သတင်း

လီဆူ စစ်ရှောင်စခန်းသို့ လှူဒါန်းရန်သွားသည့် ၈၈ အဖွဲ့ ဆန်ကား တားမြစ်ခံရ

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် ဆဒုံးမြို့နယ်ခွဲ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးဟောင်းတွင် ဖွင့်လှစ်ထားသော လီဆူ စစ်ရှောင်စခန်း သို့ လှူဒါန်းရန် သွားသည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) ၏ ဆန်ကား တားမြစ် ခံရကြောင်း သိရ သည်။

သြဂုတ် ၂၀ ရက်က ၈၈ အဖွဲ့ ဝိုင်းမော်၊ ဆဒုံး အခြေစိုက် စစ်ဗျူဟာ လက်အောက်ရှိ ဝါးရှောင် စစ်ဆေးရေး ဂိတ် အရောက် ၌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၏ ခွင့်ပြုချက် မပါရှိ၍ ဆန်အိတ် ၁၀၀ တင်ထားသော ကား တားမြစ် ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အဖွဲ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီး၊ လီဆူ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီး၊ မိုးကောင်းမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တို့ အပါအဝင် ၈၈ မျိုးဆက် က မနီလာသိန်းနှင့် အဖွဲ့တို့ ပါဝင်ကြကြောင်းလည်း မနီလာသိန်းက ပြောသည်။

“ဝါးရှောင် စစ်ဆေးရေးဂိတ် ရောက်တော့ ကျမတို့ ဆန်ကားကို ပေးမသွားဘူးပေါ့နော်။ အဓိက ဒီလမ်းကြောင်းကို သွား တဲ့ အခါမှာ အထူးသဖြင့် တားမြစ်ထားတာ ဘာဆိုဘာမှ မရှိပါဘူး။ ကျမတို့ သွားတဲ့အခါမှာ ဒီဆန်ကားကို ပေးမသွား ဘူး။ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ခွင့်ပြုချက် လက်မှတ်မပါဘူး ဆိုပြီးတော့ ကျမတို့ကို တားမြစ်ခဲ့ပါတယ်။ အဲဒီ လို တားမြစ်တဲ့အခါမှာ ကျမတို့က ဆန်ကားကို ထားခဲ့ပြီးတော့ ဆဒုံး စစ်ဘေးရှောင် စခန်းကို ကျမတို့ ရောက်အောင် သွားခဲ့ပါတယ်”ဟု ၎င်းက ပြောပြသည်။

အဆိုပါ တားမြစ်ခံရခြင်းနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက် အဖွဲ့နှင့် လိုက်ပါလာခဲ့သော လီဆူ တိုင်းရင်းသား လူမျိုးများ ရေးရာဝန်ကြီးက ဆဒုံးစခန်းကို ရောက်အောင် ပို့ပေးသွားမည်ဟု စခန်းသို့ ရောက်စဉ် ကတိပြု ပြောကြားခဲ့ ကြောင်း လည်း မနီလာသိန်းက ပြောသည်။

ဆဒုံးမြို့နယ်ခွဲ မြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ရုံး၌ ဖွင့်လှစ်ထားသော လီဆူ စစ်ရှောင်စခန်းတွင် စစ်ရှောင် လူဦးရေ ၄၃၈ ဦးရှိပြီး ဆဒုံးနှင့် မိုင် ၃၀ ခန့်ဝေးသည့် ကျေးရွာပေါင်း ၈ ရွာမှ ဒေသခံများ ဖြစ်ကြကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့က ဆိုသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးသည် နေပြည်တော်သို့ သွားရောက်နေခြင်းကြောင့် ၎င်းပြန် လာပြီး တရက်၊ နှစ်ရက်အတွင်း ခွင့်ပြုမိန့်ရယူကာ သြဂုတ် ၂၃ ရက်တွင် ဆဒုံး စစ်ရှောင် စခန်းသို့ ဆန်အိတ်များ သွားရောက် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဦးခင်မောင်မြင့်က ပြောပြသည်။

“တားတယ်ဆိုတာက နယ်လုံကို စာတင်ပြီးပြီဆိုရင် ဒီတရက် နှစ်ရက်အတွင်း ပြန်ပြီးတော့မှ ထပ်ပို့ရမှာပါ။ နယ်လုံက ခရီးသွားနေတာလေ။ ခရီးသွားနေတော့ သက်ဆိုင်ရာကို အကြောင်းကြားပြီးတော့မှ တင်လိုက်တဲ့ အခါကျတော့ တိုင်းမှူး ကလည်း နယ်လုံကနေ ခွင့်ပြုစာတင်လိုက်လို့ ခွင့်ပြုရင် ခွင့်ပြုပေးမယ်လို့ ပြောပါတယ်”ဟု ၎င်းက ပြောသည်။

၈၈ မျိုးဆက် အဖွဲ့က လှူဒါန်းမည့် ဆန်အိတ်များကို မိုးလေ ကင်းလွတ်မည့် ဝိုင်းမော်မြို့သို့ ပြန်လည် သယ်ဆောင် ခဲ့ရပြီး ဝိုင်းမော်မြို့ရှိ ခရစ်ယာန် ဘုရားကျောင်း တခုတွင် ခေတ္တထားကြောင်း သိရသည်။

“စားနပ်ရိက္ခာ ပြတ်နေတာ တလရှိပါပြီး။ အဲဒီ တလမှာ သူတို့ အနီးအနားက ရဲဘော် (အစိုးရ တပ်မတော်မှ) တွေ ဆီက ချေးထားတာ ဆန်အိတ် ၁၀ အိတ်ရှိပါတယ်။ ရဲဘော်တွေတောင် ပျော်နေကြတယ်။ ကျမတို့ လာမယ်ဆိုတဲ့ အခါမှာ သူတို့ ဝမ်းသာနေကြတယ်။ ဘယ်နားကို ရောက်ပြီလဲ ရောက်ပြီလဲနဲ့ ဝါးရှောင် စစ်ဆေးရေးဂိတ်မှာ ဆန်ကား ပိတ်ခံလိုက်ရတဲ့ အချိန်မှာ သူတို့လည်း စိတ်မကောင်း ဖြစ်သွားတယ်”ဟု မနီလာသိန်းက ပြောသည်။

သြဂုတ် ၁၇ ရက်ကလည်း ကချင်ပြည်နယ် နမ္မတီးမြို့နယ် ကဆုန်ကျေးရွာအနီး ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ တပ်မတော် တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် နမ္မတီးသို့ စစ်ရှောင်လာခဲ့ကြသော ကဆုန် ဒေသခံများကို ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး အဖွဲ့က စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းစဉ် လဝါးနှင့်ကာမိုင်း လမ်းခွဲရှိ စုပေါင်းဂိတ်၌ တားမြစ်ခြင်း ခံခဲ့ရသည်။

ယခု အခါ နမ္မတီးရှိ ကဆုန်စစ်ရှောင် ၁၀၀၀ ကျော်ကို သြဂုတ် ၂၂ ရက်တွင် နေရပ်သို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က “ ၈၈ က လူတွေ တားခံရတဲ့ ကိစ္စ ကျနော်တို့ မသိသေးဘူးဗျ။ ကျနော်တို့တောင် သွားလှူပြီးသွားပြီ၊ ထောက်ပံ့ ပြီးပြီ။ စားနပ် ရိက္ခာအတွက်ကော၊ ကလေးတွေအတွက်ကော၊ အမျိုးသမီးတွေအတွက်ကော၊ အဝတ်အထည်တွေ အတွက်ကော သွားပြီးတော့မှ ထောက်ပံ့ပြီးသွားပြီ။ ကဆုန် ရွာဘက်ကနေပြီးတော့မှ ထွက်ပြေးလာတဲ့ ရွာသားတွေလေ နမ္မတီး ရောက်နေကြတာ၊ သူတို့ကို ထောက်ပံ့တာ”ဟု ပြောသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနသည် နမ္မတီး စစ်ရှောင်စခန်းသို့ သြဂုတ် ၁၃ ရက် နှင့် ၁၄ ရက်က စားနပ်ရိက္ခာများ အပါအဝင် အဝတ်အထည်များကို သွားရောက်လှူဒါန်းထားပြီး တားမြစ်မှုများနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ လုပ်ပိုင်ခွင့်သာဖြစ်ရာ မိမိတို့အား ပါဝင်ဆောင်ရွက်ပေးရန် ပြော ကြားလာပါ က ပူးပေါင်း ဆောင်ရွက်သွားရန် ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading