မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီး မြို့မရဲစခန်းမှ ရဲအုပ်တဦးအား မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် သြဂုတ် ၁၄ ရက်နေ့က အမှုဖွင့်ကာ ၁၆ ရက်နေ့တွင် မြို့နယ် တရားရုံးသို့ တရားစွဲဆိုထားကြောင်း သိရသည်။
ရဲအုပ်သိန်းထက်နိုင်သည် ဒုရဲအုပ်ရာထူးဖြင့် ၂၀၁၄ခုနှစ်က ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် မီးပေါ့ဆစွာ သုံးစွဲမှု ပြစ်မှုပုဒ်မ-၂၈၅ဖြင့် စစ်ဆေးခဲ့သော အမှုတွင် အမှုစစ် တာဝန်ယူစဉ် စွပ်စွဲခံရသူများဘက်မှ လာဘ်ငွေများ ရယူခဲ့ကြောင်း နစ်နာသူ များက အမျိုးသားလွှတ်တော်သို့ တိုင်ကြားခဲ့ရာမှ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေး တွေ့ရှိခဲ့သည့်အတွက် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
“သူက အမှုတခုမှာ အဂတိ လိုက်စားခဲ့တယ်ဆိုပြီး အဲဒီအမှုက နစ်နာသူတွေက မကျေနပ်လို့ အဂတိ လိုက်စားမှု တိုက် ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့တာ။ ကော်မရှင်ကစစ်ဆေးပြီး ပေါ်ပေါက်လို့ ဆိုပြီး အမှုဖွင့်ထားတာပါ ” ဟု ခရိုင် ရဲ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က ပြောကြားသည်။
အမှုကို မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးမျိုးနိုင်က တရားလိုပြုလုပ်ကာ ပုသိမ်ကြီးမြို့နယ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၇ဖြင့် အမှုဖွင့်ကာ သက်ဆိုင်ရာက စစ်ဆေးလျက်ရှိ သည်။
ထိုစဉ်က ဒုရဲအုပ် သိန်းထက်နိုင် (ယခု ရဲအုပ်) သည် ယင်းအမှုကို အမှုစစ်အဖြစ် ဆောင်ရွက်ခဲ့ရာတွင် တရားခံ၏ သားဖြစ်သူထံမှ ကျပ် ၁ဝ သိန်းကို အကြိမ်ကြိမ်ခွဲ၍ ရယူခြင်း၊ KTV ဆိုင်များသို့ ခေါ်ယူကာ ကုန်ကျစရိတ်ငွေ ကျပ် ၅ သိန်း ၅ သောင်းကို ရှင်းလင်းစေခိုင်းခဲ့ခြင်း စသည်ဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၂ဝ၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၇ အရ ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် သြဂုတ် ၁၆ရက်က တရား စွဲဆို အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရှိရသည်။
“အဂတိ လိုက်စားမှုတွေ မရှိစေချင်တော့ပါဘူး။ အမှုတခုဖြစ်ရင် မိသားစုတွေပါ ပူပင်သောက ရောက်စေပါတယ်။ တတ်သိ နားလည်သူတွေက ကူညီပေးရမယ့်အစား အပူထပ်ပေးတာမျိုးတော့ မဖြစ်စေချင်ပါဘူး” ဟု မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် မြို့သစ် ၄ ရပ်ကွက်မှ အမှုအား တိုင်ကြားခဲ့သည့် အမည်မဖော်လိုသူ နစ်နာသူက ပြောသည်။
အမှုနှင့် ပတ်သက်သည်ဟုဆိုကာ တရားစွဲခံထားရသည့် ရဲအုပ်သိန်းထက်နိုင်အား ပုသိမ်ကြီးမြို့နယ် တရားရုံးက သြဂုတ် ၂၅ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။