Women

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုံခြုံရေးဆိုင်ရာတွင် အမျိုးသမီးများ ပါဝင်ခွင့်ရရန် လိုအပ်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ အမျိုးသမီးများ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာများ ရေးဆွဲပါက ဒေသခံ အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်ခွင့်ကို ထည့်သွင်းရန် လိုအပ်သည်ဟု “အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဖိုရမ်” သို့ တက်ရောက်လာသူများက သဘောတူလိုက်ကြသည်။

အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဖိုရမ်ကို ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ပန်ဒါဟိုတယ်တွင် သြဂုတ်လ ၁၆ ရက်နှင့် ၁၇ ရက် ၂ ရက်ကြာ ကျား၊မ ရေးရာ နှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဒီပလိုမာ သင်တန်း (MIGS) က ဦးစီး ကျင်းပခြင်း ဖြစ်သည်။

ယင်း ဖိုရမ်သို့ MIGS ၏ သင်တန်းသူ သင်တန်းသား ကိုယ်စားလှယ် ၁၈၀ တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ် ကချင်နှစ်ခြင်း ခရစ္စယာန် အဖွဲ့ချုပ် (KBC) ဝိုင်းမော်မြို့နယ် အမျိုးသမီးတာဝန်ခံ ဒေါ်လုမိုင်က “ကျမတို့ အမျိုးသမီးတွေက နိုင်ငံရေးပိုင်း၊ ဦးဆောင်ကဏ္ဍတွေမှာ အများကြီးပါဝင်ဖို့ လိုတယ်။ ဥပမာ အမျိုးသားက စခန်းတခုမှာ အစားအသောက် လိုတယ်ဆို လိုမယ်ပဲ သိတယ်။ အမျိုးသမီးကျတော့ ဘယ်လောက်လိုမလဲ။ ဘယ်လောက် ခံမလဲ။ ဘာဖြစ်နိုင်သလဲ ဆိုတာတွေအထိ လိုက်တွေးတယ်။ ပိုတိကျတယ်။ အခြေခံအချက်တွေကို အမျိုးသမီးတွေ ပိုပိုင်နိုင်တယ်”ဟု ပြောသည်။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ အားလုံးနီးပါးမှာ အမျိုးသမီးများသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရာတွင် ဆွေးနွေးရမည့် လူမှုရေး၊ လုံခြုံရေးဆိုင်ရာ ကဏ္ဍများတွင် ပဋိပက္ခ ဒေသမှ ဒေသခံ အမျိုးသမီးများ ပါဝင်ဆွေးနွေးရန် လိုအပ်သည်ဟု ဒေါ်လုမိုင်က ဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ ဆွေးနွေးသည့် လုံခြုံရေးဆိုင်ရာ ကဏ္ဍတွင် နှစ်ဖက်တပ် အသီးသီးမှ အမျိုးသား စစ်သား များသာ ပါရှိကြပြီး ၎င်းတို့မှာ စစ်ရေးစစ်ရာနှင့်ဆိုင်သည့် လုံခြုံရေးကိစ္စများကိုသာ ဆွေးနွေးကြကြောင်း၊ ပြည်သူလူထု ၏ လုံခြုံရေး၊ အမျိုးသမီးနှင့် ကလေးငယ်များ၏ လူမှုရေးရာ လုံခြုံရေးဆိုင်ရာ ကိစ္စများကို နှစ်ဖက်တပ်များက ထည့် သွင်း ဆွေးနွေးခြင်းမရှိကြောင်း၊ ထိုကိစ္စရပ်များကို အမျိုးသမီးကသာ ပါဝင်ဆွေးနွေးနိုင်ကြောင်းလည်း ဒေါ်လုမိုင်က ပြောဆိုသည်။

“အခြေခံကျတဲ့ အချက်တွေကို အမျိုးသမီးတွေက ပိုပိုင်နိုင်တယ်။ လူမှုအသိုက်အဝန်းကြားမှာ ဖြစ်နေတဲ့ ပြဿနာတွေ ကို ကျမတို့က အမျိုးသားတွေထက် ပိုတိတိကျကျသိတယ်” ဟု ဒေါ်လုမိုင် က ပြောသည်။

သို့သော် မြန်မာနိုင်ငံတွင်း တိုင်းရင်းသားအားလုံးနီးပါးတွင် ရိုးရာဓလေ့အရ ဘာသာရေးအရ အမျိုးသားများသာ ဦးဆောင် ကဏ္ဍတွင် ရှိရမည်ဟု သဘောတူလက်ခံ ကျင့်သုံးနေကြကြောင်း၊ အမျိုးသမီးများမှာ ဓလေ့ထုံးတမ်းအရ အိမ်မှုကိစ္စများသာ တာဝန်ယူရကြောင်း၊ ထိုအချက်ကိုလည်း လူမှုအသိုင်းအဝိုင်း အတွင်း များစွာဆွေးနွေးရန် လိုအပ် ကြောင်း ဖိုရမ်သို့ တက်ရောက်လာသူ အမျိုးသမီးများက ပြောဆိုကြသည်။

အရပ်ဘက် အဖွဲ့အစည်းများ၏ စာရင်းပြုစုထားချက်များအရ ၂၀၁၇ ခုနှစ် မေလတွင် နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစုု ပင်လုံတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ အပစ်ရပ် စာချုပ် ချုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အကျိုးဆောင်များ စုစုပေါင်း လူဦးရေ ၉၁၀ တက်ရောက် ရာ အမျိုးသမီး ၁၅၄ ဦးသာ ပါရှိပြီး ရာခိုင်နှုန်း အားဖြင့် ၁၇ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ – တနင်္သာရီတိုင်း(JMC-S) ဒုဥက္ကဋ္ဌ ဒေါ်နော်မေးဒြက် ကလည်း “အမျိုးသမီးတွေက နောက်ကျကျန်နေတဲ့ သူတွေ မဟုတ်ဘူး။ ဦးဆောင်ရင် အောင်မြင် ပါတယ်။ အမျိုးသမီးတွေမှာ အရည်အချင်းရှိတယ်။ အရင်ကဆို အမျိုးသမီးတွေက အဖွဲ့အစည်းတွေမှာ ဝင်လို့ မရဘူး။ သုံးကို မသုံးဘူးလေ။ အခုတော့ နည်းနည်းစီ ပါလာပြီ။ ဒီ့ထက်ပိုပြီး ပါဝင်လာဖို့တော့ လိုပါသေးတယ်” ဟု ပြောသည်။

အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ကိစ္စရပ်များ ကူညီဆောင်ရွက်ရာတွင်လည်း အမျိုးသမီးများက အရေးပါသည်ဟု ဒေါ်နော်မေးဒြက်က ပြောဆိုသည်။

“ကျမတို့ ဒေသမှာ ကလေးမုဒိမ်း ဖြစ်တယ်။ ကျမက အမျိုးသမီးဆိုတော့ ဆေးရုံသွားတာ ဆေးစစ်တာက အစ အကုန် ကူညီရတယ်။ ဒီနေရာမှာ အမျိုးသားဆို အမှုသည်ကလေးငယ်ဘက်က ဘယ်လိုကူမလဲ။ သူတို့ရဲ့ ခံစားချက် တွေကို နားထောင်ပေးဖို့ အမှုမှာ အရေးပါတဲ့ ကိစ္စတွေကိုလည်း အမျိုးသမီးတွေက စွမ်းဆောင်နိုင်ပါတယ်” ဟု ဒေါ်နော်မေးဒြက် က ဆိုသည်။

ဖိုရမ်အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ရာ ၎င်းတို့က ဒေသအလိုက် အစုအဖွဲ့ ၆ စု ခွဲပြီး အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဖြစ်စဉ်တွင် ပါဝင်မှုအားကောင်းစေရန်၊ ပဋိပက္ခများကို ကြိုတင် ကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် အမျိုးသမီးများ ၏ အခန်းကဏ္ဍကို မြှင့်တင်ခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကြိုတင် ကာကွယ်ခြင်း ဟူသည့် ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အမျိုးသမီးများအပေါ် ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ လိုအပ်ချက်များကို ဖော်ထုတ်ခြင်း၊ ကာကွယ် စောင့်ရှောက်ရေး ယန္တရားများ ပိုကောင်းလာအောင် ဆောင်ရွက်ခြင်း၊ စိတ်ဒဏ်ရာရ အမျိုးသမီးများကို ပြန်လည် ကုစား ခြင်း၊ ပြန်လည် ထူထောင်ခြင်းဆိုင်ရာ ရေတိုရေရှည် လုပ်ငန်းစဉ်များဟူသည့် ခေါင်းစဉ်များဖြင့်လည်း ဆွေးနွေး အကြံပြုကြသည်။

ဆွေးနွေးမှုများတွင် ဒေသအသီးသီးမှ အမျိုးသမီးများက ၎င်းတို့၏ မိသားစုဝင် အမျိုးသားများက အမျိုးသမီး ဟူ သည် မှာ နိုင်ငံရေး ဦးဆောင်ကဏ္ဍတွင် မရှိသင့်သည်ဟူသည့် ယူဆချက်များ ရှိနေကြောင်း၊ ပတ်ဝန်းကျင်မှ အမျိုးသားများ ကလည်း ၎င်းတို့ကို လိင်ပိုင်းဆိုင်ရာ နှိမ့်ချဆက်ဆံခြင်းများ၊ အကြမ်းဖက်ခြင်းများ ရှိကြောင်း ကိုလည်း ထည့်သွင်း ဆွေးနွေး ခဲ့ကြသည်။

ဖိုရမ်သို့ တက်ရောက်သည့် ကချင်အမျိုးသား ဦးမုန်ခေါန်တူးက “အမျိုးသားတွေလည်း အမျိုးသမီး အခွင့်အရေးတွေကို နားလည်ဖို့ လိုတယ်။ ဒါမှ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်လိုတဲ့ အတွေးအမြင်တွေ ပိုရပြီး ထိပါးဖို့ လုပ်ချင် တဲ့ စိတ်တွေ ရှိခဲ့ရင်တောင် လျော့ပါးလာမယ်လို့ ကျနော်ထင်တယ်” ဟု ပြောသည်။

ဖိုရမ်ကို ဦးစီးကျင်းပသည့် (MIGS) ၏ ဒါရိုက်တာ ဒေါ်ခင်မမမျိုးက ဒေသတခုနှင့်တခုတွင် ရှိသည့် အမျိုးသမီးတို့၏ လုံခြုံရေးဆိုင်ရာ ခံစားချက်၊ လိုအပ်ချက်များမှာ မတူညီကြသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျုဟာများ ရေးဆွဲပါက ဒေသခံ အမျိုးသမီးများ၏ အသံများ၊ ဒေသခံ အမျိုးသမီး များ ကိုယ်တိုင် ပါဝင်ရေးဆွဲရန် လိုအပ်သည်ဟု ပြောဆိုသည်။

ဒေါ်ခင်မမမျိုးက “ကျမတို့ တနေရာနဲ့တနေရာ ဘယ်သူမှ မတူနိုင်ဘူး။ ကရင်က အမျိုးသမီးများရဲ့ လုံခြုံရေးအပေါ် ရှုမြင်ချက်နဲ့ ဧရာဝတီတိုင်းက အမျိုးသမီးတွေရဲ့ ခံစားမှု လုံခြုံရေးခံစားချက်တွေက ဘယ်လိုမှ မတူနိုင်ဘူး။ ဒါကြောင့် ဒေသရဲ့ လုံခြုံရေးဆိုင်ရာ ပြောဆိုဆွေးနွေးတဲ့အခါ သက်ဆိုင်ရာဒေသက လူတွေ ပါဝင်ဖို့လိုတယ်”ဟု ဆိုသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မဟာဗျူဟာများ ရေးဆွဲပါက အထောက် အကူ ပြုစေနိုင်ရန် ရည်ရွယ်ပြီး ဖိုရမ်မှ အမျိုးသမီးတို့၏ ဆွေးနွေးချက် အသံများကို စုဆောင်း၍ စာအုပ်ထုတ်ထားမည် ဟုလည်း ဒေါ်ခင်မမမျိုးက ပြောသည်။

ယင်းစာအုပ်ကို စက်တင်ဘာလ ၂၁ ရက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် အပြီး ထုတ်ဝေနိုင်ရန် ရည်ရွယ် ထားသည် ဟု သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပါဝင်ဖို့ ဘာကြောင့်လိုအပ်သလဲ (ရုပ်/သံ)ဧရာဝတီ ၊ စက်တင်ဘာ ၆ ၊ ၂၀၁၇ရိုက်ကူး /တည်းဖြတ်- အဲမလီ

Posted by The Irrawaddy – Burmese Edition on Tuesday, September 5, 2017

Did you find apk for android? You can find new Free Android Games and apps.
Loading