှိ ရခိုင်ကျေးရွာများတွင် တပ်ဖွဲ့များတိုးချဲ့ ချထားပေးရန် ရခိုင်အမျိုးသားရေးပါတီ ကိုယ်စားလှယ်များက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
စစ်ဆင်ရေးကို တပ်မတော်အရာရှိများကသာ တိုက်ရိုက်ကိုင်တွယ် လုပ်ဆောင်နေသောကြောင့် လက်ရှိပြုလုပ်နေသော စစ်ဆင်ရေးအတွက် အချိန်ကာလ ကန့်သတ်ချက်ကို အထက်ပါရဲမှူးက ဧရာဝတီသို့ အတည်ပြုပြောကြားနိုင်ခြင်း မရှိခဲ့ပေ။ အသေးစိတ်ကို ဧရာဝတီ သတင်းဌာနသည် မောင်တောခရိုင်အုပ်ချုပ်ရေးအရာရှိများကို အကြိမ်ကြိမ် ဖုန်းဖြင့်ဆက် သွယ်ခဲ့သော်လည်း ရုံးဖုန်းများကို ပြန်လည်ဖြေကြားခြင်း မရှိပါ။
ထိုဒေသတွင် တပ်မတော်က နှုတ်မိန့်ကို ထုတ်ပြန်ထားသည်ဆိုသော်လည်း တရားဝင်ထုတ်ပြန် ကြေညာခြင်းမရှိကြောင်း ဘူးသီးတောင်မြို့နယ် ရဲစခန်းမှူး ရဲအုပ်ကျော်ခိုင်က ပြောသည်။
“ကျနော်သိသလောက်ကတော့ မေယုတောင်တန်းနားက တိုင်းရင်းသားကျေးရွာတွေမှာ တပ်မတော်တပ်ဖွဲ့တွေကို ချထား တာပါပဲ” ဟု သူက ရခိုင်ကျေးရွာများကို ရည်ညွှန်းပြောဆိုသည်။
ရသေ့တောင်မြို့နယ် စေတီပြင်ရွာသား ကိုမောင်စိုးဝင်းက ဗုဒ္ဓဘာသာဒေသခံများကိုသာမက မွတ်ဆလင်ဒေသခံများကိုပါ မေယုတောင်တန်းပေါ်သို့ ဟင်းသီးဟင်းရွက်ရှာခြင်း မပြုကြရန် တပ်မတော်အရာရှိများက ညွှန်ကြားထားကြောင်း ပြောသည်။ ဒေသခံရခိုင်များမှာ တောထဲသွားရောက်ရန်သာမက မွတ်ဆလင်ရွာများအနီး တည်ရှိသော ၎င်းတို့ပိုင်ဆိုင်သည့် လယ်ကွင်းများသို့ပင် မသွားရဲဘဲ အသိုင်းအဝန်းနှစ်ခုအကြား ယုံကြည်မှုကင်းမဲ့နေခြင်းကိုလည်း ရှင်းပြသည်။
စေတီပြင်ကျေးရွာမှ မွတ်စလင်ရွာသား ဇော်ဟီတာရာက ၎င်းတို့ရွာတွင် ညမထွက်ရ အမိန့်ကိုထုတ်ပြန်ထားကြောင်း၊ ညဘက်တွင် ပြင်ပသွားလာခြင်း၊ လူ ၅ ဦးနှင့်အထက် ပိုမိုပြီး အများပြည်သူဆိုင်ရာနေရာများတွင် စုဝေးခြင်းတို့ကို တားမြစ်ထားကြောင်း ပြောသည်။ မေယုတောင်တန်းပေါ်တွင် တပ်မတော် တပ်ရင်း ၅ ခု ဝန်းကျင် ချထားသည် ဟုလည်း သူက ဆိုသည်။
“မတည်ငြိမ်တဲ့ဒေသမှာ တရားဥပဒေဆိုးမိုးရေး ဆောင်ရွက်တာ ကောင်းပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေအနေနဲ့ ရွာသား တွေရဲ့နေ့စဉ် စားဝတ်နေရေး အခက်အခဲတွေကိုလည်းပဲ ထည့်သွင်းစဉ်းစားသင့်ပါတယ်” ဟု သူက ဧရာဝတီသို့ပြောသည်။
လွန်ခဲ့သောအပတ်က လူ ၆ ယောက်ကို ဖမ်းဆီးရန် သွားရောက်သော လုံခြုံရေးတပ်ဖွဲ့များကို အောက်နန်းကျေးရွာမှ မွတ်ဆလင်ဒေသခံများက ဝိုင်းဝန်းတိုက်ခိုက်ပြီးနောက် အနီးရှိ စေတီပြင်ကျေးရွာတွင် မွတ်ဆလင်ရပ်ကွက်များနှင့် ဗုဒ္ဓဘာသာရပ်ကွက်များကြား သံဆူးကြိုးဖြင့်ခြားထားပြီး ရွာအဝင်လမ်းများကို ပိတ်ဆို့ထားကြောင်း ဇော်ဟီတာရာက ပြောသည်။
ရွာရှိ ဈေးမှာ ရခိုင်ဗုဒ္ဓဘာသာများ ရပ်ကွက်ဘက်အခြမ်းတွင် တည်ရှိသောကြောင့် လွန်ခဲ့သောအပတ်ကစပြီး မွတ်ဆလင်များမှာ ဈေးရောင်း ဈေးဝယ် ဆောင်ရွက်နိုင်ခြင်း မရှိတော့ကြောင်း သူက ဆက်လက်ရှင်းပြသည်။
“ဆင်းရဲတဲ့သူတချို့ တော်တော့်ကို အခက်တွေ့နေတယ်’ ဟု ဇော်ဟီတာရာ ကပြောသည်။
ရခိုင်အမျိုးသားပါတီ မောင်တောမြို့နယ် ဥက္ကဌ ဦးခင်မောင်သန်းက ကိုင်းကြီးရွာသားများသည် ၎င်းတို့၏ ရွာသား ၈ ယောက် အသတ်ခံရ၍ လာမည့်ဆောင်းရာသီ စပါးရိတ်သိမ်းပြီးချိန်တွင် မောင်တောရှိ နီးစပ်ရာ ရခိုင်ရွာကြီးများအနီးသို့ ရွာလုံးကျွတ် ပြောင်းရွှေ့ပေးရန် တောင်းဆိုနေကြကြောင်း ပြောသည်။
ပြည်နယ်အာဏာပိုင်များသည် တနင်္လာနေ့က ကိုင်ကြီးကျေးရွာသို့ သွားရောက်ခဲ့ပြီး ရွာသားများပြောင်းရွှေ့ခြင်း မပြုကြရန် ပြောကြားခဲ့ကြောင်း၊ လုံခြုံရေး အကာအကွယ်များ၊ စာသင်ကျောင်း၊ လမ်းနှင့် ဆိုလာပြားများ ထောက်ပံ့ပေးရန် ကတိပေးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားပြီး Narinjara သတင်းဌာနက ဖော်ပြထားသည်။
လတ်တလောတွင် ကိုင်ကြီးကျေးရွာမှ လယ်သမားများသည် လုံခြုံရေးအစောင့်အရှောက်ဖြင့် စပါးစိုက်နေရကြောင်း ဦးခင်မောင်သန်းက ဧရာဝတီသို့ ပြောဆိုသည်။