ဂျာမနီနိုင်ငံတွင် လည်ပတ်နေသည့် အမေရိကန် ကမ္ဘာလှည့်ခရီးသည်တဦးသည် Dresden မြို့ ကဖေးဆိုင်တခုပြင်ပတွင် နာဇီပုံစံအလေးပြုခဲ့သောကြောင့် လမ်းသွားလမ်းလာတဦး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
ထိုသူသည် စနေနေ့ နံနက် ၈နာရီ ၁၅ မိနစ်ခန့်တွင် Dresden မြို့ Neustadt ခရိုင်မှ Europe အမည်ရှိ ကဖေးဆိုင်မှထွက်လာပြီးနောက် အထက်ပါဖြစ်ရပ်ဖြစ်ပွားသည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ ထိုခရိုင်သည် မြို့၏ လစ်ဘရယ်ဆန်သူမျာနေထိုင်ရာအပိုင်းဖြစ်ပြီး ကျောင်းသားမျာတွေ့ဆုံလေ့ရှိသောနေရာလည်းဖြစ်သည်။
အမေရိကန် ကမ္ဘာလှည့်ခရီးသည်သည် အသက်၄၁ နှစ်ရှိ အမူးလွန်နေသည်ဟု ရဲတပ်ဖွဲ့၏အဆိုအရ သိရသည်။ ထိုသူသည် အသေးစား ထိခိုက်မှုသာ ခံစားခဲ့ရပြီး သူ့ကို ရိုက်နှက်သူ လူစိမ်းသည် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ရဲကဆိုသည်။
ထိုအမေရိကန်နိုင်ငံသားသည် နာဇီသင်္ကေတများ အသုံးပြုခြင်းကို တားမြစ်ထားသော ဂျာမန် ဥပဒေကို ဖောက်ဖျက်သောကြောင့် သူ့ကို စုံစမ်းစစ်ဆေးမှု လုပ်နေကြောင်းနှင့် ရိုက်နှက်သူကိုလည်း ရှာဖွေနေသည်ဟု AP သတင်းအရ သိရသည်။
ညာဘက်လက်ကို ရှေ့သို့ ဆန့်တန်းပြီး တတောင်ဆစ်ကို အနည်းငယ်မြှင့်ကာ လက်ဝါးအောက်ချထားသည့် နာဇီပုံစံအလေးပြုခြင်းကို နာဇီဂျာမနီခေါင်းဆောင် ဟစ်တလာကို အလေးပြုခြင်းအဖြစ် နာဇီကာလတွင် အသုံးပြုကြသည်။ ထိုပြစ်မှုကို ကျူးလွန်ပါက ဂျာမနီတွင် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သော်လည်း များသောအားဖြင့် တရားရုံးများက ဒဏ်ငွေသာ ချမှတ်လေ့ရှိသည်။
တရုတ်လူမျိုး ကမ္ဘာလှည့်ခရီးသည် ၂ ဦးတို့သည် ဘာလင်တွင် လွန်ခဲ့သောအပါတ်က လွှတ်တော်အဆောက်အအုံဟောင်းဖြစ်သည့် Reichstag ပြင်ပတွင် နာဇီပုံစံ အလေးပြုသောကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၎င်းတို့နှစ်ဦးကို ဒဏ်ငွေ ဒေါ်လာ ၆၀၀ နီးပါးစီချမှတ်ပြီး ၎င်းတို့၏ ခရီးသွားအုပ်စုနှင့် အတူ နိုင်ငံမှ ပြန်လည်ထွက်ခွာခွင့်ပေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ကြေညာသည်။ ၂၀၁၁ ခုနှစ်ကလည်း ကနေဒါ ကမ္ဘာလှည့်ခရီးသည်တဦးသည် Reichstag ပြင်ပတွင် နာဇီပုံစံအလေးပြုသောကြောင့် အဖမ်းခံခဲ့ရသည်။ ထိုသူသည်လည်း ဒဏ်ငွေချမှတ်ခြင်း ခံခဲ့ရသည်။
ဥရောပတွင် ထိုသို့အလေးပြုခြင်းကိုပိတ်ပင်ထားသည်မှာ ဂျာမနီနိုင်ငံတည်းသာ မဟုတ်ပေ။ ယခုလအစောပိုင်းကလည်း ဆွစ်ဇာလန်တရားရုံးချုပ်သည် ၂၀၁၃ ခုနှစ်က ဂျနီဗာရှိ ဂျူးဘုရားကျောင်းပြင်ပတွင် နာဇီပုံစံအလေးပြုသောဓါတ်ပုံတွင် ပါဝင်သူတဦးအပေါ် စီရင်ချက်ကို အတည်ပြုခဲ့သည်။