ရခိုင်ပြည်နယ်တွင် ပြည်သူ့စစ်များ ဖွဲ့စည်းမည်ဟု သတင်းများ ထွက်ပေါ်နေခြင်း၊ ပြည်သူ့စစ် ဖွဲ့စည်းရေး ပြောဆိုနေခြင်းများသည် အစိုးရ၏ မူဝါဒ သဘောထား မဟုတ်ဘဲ ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရ တာဝန် စယူချိန်ကတည်းက ရခိုင်တွင် ပြည်သူ့စစ် ဖွဲ့ စည်းရန် မရှိကြောင်း ပြောထားပြီး ဖြစ်သည်ဟု သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
“အကြမ်းဖက် နှိမ်နင်းရေးနှင့် ဒေသခံ ပြည်သူလူထု လုံခြုံရေး အထူးအလေးထား ဆောင်ရွက်နေပါတယ်။ ပြည်သူ့စစ် ဖွဲ့စည်းရေး ပြောဆိုနေခြင်းများနှင့် ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒ မဟုတ်ဘူးဆိုတာ ပြောလိုပါတယ်”ဟု ဦးဇော်ဌေးက ဧရာဝတီသို့ ပြောသည်။
ရခိုင်မြောက်ပိုင်း မောင်တောဒေသကို ကာကွယ်ရန် ရခိုင်တိုင်းရင်းသားများကို ပြည်သူ့စစ်ပုံစံ စစ်သင်တန်းပေးခြင်း၊ လက်နက်များ တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးရန် စီစဉ်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ စစ်တွေမြို့နယ် ဥက္ကဌ ဦးစံရွှေကျော်၏ မီဒီယာ တချို့သို့ ပြောဆိုချက်ကို သမ္မတရုံးက အထက်ပါအတိုင်း ပြန်လည် ရှင်းလင်းခြင်း ဖြစ်သည်။
ရခိုင်ပြည်သူများကို လက်နက် တပ်ဆင်ပေးမည် မဟုတ်ဘဲ ယင်းဒေသတွင် အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့် လုပ်ဆောင်လာခြင်း အပေါ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော်တို့ ညှိနှိုင်းပြီး တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ ပူးပေါင်း၍ မေယု တောင် စိုးမိုးရေး စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ လုပ်ဆောင်နေပြီ ဖြစ်ကြောင်းလည်း သမ္မတရုံးက ပြောသည်။
စစ်တွေမြို့နယ် NLD ဥက္ကဌ၏ ပြောဆိုချက်များသည် ၎င်းတဦးတည်း၏ သဘောဆန္ဒသာ ဖြစ်ပြီး ပါတီ၏ သဘောထား မဟုတ် ကြောင်း၊ ပါတီနှင့်လည်း တိုက်ရိုက် သက်ဆိုင်ခြင်း မရှိကြောင်း စစ်တွေခရိုင် NLD ဥက္ကဋ္ဌ ဦးသင်္ခါကျော်က ဧရာဝတီသို့ ပြောသည်။
“ပြည်နယ်မှာ ပါတီကိစ္စကို တကယ် ပြောဆိုခွင့်ရှိတာက ပြည်နယ် ဥက္ကဌ၊ ကျနော်နဲ့ နောက်တယောက်ပါ။ ပြောစရာ ရှိရင် အဲဒီ ၃ ဦး ဆုံပြီး ရှင်းပါတယ်။ သူက ပြောဆိုခွင့် မရှိပါဘူး။ မီဒီယာတွေမှာ ပါလာမှပဲ ကျနော်တို့လည်း သိတယ်။ အဲဒါ သူတယောက် တည်းရဲ့ သဘောထားပါ”ဟု ၎င်းက ပြောသည်။
သြဂုတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ်ရှိ မြို့ကြီး ၁၅ ခုတွင် ပြည်နယ် လုံခြုံရေးကို အစိုးရက တာဝန်ယူရန်၊ ပြည်သူ့စစ် အဖွဲ့များ ဖွဲ့စည်းပေးရန် အပါအဝင် အချက်များစွာကို ရခိုင်တိုင်းရင်းသားများက တပြိုင်တည်း ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ ပြုလုပ်ခဲ့ ကြသည်။
အထက်ပါကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်နယ် အစိုးရ၏ သဘောထားကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်ထံသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်း မရှိ၍ ဆက်သွယ်၍ မရပါ။
ရခိုင်ပြည်နယ်တွင် နေရာ အများဆုံး အနိုင်ရထားသည့် ရခိုင် အမျိုးသား ပါတီ (ANP) ကမူ ပြည်သူ့စစ်ပုံစံဖြင့် လက်နက် တပ်ဆင် လိုကြောင်း တိုင်းရင်းသားများတွင် ဆန္ဒရှိသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ တင်ပြခဲ့သော်လည်း ပြန်လည်၍ သဘော ထားပေးခြင်း မရှိကြောင်း တပ်ချုပ်နှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သူများက ဧရာဝတီသို့ ပြောဆိုသည်။