သတင်း

တပ်မတော်ပိုင် အက်စစ်စက်ရုံ မပြောင်းပေးနိုင်ဟု ကာကွယ်ရေး ဒုဝန်ကြီး ပြော

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် မိုးကြိုးဆာလဖျူရစ် အက်စစ်စက်ရုံ လည်ပတ်နေခြင်းသည် ဒေသခံပြည်သူများကို ထိခိုက်မှု မရှိဘဲ နိုင်ငံတော်အတွက် အကျိုးပြုသော စက်ရုံ တခု ဖြစ်၍ ရွှေ့ပြောင်းပေးရန် အစီအစဉ် မရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က သြဂုတ်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော်၌ ပြောကြားခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က စက်ရုံကို ကွင်းဆင်း စစ်ဆေးခဲ့ပြီး သူတို့ အကြံပြုချက်အတိုင်း ပုဂ္ဂလိက စက်မှု မှတ်ပုံတင်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြ ဆောင် ရွက်နေစဉ် ကာလအတွင်း စက်ရုံလည်ပတ်ဖို့ ခွင့်ပြုချက်ကို စက်မှုဝန်ကြီးဌာနဆီမှာ နှစ်စဉ် ခွင့်ပြုချက် ရယူဆောင်ရွက်နေ ပါတယ်” ဟု ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြောသည်။

စက်ရုံလည်ပတ်ခြင်းဖြင့် လူမှုဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ခြင်းမရှိ၍ နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ် ၃ စောင် ရရှိထားပြီး စက်ရုံ၏ ထုတ်လုပ်မှု နည်းလမ်းများနှင့် နည်းပညာပိုင်းဆိုင်ရာများသည် နိုင်ငံတကာတွင် အသုံးပြုနေသည့် နောက်ဆုံးပေါ် နည်းပညာများ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ဆားလင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းဇော်က ၎င်း၏ မဲဆန္ဒနယ် ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ မိုးကြိုးဆာလဖျူရစ် အက်စစ်စက်ရုံ လည်ပတ်ခြင်းကြောင့် လူမှုဝန်းကျင်နှင့် သဘာ၀ ပတ်ဝန်းကျင်တို့ကို ဆိုးရွားစွာ အန္တရာယ်ဖြစ်စေ၍ ဒေသခံပြည်သူများက စက်ရုံပြောင်းရွှေ့ပေးရန် တောင်းဆိုနေသည့် အပေါ် မေးခွန်းထုတ်စဉ် ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မိုးကြိုး ဆာလဖျူရစ် အက်စစ်စက်ရုံကို ၂၀၀၇ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က စတင်ပြီး ၂၀၁၃ ခုနှစ်အထိ တရားမဝင် လည်ပတ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာထွက်မှသာ စမ်းသပ် လည်ပတ်ခွင့်ဖြင့် ဆက်လက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဆားလင်းကြီးအမတ် ဦးဝင်းသိန်းဇော်က ပြောသည်။

“အရင် မြန်မာအိုင်ဗင်ဟို ကော့ပါးကုမ္ပဏီက ကြေးနီ တူးဖော်တဲ့အခါ ငရဲမီးကို နိုင်ငံခြားကနေ တင်သွင်းပါတယ်။ ဆိုလို တာကတော့ ငရဲမီး စက်ရုံနဲ့ ကြေးနီစီမံကိန်းတို့ နီးခြင်း၊ ဝေးခြင်းသည် အဓိက မဟုတ်ဘဲ ပြည်သူများနဲ့ လွတ်ကင်းရာ တနေရာမှာ တည်ဆောက်သင့်တာကို တင်ပြလိုခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် မိုးကြိုးဆာလဖျူရစ် စက်ရုံသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်လည်း ကိုက်ညီမှု မရှိ၍ ပြောင်းပေးရမည် ဖြစ်ကြောင်းဆိုကာ  ကံကုန်းရွာမှ စိုက်ခင်းတွင် အက်စစ်အငွေ့များရိုက်၍ ကြက်သွန်ခင်းများ ပျက်စီးရပုံ၊ ပဲခင်း၊ နှမ်းခင်း၊ နေကြာခင်း၊ ခရမ်းချဉ်သီးခင်းတို့ ပျက်စီးရပုံများ၊ စက်ရုံမှ အနံ့ဆိုးများ ထွက်၍ လူများ နှာခေါင်းပိတ်ထားကြပုံများကို  ဆား လင်းကြီးအမတ်က တင်ပြခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၅ တွင် “ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ရ မည်” ၊ ပုဒ်မ  ၃၉၀(ခ) တွင် နိုင်ငံသားတိုင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့  ဖော်ပြထား ခြင်း၊ မြန်မာရင်းနှီးမြှုပ်နှံမှု ဥပဒေ ပုဒ်မ  ၄၁ အရ ပြည်သူတို့အပေါ် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့ကို ကြီးမားစွာ ထိခိုက်ပျက်စီးစေနိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့် မပြုဟု ဖော်ပြထားကြောင်း ၎င်းက ထောက်ပြသည်။

တပ်မတော်ကမူ စက်ရုံသည် လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့၏ လမ်းညွှန်ချက်အတိုင်း လိုက်နာ ဆောင်ရွက်သော စက်ရုံဖြစ်ခြင်း၊ စက်ရုံ၏ အသားတင်အမြတ်ငွေ ၂ ရာခိုင်နှုန်းကို ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ အဖြစ် သုံးစွဲခြင်း၊ စက်ရုံ၏ အက်စစ်များကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အသုံးပြုရာ ယင်းစီမံကိန်းက အကျိုးအမြတ် ၅၁ ရာခိုင်နှုန်းကို နိုင်ငံတော်က ရရှိခံစားနေခြင်းတို့ကြောင့် ရွှေ့ပြောင်းပေးမည် မဟုတ်ကြောင်း အခိုင်အမာ ပြောသည်။

စက်ရုံက သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများ ဆန်းစစ်နိုင်ရန် ကနေဒါနိုင်ငံ အခြေစိုက် စင်ကာပူနှင့် မြန်မာ နိုင်ငံတို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားသည့် Green Environmental, Health, Safety & Social Consultancy ကုမ္ပဏီနှင့် ၂၀၁၄ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီး လေ့လာတွေ့ရှိချက်များ ပါဝင်သည့် ESIA Report ကို သယံဇာတနှင့် သဘာဝ ပတ် ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ တင်ပြရာ သဘောထားမှတ်ချက် ၄၂ ချက် ပြန်ကြားခဲ့ခြင်းအပေါ် ဆောင်ရွက် ပြီးစီး ၍ ထပ်မံ တင်ပြထားကြောင်း သိရသည်။

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်ပိုင် မိုးကြိုး ဆာလဖျူရစ် အက်စစ်စက်ရုံ(ဆားလင်းကြီး)ကို တရုတ်နိုင်ငံမှ NORINCO ကုမ္ပဏီနှင့် ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် စာချုပ်ချုပ်ဆို၍ ၂၀၀၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် စတင် တည် ဆောက်ခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် စတင်လည်ပတ်ပြီး တရက်လျှင် ဆာလဖျူရစ် အက်စစ် တန် ၅၀ ထုတ်လုပ်နိုင်သော ကန်ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် စက်ရုံဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

Loading