သတင်း

ပြင်ဦးလွင်ရှိ ထပ်တိုးရပ်ကွက်များ မြို့မြေပြောင်းလဲရေး ကိစ္စ အစိုးရ စိစစ်မည်

Want create site? Find Free WordPress Themes and plugins.

ပြင်ဦးလွင်မြို့နယ်ရှိ အိမ်ခြေ ၆၀၀၀ ကျော်ရှိသော ထပ်တိုးရပ်ကွက် ၁၁ ခုအား လူနေထိုင်နိုင်သည့် မြို့မြေအဖြစ် ပြောင်းလဲသတ်မှတ်မည့် ကိစ္စကိုဆိုင်းငံ့ထားပြီး ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဒေါက်တာစိုးသန်းက ဧရာဝတီကို ပြောသည်။

“အဲဒီထပ်တိုးရပ်ကွက်တွေမှာ တကယ်လူနေထိုင်နေတဲ့နေရာတွေလည်းပါသလို လူမရှိတဲ့နေရာတွေ လည်း ပါတယ်။ ငါး ဧကလောက် ကျယ်တဲ့နေရာမှာ တဲလေးတလုံးရှိတာနဲ့ မြို့မြေအဖြစ် သတ်မှတ် ပေးလို့ ရပါ့မလား။ အဓိကကတော့ သတ်မှတ်ဧရိယာထက် များနေတဲ့အတွက် စိစစ်ရမှာကြောင့်ပါ၊” ဟု ၎င်းက ပြောသည်။

ယခင်က ပြင်ဦးလွင်တွင် ရပ်ကွက် ၁၀ ခုရှိသော်လည်း ၂၀၀၆ ခုနှစ်က ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြေညာစာ အရ ပြင်ဦးလွင်မြို့နယ်ကျေးရွာအုပ်စုဝင် ရပ်ကွက်ကြီး ၁၁(ရေငယ်ကျေးရွာ ရှေ့နှင့်နောက်)၊ ရပ်ကွက်ကြီး ၁၂ (ရေချမ်းအိုးကျေးရွာ တောင်နှင့် မြောက်)၊ ရပ်ကွက်ကြီး ၁၃ (ဆင်ခေါင်းလေး)၊ ရပ်ကွက်ကြီး ၁၄ (ညောင်နီ) စသည်တို့ကို ထပ်တိုးရပ်ကွက် ၁၁ ခု အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ပြီး မြေဧရိယာ ၁ သောင်းခွဲခန့်ရှိသည်။

သို့ရာတွင် အမှန်တကယ်လူနေထိုင်သည့်ဧရိယာထက် အဆများစွာပိုနေသည့်အတွက် ပြန်လည်စိစစ်ရန် လိုအပ်ခြင်း၊ ၂၀၀၆ ခုနှစ်က နိုင်ငံတော်အဆင့်အကြီးအကဲတဦး၏ နှုတ်မိန့်လမ်းညွှန်ချက်ကြောင့် ပြည်ထဲရေးက ထုတ်ပြန်ခဲ့သည့် အမိန့်စာနှင့် ပတ်သက်၍ ပြန်လည်ပြင်ဆင်ရန် လိုအပ်ခြင်းတို့ကြောင့် ယခုကိစ္စအား ယာယီဆိုင်းငံ့ကာ ပြည်ထောင်စုအဆင့်ထိ တင်ပြသွားမည်ဟု သိရသည်။

“အဲဒီမြေဧကတသောင်းခွဲထဲမှာ စိုက်ပျိုးမြေတွေ၊ သစ်တောမြေတွေပါပါတယ်။ ပြီးတော့ ဒီဧရိယာကြီးကို မြို့မြေဖြစ်ဖို့ မြေတိုင်းတာတွေ လုပ်ဖို့အတွက်ဆိုရင်လည်း သိန်းပေါင်းဘီလီယံနဲ့ချီပြီးကုန်ကျမှာပါ။ ဒါကြောင့် ဘာလုပ်သင့်သလဲဆိုတာ အထက်ကို တင်ပြပြီးမှ ညွှန်ကြားချက်အတိုင်း လုပ်သွားပါမယ်” ဟု ဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောသည်။

ထပ်တိုးရပ်ကွက် ၁၁ ခုတွင် စိုက်ပျိုးမြေနှင့် သစ်တောမြေဧရိယာတို့များစွာပါရှိရာ အကယ်၍ မြို့မြေ (မြေမျိုးကြီး) အဖြစ်သတ်မှတ်မည်ဆိုပါက ဥပဒေနှင့်အညီ စိုက်ပျိုးမြေကို အခြားနည်းသုံးစွဲခွင့် ရရှိရန် ဆောင်ရွက်ခြင်း၊ သစ်တောမြေဆိုပါက သစ်တောမြေကို ပယ်ဖျက်ရန်အတွက် ပြည်ထောင်စု သဘာ၀ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန အထိ တင်ပြရမည်ဖြစ်သည်။

ရွှေမန္တလေးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးနေလင်းအောင်က “မြို့မြေအဖြစ် သတ်မှတ်လိုက်ရင်တော့ ဂရန်လည်းထုတ်လို့ရတဲ့အတွက် အိမ်ခြံမြေဈေးကွက်မှာ ပိုဈေးကောင်းသွားမယ်၊ အရောင်းအဝယ်လုပ်တဲ့အခါ မာမာထန်ထန်လုပ်လို့ရမယ်။ နိုင်ငံတော်လည်း အခွန်ရမယ်ပေါ့။ အမှန်တကယ် လူနေထိုင်တဲ့ဧရိယာကို မြို့မြေသတ်မှတ်ပေးတာ အကြောင်းမဟုတ်ပေမယ့် တဦး တယောက်ကောင်းစားဖို့အတွက် လယ်မြေ၊ ယာမြေတွေကို မြို့မြေအဖြစ် သတ်မှတ်ပေးဖို့ကိစ္စကတော့ တိုင်းအစိုးရအနေနဲ့ ပြန်စိစစ်တာမှန်ပါတယ်။ ပညာရှင်တွေနဲ့ တိုင်ပင်ပြီးလုပ်သင့်ပါတယ်။” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိအိမ်ခြံမြေပေါက်ဈေးအရ ပြင်ဦးလွင်မြို့အဝင် အနီးစခန်းကျေးရွာမှ လမ်းမတန်းပေါ် မြေဧကကွက် တကွက်လျှင် သိန်း ထောင်ဂဏန်းခန့် တန်ကြေးရှိပြီး နေရာအနေအထားနှင့် အကျယ်အဝန်းအလိုက် ပြင်ဦးလွင်ရှိမြေဈေးသည် သိန်းရာဂဏန်းအနည်းဆုံးပေါက်ဈေးရှိသည်ဟု အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading