သတင်း

KIO ဒုဥက္ကဋ္ဌအား FPNCC နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ၏ ဥက္ကဋ္ဌ ၂ အဖြစ် ခန့်အပ်

Want create site? Find Free WordPress Themes and plugins.

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC)၏ ဥက္ကဋ္ဌ ၂ အဖြစ် ခန့်အပ်လိုက်ကြောင်း သတင်းရရှိသည်။

FPNCC သည် မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့တို့က အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန် ကြေညာပြီး စုပေါင်းဖွဲ့စည်းထားသည့် ကော်မတီ တရပ်ဖြစ်သည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ သတင်းဌာနတခုဖြစ်သည့် “ဝ ပြည်နယ်သတင်း” ၌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို သြဂုတ်လ ၁၈ ရက်က ကျင်းပသည့် FPNCC အစည်းအဝေးတွင် ဥက္ကဋ္ဌ ၂ ရာထူး ခန့်အပ်လိုက်ကြောင်း ရေးသားထားသည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လသည် UNFC ကို စတင် တည်ထောင်ခဲ့သူ ဖြစ်ပြီး ၎င်းက ဖေဖော်ဝါရီလအတွင်း ကျင်းပသည့် ပန်ဆန်း ထိပ်သီးညီလာခံသို့ တက်ရောက်ကာ ညီလာခံ အပြီးတွင် UNFC မှ နုတ်ထွက်ကြောင်း၊ အစိုးရနှင့် ဆွေးနွေး နေဆဲဖြစ်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကိုလည်း ဆက်လက် လုပ် ဆောင်တော့မည် မဟုတ်ကြောင်း ကြေညာထားသည်။

FPNCC ၏ ဥက္ကဋ္ဌ ၁ မှာ UWSP ၏ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း ဖြစ်ပြီး ဒုဥက္ကဋ္ဌ များမှာ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်-မိုင်းလားအဖွဲ့ (NDAA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် -ကိုးကန့်အဖွဲ့ (MNDAA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA) ၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မ တော် (TNLA ) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့မှ တဦးစီ ပါဝင်သည်ဟု သိရသည်။

FPNCC ပါ အဖွဲ့ဝင်များနှင့် နီးစပ်သူတဦးက “ FPNCC ရဲ့ အတွင်းရေးမှူးအဖွဲ့ထဲမှာ အတွင်းရေးမှူးချုပ်က UWSA က ဦးပေါက်ယူရိက တာဝန်ယူပါတယ်။ အတွင်းရေးမှူး အဖွဲ့ထဲမှာ တခြားအဖွဲ့က ကိုယ်စားလှယ်တွေလည်း ပါတယ်။ အမြဲ တမ်း အတွင်းရေးမှူးကတော့ ဦးကျောက်ကော်အန်းပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ဦးပေါက်ယူရိသည် UWSA ၏ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ပြီး ဦးကျောက်ကော်အန်းသည် UWSA ၏ ပြင်ပဆက်ဆံရေး ဌာနကြီးမှူး ဖြစ်သည်။

FPNCC ၏ အစည်းအဝေးတွင် အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ တက်ရောက်ပြီး သြဂုတ်လ ၁၈ ရက်မှ စတင်ကာ သြဂုတ်လ ၂၀ ရက်တွင် တရက်နားပြီး ယနေ့ထိ ဆွေးနွေးနေဆဲဖြစ်သည် ။

ဆွေးနွေးရာတွင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အကြောင်းအရာများ၊ မြောက်ပိုင်းအခြေစိုက် KIA ၊ TNLA အဖွဲ့များ၏ စစ်ရေးအခြေအနေများ ၊ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးနိုင်မည့် အခြေအနေများ အပြင် FPNCC ၏ပြန်ကြား ရေးအဖွဲ့ ဖွဲ့စည်းရန်လည်း ဆွေးနွေးကြသည်ဟု သိရသည်။

SSPP ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်စဝ်ခွန်ဆိုင်းက ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ နုတ် ထွက်မည့်စာကို UNFC ဥက္ကဋ္ဌ ဦးနိုင်ဟံသာထံ ပေးပို့ထားပြီးဖြစ်ကြောင်း အစည်းအဝေးအတွင်း ပြောဆိုထားသည်။

ဖေဖော်ဝါရီလ ပန်ဆန်းထိပ်သီး ညီလာခံမှ ဖွဲ့စည်းလိုက်သည့် FPNCC တွင် KIO ပါဝင်ပြီး အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမည်ဟုလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ပြည်သူလူထုများကို ပြောဆိုထားသည်။

KIO က UWSA ဦးဆောင်သည့် FPNCC အဖွဲ့တွင် ပါဝင်လိုက်သည့်အပေါ် ကချင်ပြည်သူလူထုများက မနှစ်သက် ကြောင်း၊ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကချင်နှစ်ခြင်း ခရစ္စယာန်အဖွဲ့ချုပ် (KBC)၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ဧရာဝတီကို ပြောဆိုထားသည်။

အစိုးရကမူ FPNCC ကို လက်ခံဆွေးနွေးခြင်း ပြု / မပြုနှင့် ပတ်သက်၍ တစုံတရာ ပြောဆိုခြင်းမရှိပေ။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC)ကမူ UWSA နှင့် NDAA တို့ကို သီးခြားဆွေးနွေးမည်ဟု ပြောဆိုထားပြီး ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်အရ ယခုလပိုင်းအတွင်း UWSA ဌာနချုပ်သို့ သွားရောက်ရန် ရှိသည်ဟုလည်း ဧရာဝတီကို ပြော ဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading