သတင်း

လမ်းပျက်စီးမှု များသည့် AK ကုမ္ပဏီ ပြင်းထန်စွာ သတိပေးခံရ

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ် အတွင်းရှိ AK ကုမ္ပဏီမှ တာဝန်ယူ ထားသည့် လမ်းအပိုင်းများ မိုးရာသီအတွင်း၌ ဆိုးရွားစွာ ပျက်စီးခဲ့မှုကြောင့် ၎င်းလမ်းပိုင်း ဆောက်လုပ်ရေး ကုမ္ပဏီအား ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရတို့မှ ပြင်းထန်စွာ ခေါ်ယူသတိပေး ထားကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးများထံမှ သိရှိ ရသည်။

ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံမှ ပြင်းထန်စွာ သတိပေး ကြောင်း စာအား ၎င်းဆောက်လုပ်ရေး ကုမ္ပဏီ တာဝန်ရှိသူ များထံ ယခုရက်ပိုင်းအတွင်း ပေးအပ်ထားပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကလည်း ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဦးဝင်းခိုင် ထံသို့ ထိုကုမ္ပဏီမှ တာဝန် မယူနိုင်ပါက ပွင့်ပွင့်လင်းလင်း ကြေငြာ ပေးရန် တောင်းဆိုထားကြောင်း မွန်ပြည်နယ် အဖွဲ့ဝင် ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

“AK ကုမ္ပဏီ တာဝန်ရှိသူတွေကို ပြည်ထောင်စု လမ်းဦးစီး ဌာနက ခေါ်ယူ သတိပေး ထားပြီးပြီ။ မနေ့ သြဂုတ်လ ၂၀ ရက်နေ့က ပြည်ထောင်စု လမ်းဦးစီးဌာန ညွှန်ချုပ် နောက်ဆုံးအကြိမ် ပြင်းပြင်းထန်ထန် သတိပေးစာ ထုတ်ပေးထားပြီးပြီ။ ဒီနေ့ မနက်ပဲ မွန်ပြည်နယ် ဝန်ကြီးချုပ် ကလည်း ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီး ထံကို ဖုန်းနဲ့ ဆက်သွယ်ပြီး ဒီကုမ္ပဏီက တာဝန်မယူနိုင်ဘူး ဆိုရင် တာဝန် မပေးဖို့ တောင်းဆိုလိုက်တယ်” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းကျော်လွင်က သြဂုတ်လ ၂၁ ရက်နေ့တွင် ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့၌လည်း ၎င်း AK ကုမ္ပဏီ တာဝန်ယူ ထားသည့် လမ်းပိုင်းရှိ ကားလမ်းမပေါ် ချိုင့်ခွက်၌ ဒေသခံ တဦးက ငါးမျှား နေသည့် သဏ္ဍာန်ပြု၍ ၎င်းဓါတ်ပုံအား လူမှု ကွန်ယက် စာမျက်နှာပေါ် တင်လိုက်ပြီးနောက် AK ကုမ္ပဏီအား ဒေသခံများ၏ ဝေဖန် ပြစ်တင်မှု ပိုမို မြင့်တက်လာခဲ့သည်။

“နေပြည်တော်က ခေါ်မယ်ဆိုရင်လည်း ခေါ်သင့်ပါတယ်၊ သူတို့က လမ်းမှ မပြင်တာ၊ လမ်းအပျက် အများဆုံး နေရာက ရောင်းဒေါင်း၊ နှီးပဒေါ၊ ကွမ်လှာ အဲဒီ သုံးရွာကြားက လမ်းပိုင်း၊ တချို့ချိုင့်တွေ ဆိုရင် အကြီးကြီး ၊ ကားနှစ်စီး ရှောင်လို့ မရတော့ဘူး၊ ချိုင့်အနက်ကလည်း တမိုက်ကျော်တယ်” ဟု သံဖြူဇရပ်-မော်လမြိုင်ကြား ပရိုဘောက်ကား လိုင်းဆွဲသူ အမည်မဖော်လိုသည့် ကားသမား တဦးမှ လမ်းပိုင်းအခြေအနေများအား ရှင်းပြခဲ့သည်။

လက်ရှိတွင် ထိုပျက်စီးနေသည့် လမ်းပိုင်းများအား လူအားဖြင့် ကျောက်ကတ္တရာ အရော (ဒေသခံ အခေါ် ဇီးယို) များဖြင့် လိုက်လံ ဖာထေး နေသည်ကိုလည်း ရှက်မိကြောင်းနှင့် ၎င်းတို့အား ပြင်းပြင်းထန်ထန် သတိပေး ထားကြောင်းလည်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ဆက်ပြောသည်။

“သတိပေးတာက နည်းနည်း သတိပေးတာ မဟုတ်ဘူး၊ ပြင်းပြင်းထန်ထန်ကို သတိပေးထားတာ၊ စိတ်ဆိုးလို့ ကျနော် ဆောက်လုပ်ရေး ဝန်ကြီးကိုလည်း ဖုန်းဆက်ပြီးပြီ။ AK မလုပ်နိုင်ဘူး ဆိုရင်လည်း ပြန်အပ်ပါ၊ လုပ်မယ် ဆိုရင်လည်း ထိထိရောက်ရောက် လုပ်ပါ။ ဇီးယို သုံးပြီး လမ်းဖာတာ ရှက်လွန်းလို့ ကျနော်တို့ လမ်းဖာတဲ့ စက်လည်း မှာထားပါတယ်” ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။

မော်လမြိုင်-မုဒုံ-သံဖြူဇရပ် လမ်းပိုင်း ၃၇ မိုင်အား BOT စနစ်ဖြင့် တည်ဆောက်၍ လမ်းအသုံးပြုခွင့် ကောက်ခံခွင့်အား အစိုးရနှင့် နှစ် ၄၀ တာဝန်ယူ ဆောက်လုပ်ခွင့် ရထားသော အေးကို မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီ လီမီတက် တာဝန်ယူ ထားသည့် လမ်းပိုင်းများသည် ယခု မိုးရာသီ၌ ဆိုးရွားစွာ ပျက်စီးနေခဲ့သည်။

မွန်ပြည်နယ် အတွင်းရှိ လမ်းပိုင်းများအား BOT စနစ်ဖြင့် အစိုးရမှ ဆောက်လုပ်ခွင့် ပြုထားခဲ့ရာ မွန်ပြည်နယ် အတွင်းတွင် အေးကို ကုမ္ပဏီမှ မော်လမြိုင် – မုဒုံ – သံဖြူဇရပ် လမ်းပိုင်းအား ဆောက်လုပ်ခွင့် ရရှိ ထားပြီး ရန်ကုန် – မော်လမြိုင် ၁၉၄ မိုင် အနက် ရွှေသံလွင် ကုမ္ပဏီမှ ဘီးလင်းမှ မော်လမြိုင် အထိ ဆောက်လုပ်ခွင့် ရရှိ ထားသည်။

ထိုကုမ္ပဏီ နှစ်ခု အနက် ရွှေသံလွင် ကုမ္ပဏီ၏ လမ်းအပိုင်းမှာ အေးကို (AK) လမ်းပိုင်းထက် အရည်အသွေး ကောင်းမွန်ကြောင်း ဦးမင်းကျော်လွင်က မှတ်ချက်ပြု ပြောကြားသည်။

“AK လမ်းက ပေါက်တာ များတော့ သူ့ကိုက မနိုင်တာ၊ သူတို့မှာ ကျွမ်းကျင် လုပ်သား ရှိတော့ ရှိတယ်၊ နည်းတယ်။ အဲဒါကြောင့် မနိုင်တာ။ ရွှေသံလွင်က အပြောကို မခံဘူး ၊ ဖြစ်တာနဲ့ လမ်းပျက်တာနဲ့ ဖာတာပဲ။ ပူးပေါင်းဆောင်ရွက်မှု ရှိတာပေါ့နော် ပြည်နယ် အစိုးရနဲ့” ဟု ဦးမင်းကျော်လွင်က မှတ်ချက်ပြု ပြောကြားသည်။

နည်းစနစ် အဟောင်းဖြင့် ခင်းထားသည့် လမ်းများသည် မိုးရာသီ၌ မိုးရေစိမ့်၍ လမ်းများ ပျက်စီးမှု ဖြစ်ပေါ်ပြီး လမ်းပိုင်းများ၌ ရေစီးရေလာစနစ် မြောင်းများအား မတည်ဆောက် ထားခြင်းသည်လည်း လမ်းပျက်စီးရခြင်း၏ အဓိက အကြောင်းရင်းများ ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် ဦးမင်းကျော်လွင်တို့က ထောက်ပြ ပြောဆိုခဲ့သည်။

ဧရာဝတီ သတင်းဌာနမှ သြဂုတ်လ ၂၁ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ အေးကို မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီ ရုံးသို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း တာဝန်ရှိသူများ နေပြည်တော်သို့ ရောက်ရှိ နေသဖြင့် ပြန်လည်ဖြေကြား ပေးနိုင်သေးခြင်း မရှိကြောင်း ဝန်ထမ်း တဦးမှ ပြန်လည် ဖြေကြားခဲ့သည်။

မွန်ပြည်နယ်တွင် ယခု ၂၀၁၇ ခုနှစ်၌ ဇန်နဝါရီမှ ဇူလိုင်လကုန် အထိ မိုးရွာရက် ၇၈ ရက် ရှိခဲ့ကာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မိုးရွာရက် ၆၁ ရက်ထက် ၁၇ ရက် ပိုမို ရွာသွန်း ခဲ့ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းများ အရ သိရှိရသည်။

မိုးရေချိန် လက်မ အားဖြင့်လည်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ဇန်နဝါရီမှ ဇူလိုင်လ အထိ မိုးရေချိန် လက်မ ၈၈ ဒသမ ၂၉ လက်မ ရွာသွန်း ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဇန်နဝါရီမှ ဇူလိုင်အထိ မိုးရေချိန် လက်မ ၁၀၇ ဒသမ ၆၈ လက်မ ရွာသွန်း ခဲ့သဖြင့် ယခင် ၂၀၁၆ ခုနှစ်ထက် မိုးရေချိန် လက်မ ၂၀ နီးပါး ပိုမို ရွာသွန်း ခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်တွင် ယခင် ၂၀၁၆ ခုနှစ်ထက် မိုးရေချိန် လက်မ ၂၂ ရာခိုင်နှုန်း ပိုမို ရွာသွန်းခဲ့ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading