ယခင် အစိုးရလက်ထက်တွင် ဒေသခံလူထုနှင့် အရပ်ဘက် အဖွဲ့အစည်းများ၏ ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားသော ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပကြဲဒေသရှိ ဘိလပ်မြေစက်ရုံစီမံကိန်း ပြန်လည်စတင်ရန် ဆောင်ရွက်နေခြင်းကို ကန့် ကွက်ကြောင်း ကယားအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော်က သြဂုတ် ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စီမံကိန်း လုပ်ပိုင်ခွင့်ရထားသည့် ညီညာစွမ်းအား လုပ်ငန်းစု ကုမ္ပဏီလီမိတက် (SPG – Square Power Group Company Limited) က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)နှင့် ပြည်နယ်အစိုးရအဆက်ဆက် ခွင့်ပြုချက်ရရှိသဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သြဂုတ်လ ၁၅ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရား ဝင် ပြောဆိုပြီးနောက် ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“အရင်အစိုးရလက်ထက်မှာကတည်းက ကန့်ကွက်တဲ့အတွက် ဆိုင်းငံ့ထားတဲ့ စီမံကိန်းဖြစ်တယ်။ လက်ရှိမှာလည်း ဒေသခံ လူထု တော်တော်များများက လက်မခံတဲ့အနေအထားမှာ အစိုးရက ခွင့်ပြုသလိုနဲ့ လုပ်ကိုင် ဆောင်ရွက်လာတယ်။ လုပ်တဲ့ အခါမှာ လူထုတွေ့ဆုံမှုတွေ စီမံကိန်းလိုက်နာရမယ့် EIA, SIA တွေ ဘာမှစနစ်တကျ လုပ်ထားခြင်းမရှိတဲ့အတွက် ကန့်ကွက်ရခြင်း ဖြစ်ပါတယ်” ဟု ကန့်ကွက်စာ ထုတ်ပြန်ရာတွင် ပါဝင်သည့် LAIN နည်းပညာ အထောက်အကူပြု အဖွဲ့မှ ဒါရိုက်တာ ကိုကျော်ထင်အောင်က ဧရာဝတီကို ပြောသည်။
ယခုစီမံကိန်းသည် မြို့နှင့် အလွန်နီးကပ်သည့်အတွက် စက်ရုံမှထွက်လာမည့် မီးခိုးငွေ့များကြောင့် သဘာဝ ပတ်ဝန်း ကျင်ကို သာမက ဒေသခံလူထုကိုပါ များစွာ ထိခိုက်နိုင်ကြောင်း၊ စီမံကိန်းအတွက် မြေယာသိမ်းယူစဉ်က မြေသိမ်း အက် ဥပဒေနှင့် မညီသည်များ ရှိကြောင်း၊ ပြည်နယ်အစိုးရနှင့် ကုမ္ပဏီအနေဖြင့် ဒေသခံလူထုအားလုံး၏ သဘောထားကို မေးမြန်းပြီး ကန့်ကွက်သည်ဆိုပါက လုံးဝ ရပ်ဆိုင်းသင့်ကြောင်း ၎င်းက ရှင်းပြသည်။
ကန့်ကွက်စာ ထုတ်ပြန်သည့် အဖွဲ့အစည်းများတွင် ကယားပြည်နယ်အခြေစိုက် MATA, Karenni Human Rights Group, Kayan National Party, Women for Women Foundation, Metta Foundation, Karenni State Farmers Union အဖွဲ့အစည်းများ အပါအဝင် အဖွဲ့ပေါင်း ၂၀ ကျော် ပါဝင်ပြီး ထပ်မံ ပူးပေါင်းပါဝင်မည့် အဖွဲ့အစည်းများရှိကြောင်း သိရသည်။
“စက်ရုံတိုင်းကို ကျနော်တို့ လိုက်ကန့်ကွက်နေတာ မဟုတ်ပါဘူး။ စီမံကိန်းကို တကယ်လုပ်ချင်ရင် မြို့နဲ့ရွာနဲ့ ဝေးတဲ့ နေရာ မှာ လုပ်။ အခုက မြို့နဲ့ တမိုင်ကျော်ကျော်လောက်ပဲ ဝေးနေတာ။ ဘိလပ်မြေစက်ရုံရဲ့ ဆိုးကျိုးဟာ ၁၅ မိုင် ပတ်လည်ထိ ရိုက်ခတ်နိုင်တယ်ဆိုတာကို နိုင်ငံတကာက သုတေသနပြု ထုတ်ထားတဲ့ စာတမ်းတွေ ရှိတယ်။ ဒါကိုစိုးရိမ်တာပါ ” ဟု Myanmar Alliance for Transparency and Accountability – MATA (Kayah State)မှ အန်းဂျလိုပြန်က ပြောသည်။
တနေ့လျှင် တန် ၄၀၀၀ ကျ ဘိလပ်မြေစက်ရုံ စီမံကိန်းအတွက် ပကြဲ၊ တောင်သုံးလုံးဒေသတွင် စက်ရုံတည်ဆောက်ရန် မြေဧက ၉၈ ဒသမ ၀၉ နှင့် ထုံးကျောက်ထုတ်လုပ်ရန် မြေဧက ၂၉၁ ဒသမ ၈၀ သတ်မှတ် လျာထားကြောင်း ၊ ယင်းနေရာ ရှိ တောင်သူများ၏ တောင်ယာမြေများအတွက်လည်း လျော်ကြေးနှင့် ရွှေ့ပြောင်းစရိတ်များကို ၂၀၁၃ ဒီဇင်ဘာ ၁၇ ရက်နေ့က အပြီးပေးအပ်ခဲ့ပြီးဖြစ်ကြောင်း SPG ကုမ္ပဏီက ဆိုသည်။
ထို့ပြင် ဘိလပ်မြေစက်ရုံ စီမံကိန်းကို ၂၀၁၁ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကယားပြည်နယ်အစိုးရက လုပ်ငန်း ဆောင်ရွက်ခွင့် ပြုခဲ့သလို ချိုကယ်ကျေးရွာအုပ် ၁၀ စုမှလည်း ထောက်ခံမဲ ၅၀၄ မဲ၊ ကန့်ကွက်မဲ ၁၉၂ မဲဖြင့် သဘောတူ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုကျော်ထင်အောင်က “တကယ်လို့ ကုမ္ပဏီဘက်ကလည်း မရပ်ဘဲ ရှေ့ဆက်တိုးမယ်။ ပြည်နယ်အစိုးရကလည်း လျစ်လျူရှုပြီး သဘောတူ ခွင့်ပြုမယ်ဆိုရင် ကျနော်တို့က ဒီအပေါ်မှာ စနစ်တကျ လူထုသဘောထားတွေ ကောက်ခံပြီး တော့ လုံးဝရပ်ဆိုင်းအောင်အထိ ဆက်ပြီးတော့ လုပ်ဆောင်သွားပါမယ်” ဟု ပြောသည်။
အရပ်ဘက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ပြည်နယ်အစိုးရအနေဖြင့် ယခုစီမံကိန်းကို ယာယီဆိုင်းငံ့ရန်နှင့် လူထု သဘောထားများကို ပြန်လည်ရယူရန် တိုက်တွန်းထားသည်။