ငြိမ်းချမ်းရေးကော်မရှင် (PC) မှ ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ(UWSP/UWSA) ၏ ဌာနချုပ် ပန်ဆန်း(ပန်ခမ်းမြို့)သို့ သွားရောက်ပြီး “ဝ” ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များမှ သိရသည်။
UWSP/UWSA မှ လားရှိုး ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းက “ ဦးသိန်းဇော်တို့ ဌာနချုပ် (UWSA ဌာနချုပ်) ကို သွား လည်မယ်လို့ ကြားတယ်။ အချိန်တော့ မသိရသေးဘူး။ ညှိနှိုင်းကြတော့မယ် ထင်တယ်” ဟု ပြောသည်။
PC ဒုဥက္ကဋ္ဌ ဦးသိန်းဇော်သည် ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် “ဝ” ၊ မိုင်းလား(NDAA)၊ SSPP မှ ခေါင်းဆောင် များနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သို့ ပါဝင်လာရေး စေ့စပ်ညှိနှိုင်းရန် တာဝန်ပေးအပ်ခံခဲ့ရသူဖြစ်ပြီး ယခု NLD အစိုးရလက်ထက်၌လည်း PC ဒုဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားပြီး ယခင်အစိုးရလက်ထက် တာဝန်ယူခဲ့ ရသည့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေးကော်မရှင်မှ ဦးအောင်စိုးက “အတိအကျတော့ မသိသေးဘူး။ ကျနော်တို့ ဒီနေ့ နေ့လယ် အစည်းအဝေး လုပ်မယ်။ ပြီးရင် သွားမယ့် ရက်ကိုသိရနိုင်ပါတယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာလည်း မသိရသေးပါဘူး” ဟု ပြောသည်။
“အလွတ်သဘော သွားဖို့ရှိတယ်လို့ သိရတယ်။ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ သွားဆွေးနွေးတာ ဖြစ်နိုင်တယ်။ “ဝ” ၊ မိုင်းလား၊ SSPP တို့နဲ့လည်း တဖွဲ့ချင်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နိုင်မယ်လို့ ထင်တယ်။ဘာလို့ဆို ဦးသိန်းဇော်ကို ဒီ ၃ ဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးရေး တာဝန်ပေးထားတာကိုး” ဟု ယခင် အစိုးရ လက်ထက် MPC (မြန်မာ့ငြိမ်းချမ်းရေးစင်တာ)တွင် တာဝန်ယူ ဆောင်ရွက်ခဲ့သူတဦးက ပြောသည်။
UWSA သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက ပန်ဆန်း(ပန်ခမ်းမြို့ )တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူ စာချုပ် (NCA) မထိုးရသေးသော လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး တရပ်ကို ကျင်းပခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၄ ရက်တွင် NCA မထိုးရန် အပါအဝင် တရားမျှတသော စာချုပ်အသစ်တခု ဖော်ဆောင် ပေးရန်နှင့် အဖွဲ့ဝင်တဖွဲ့ချင်း မတွေ့ဆုံဘဲ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော FPNCC (ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ) ဖြင့်သာ ဆွေးနွေးသွားရန် စသဖြင့် ထုတ်ပြန် ပြောကြားခဲ့သည်။
FPNCC တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)၊ မိုင်းလားအဖွဲ့(NDAA)၊ ကချင် လွတ်မြောက်ရေး အဖွဲ့(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့(AA)၊ ကိုးကန့်အဖွဲ့ (MNDAA) တို့ ပါဝင်ကြသည်။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်ဘက်က အစိုးရ၊ တပ်မတော်၊ လွှတ်တော်သည် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို NCA အတိုင်းဆက်လက် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ FNPCC နှင့် တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း၊ တဖွဲ့ချင်း သို့မဟုတ် ၃ ဖွဲ့တစုနှင့် တခြားပူးပေါင်းတစုတို့ဖြင့် တွေ့ဆုံရန်သာ အစီအစဉ်ရှိကြောင်း ဆိုထားသည်။
UWSA ၏ ဌာနချုပ်သို့ ဦးသိန်းဇော် သွားရောက်မည့် အခြေအနေနှင့် ပတ်သက်ပြီး မိုင်းလားအဖွဲ့(NDAA)မှ ထိပ်ပိုင်း ခေါင်းဆောင်တဦးကို မေးမြန်းရာ ပြောစရာမရှိကြောင်း ဆိုသည်။
TNLA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က “လတ်တလော ဘာမှ မကြားရသေးဘူး။ အခု ကျနော် တို့ FPNCC အနေနဲ့ပဲ ရပ်တည်နေတယ်။ ၇ ဖွဲ့ ပေါင်းပြီးတော့ပဲ တွေ့မယ်။ တဖွဲ့ချင်းစီ တွေ့မယ်ဆိုတာလည်း မဆုံးဖြတ် ရသေးပါဘူး။ ဒါကတော့ FPNCC အစည်းအဝေး ထိုင်ပြီးမှပဲ တဖွဲ့ချင်းစီ တွေ့မလား၊ မတွေ့ဘူးလား ဆုံးဖြတ်ရမှာ ဖြစ်ပါ တယ်” ဟု ပြောသည်။
UWSA ဌာနချုပ်သို့ သွားရောက်မည့် အဖွဲ့တွင် ပါဝင်သူ တဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ရက်အတိအကျ မသတ်မှတ်ရသေးဘဲ ညှိနှိုင်းနေဆဲသာဖြစ်ပြီး ယခုလ သို့မဟုတ် စက်တင်ဘာလထဲ ဖြစ်နိုင်ကြောင်း ဖြေကြားခဲ့သည်။