သတင်း

KNU က နယ်မြေဖွံ့ဖြိုးရေး လိုအပ်ချက်များ အစိုးရကို တင်ပြ

KNU တပ်မဟာ ၁ မှ တာဝန်ရှိသူများက မွန်ပြည်နယ် ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် နယ်မြေဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်များအပေါ် တင်ပြခဲ့ရာ အစိုးရပိုင်းက ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ယမန်နေ့ကမွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိသူ များအား ကရင်အမျိုးသား အစည်းအရုံး KNU ၏ သထုံခရိုင် အဆင့်မြင့် တာဝန်ရှိသူ များနှင့် တပ်မဟာ (၁) တာဝန်ရှိသူများက NLD အစိုးရသစ် တက်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ် တွေ့ဆုံ ခဲ့ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဖြေကြား ခဲ့သည်။

“ဒီအစိုးရသစ် လက်ထက်မှာ ဒီ KNU အဖွဲ့က အစိုးရသစ်နဲ့ တစ်ခါမှ မတွေ့ရ သေးဘူး ၊ အဲဒီ ရည်ရွယ်ချက်နဲ့ လာတွေ့ တာပေါ့၊ သူတို့ ပြောတာတော့ နယ်မြေ ဒေသ ဖွံ့ဖြိုးရေး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စ တွေမှာ လိုအပ် တာတွေကို အစိုးအဖွဲ့ကို တင်ပြ သွားတာပေါ့၊ တင်ပြချက် အပေါ် စီမံဆောင်ရွက် ပေးမယ်လို့ပဲ ဝန်ကြီးချုပ်က ပြန်ပြောလိုက်တယ်” ဟု ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက တွေ့ဆုံပွဲ အပြီးတွင် မီဒီယာ များ၏ မေးမြန်းမှုကို ဖြေကြား ခဲ့သည်။

မွန်ပြည်နယ် အစိုးရနှင့် KNU တွေ့ဆုံ ပွဲသည် ထူးထူးခြားခြား တွေ့ဆုံပွဲ မဟုတ်ဘဲ မွန်ပြည်နယ်၏ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်သည့် မွန်ပြည်နယ် အစိုးရအား လာရောက် တွေ့ဆုံရန် အတွက် သထုံ ခရိုင်တွင် အခြေစိုက်သည့် KNU တပ်ဖွဲ့မှ အမြင့်ဆုံး တာဝန်ရှိသူ များအား ခေါ်ယူ၍ တွေ့ဆုံ စေခဲ့ခြင်း ဖြစ်ကြောင်း၊ တပ်နေရာ ချထားရေးနှင့် ပတ်သက်၍ KNU ဘက်မှ ဆွေးနွေး တင်ပြ ခဲ့ခြင်း မရှိကြောင်း ၎င်းက ရှင်းပြသည်။

KNU တပ်မဟာ ၁ အခြေစိုက် ဒေသများသည် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး ၎င်းအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် ဆေးရုံ၊ ဆေးပေးခန်းများ၊ စာသင်ကျောင်းများ တိုးချဲ့ဆောက်လုပ်ပေးရန် လိုအပ် နေကြောင်း KNU သထုံမြို့ ဆက်ဆံရေးရုံး တာဝန်ခံစောအေးနိုင်က ဆိုသည်။

ကရင်အမျိုးသား အစည်းအရုံး KNU လက်အောက်၌ အုပ်ချုပ်ရေး ခရိုင် ၇ ခုနှင့် တပ်မဟာ ၇ ခု ခွဲခြား ထားကာ တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင် ခရိုင် ၊ တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၅) ဖာပွန် ခရိုင်၊ တပ်မဟာ (၆) ကော့ကရိတ်-ကြာအင်း-ဘုရားသုံးဆူ ခရိုင်၊ တပ်မဟာ (၇) ဘားအံခရိုင် ဟူ၍ ခွဲခြား သတ်မှတ် ထားသည်။

ကရင် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ ရှိသည့် အနက် ကရင် အမျိုးသား အစည်းအရုံး KNU သည် သြဇာ အကြီးမားဆုံး အဖွဲ့ ဖြစ်ကာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA အား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် လက်မှတ် ရေးထိုး ခဲ့သည်။

Loading