သတင်း

ကျေးရွာ မီးလင်းရေး ကော်မတီများ ဖျက်သိမ်းရေးအဆို မအောင်မြင်

Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံးရှိ ကျေးရွာများတွင် လျှပ်စစ်မီး ရရှိရေးအတွက် ဖွဲ့စည်းထားသည့် မီးလင်းရေး ကော်မတီများ ဖျက်သိမ်းရေးကို အာဏာ ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမတ်တဦးက ကြိုးစားခဲ့သော်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကန့်ကွက်မှုကြောင့် မအောင်မြင်ခဲ့ရကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ် ပေါင်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်း၏ ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည် ဆို သော မီးလင်းရေး ကေ်ာမတီများ ဖျက်သိမ်းနိုင်ရေး အဆိုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် အာဏာရပါတီနှင့် တိုင်း ရင်းသား ပါတီတချို့မှ အမတ် ၁၉ ဦးက ဝင်ရောက်ဆွေးနွေးခဲ့ကြပြီး အများစုက အဆိုကို မှတ်တမ်းတင်သင့်ကြောင်း အကြံပြု ကြသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က “ကျေးရွာမီးလင်းရေး ကော်မတီ ဖွဲ့စည်းမှု ပုံစံဟာ ကျေးရွာ ပြည်သူများရဲ့ ဆန္ဒနဲ့ ဖွဲ့စည်းတာ ဖြစ်တဲ့အတွက် ဒီမိုကရေစီ ကျင့်စဉ်တခု ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံကို ထူထောင်လိုပါက ဒီမိုက ရေစီ ကျင့်စဉ်များကို အစိုးရနဲ့ လွှတ်တော်တို့က အားပေးကူညီဖို့ လိုအပ် ပါတယ်။ ဒီကော်မတီတွေကို အစိုးရအာဏာနဲ့ ဖျက်သိမ်း ဖို့ဆိုတာက ဒီမိုကရေစီ အစိုးရအတွက် သင့်လျော်မှု ရှိ၊ မရှိ ဆိုတာကို စဉ်းစားဖို့ လိုပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။

မီးလင်းရေး ကော်မတီများကို ဖျက်သိမ်း၍ နိုင်ငံတော်၏ အစီအစဉ်ဖြင့်သာ ဆက်လက် အကောင်အထည်ဖော်မည် ဆိုပါက ဆောင် ရွက်ဆဲ ကျေးရွာ ကော်မတီများ၏ အရှိန်အဟုန်များကိုလည်း ရပ်တန့်သွားစေနိုင်ဟု ဒေါက်တာ ထွန်းနိုင်က ဆိုသည်။

ကျေးရွာ မီးလင်းရေး ကော်မတီများသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မဟုတ်ဘဲ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ကြီး ကြပ်မှုဖြင့် ကျေးရွာလူထု၏ အများဆန္ဒအရ ဖွဲ့စည်းထားသည့် ကျေးရွာမီးလင်းရေး ကော်မတီများ ဖြစ်ကြောင်း၊ ဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအောက်မှာ မရှိကြောင်း ပြောဆိုသည်။

အဆိုရှင် မိကွန်ချမ်းကမူ “ဝန်ကြီးဌာနကိုလည်း အားလုံး တာဝန်ယူဖို့ ပြောနေတာ မဟုတ်ဘူး။ တာဝန်တွေ အများကြီး ယူနေရတာ လည်း သိတယ်။ ဒီအရှုပ်ထုတ်တွေဟာ နောက်ကိုလည်း မီးလင်းရေး ကော်မတီတွေကို ဖွဲ့ဖို့ လိုအပ်လာရင် ဒါမျိုးတွေ ထပ်မဖြစ် အောင် ကျမတို့ ဘာတွေ ဆောင်ရွက်လို့ ရမလဲ။ ကျမက ဒီအဆိုကို တင်ထားတာ ၁ နှစ် ကြာနေပြီ”ဟု လွှတ်တော်တွင် ပြောသည်။

ကော်မတီများသည် အဂတိလိုက်စားမှု ရှိသည်ကို တွေ့ရကြောင်း၊ သို့သော် တိတိကျကျ စည်း မျည်း ဥပဒေနှင့်အညီ ဆောင်ရွက် နေသူများလည်း ရှိကြောင်း၊ အကုန်လုံးကို ပယ်ဖျက်ပါက နစ်နာသူများ ရှိနိုင်ကြောင်း၊ ထို့ကြောင့် ပယ်ဖျက်ခြင်းထက် အဂတိ လိုက်စားသူများကိုသာ ထိထိရောက်ရောက် အရေးယူသင့်ကြောင်း လွှတ်တော် အမတ်များကလည်း ဆွေးနွေးကြသည်။

ထို့ကြောင့် ဒေါ်မိကန်ချမ်းက ၎င်း၏ အဆိုကို ဝန်ကြီးဌာနက မှတ်တမ်းတင်သင့်ကြောင်း တင်ပြချက်ကို လက်ခံသဖြင့် လွှတ်တော်၏ သဘောထားကို ရယူရာတွင်လည်း ကန့်ကွက်သူမရှိ၍ မှတ်တမ်းတင်နိုင်ခဲ့သည်။

ကျေးလက်မီးလင်းရေး ကော်မတီများကို ကော်မတီ ဖွဲ့စည်းပုံ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဖွဲ့စည်းဖို့ လိုအပ်သလို ကော်မတီ၏ လုပ်ငန်း၊ တာဝန်၊ သက်တမ်းကိုလည်း ဖော်ပြထားရန် လိုကြောင်း၊ ကျေးလက် မီးလင်းရေး ကော်မတီများမှ ကောက်ခံသည့် ငွေကြေးများနှင့် ပတ်သက်ပြီး စာရင်းစစ်ဆေးခြင်း၊ ငွေစာရင်းရှင်းခြင်းများကို အနည်းဆုံး (၃) လ တကြိမ် စာရင်း ရှင်းလင်းသင့်ကြောင်း လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ပြောသည်။

“ကျေးလက်မီးလင်းရေးအတွက် အများပြည်သူက ယုံကြည်စွာဖြင့် အပ်နှံထားတဲ့ငွေတွေကို အလွဲသုံးစားပြုလုပ်ရာမှာလည်း မီးလင်း ရေး ကော်မတီ တရပ်လုံးက အလွဲသုံးစားပြုလုပ်တာထက် မီးလင်းရေး ကော်မတီ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူးစတဲ့ အများ စုကသာ အလွဲသုံးစားပြုနေတာကို တွေ့ရပါတယ်”ဟု ဦးမျိုးဇော်ဦးက ပြောသည်။

ကမ္ဘာ့ဘဏ် မှပေးအပ်မည့် International Development Association (IDA) ချေးငွေ အမေရိကန် ဒေါ်လာ ၅၆၃ သန်းဖြင့် အမျိုးသား လျှပ်စစ်ဓါတ်အား ရရှိရေး စီမံချက် (NEP) ကို စတင်မည်ဖြစ်ရာ ပထမအဆင့်တွင် ၁၁ ကေဗွီလိုင်းနှင့် ၂ မိုင်အတွင်းရှိ ကျေးရွာ များ၊ ဒုတိယအဆင့်တွင် ၅ မိုင်အတွင်းရှိ ကျေးရွာများ၊ တတိယအဆင့်တွင် ၁၁ ကေဗွီလိုင်းနှင့် ၁၁ မိုင်ကျော်သော ကျေးရွာ များအတွက် ၃၃ ကေဗွီ ဓါတ်အားခွဲရုံများ တည်ဆောက်ပေးရန် လျာထားကြောင်း သိရှိရသည်။

“NEP ကို လေ့လာကြည့်ပါက ကျေးရွာများအတွက် ၁၁ ကေဗွီလိုင်း သွယ်တန်းခြင်း၊ ထရမ်စဖော်မာများ ချပေးခြင်းနှင့် ၃၃ ကေဗွီ ဓါတ်အားခွဲရုံ တည်ဆောက်ပေးမည့် လုပ်ငန်းများသာ ပါဝင်ပြီး ကျေးရွာများအနေနဲ့ ကျေးရွာအတွင်း ဓါတ်တိုင် စိုက်ထူခြင်း၊ ကြိုး သွယ်တန်းခြင်းများကို ကိုယ်ထူကိုယ်ထ ပြုလုပ်ပေးရမှာဖြစ်တဲ့အတွက်ကြောင့် မီးလင်းရေးကော်မတီကို ဖျက်သိမ်းလိုက်ပါကများစွာ အခက်အခဲ ဖြစ်သွားမှာပါ”ဟု ဦးမျိုးဇော်ဦးက ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ယူ၍ မီးရရှိအောင် ဆောင်ရွက်ခဲ့သည့် ကျေးရွာပေါင်း ၂၉၅၇ ရှိရာ မီးလင်းရေး ကော်မတီ ဖွဲ့၍ မီးရရှိသည့်ရွာက ၇၄၄၁ ရှိသောကြောင့် ကော်မတီက ပိုမိုအောင်မြင်နေကြောင်း၊ ၂၀၀၉ ခုနှစ် မတိုင်မီ အစိုးရက နှစ်စဉ် ရွာ ၁၀ ရွာကိုသာ မီးလင်းအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၀၉ မှ ၂၀၁၃ အထိ ရွာ ၅၀၊ ၂၀၁၄ မှ ၂၀၁၆ အထိ ၄၄၀ ရွာတို့ကို မီးရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ကျေးရွာ မီးလင်းရေး အစီအစဉ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ဆဲ ကျေးရွာပေါင်း ၁၁၈၇ ခု၊ ကော်မတီ၏ မီးလင်းရေး အစီအစဉ်ဖြင့် မီးလင်းရေး ဆောင်ရွက်လိုကြောင်း တင်ပြလျှောက်ထားလာသည့် ကျေးရွာပေါင်း ၃၀၄ ခုနှင့် စုစုပေါင်း တနိုင်ငံလုံးတွင် မီးလင်းရေး ကေ်ာမတီပေါင်း ၈၉၄၂ ဖွဲ့ ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ပြောသည်။

“အစိုးရက မီးလင်းအောင် လုပ်ပေးမယ့် နိုင်ငံတော်ရဲ့ အစီအစဉ်ကို မစောင့်နိုင်လို့ ကျေးရွာမီးလင်းရေး ကော်မတီတွေဖွဲ့ဖို့ ခွင့်ပြု ချက် တောင်းခံခဲ့ကြတာပါ။ မီးလင်းရေး ကော်မတီ အများစုဟာ အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။ ဖျက်မယ်ဆိုရင်လည်း ကျေးရွာပြည်သူများရဲ့ သဘောဆန္ဒအရသာ ဖျက်သိမ်းသင့်ပါတယ်။ ဖျက်သိမ်းရေးထက် ပြုပြင်ပြောင်းလဲတာက ပိုကောင်းပါတယ်”ဟု ဒုဝန်ကြီး ဒေါက်တာ ထွန်းနိုင်က လွှတ်တော်တွင် ပြောဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading