သတင်း

နမ္မတီးစစ်ရှောင်များ နေရပ်ရင်းပြန်တော့မည်

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ရှိ ဘုရားကျောင်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၁ ထောင် ဝန်းကျင်ကို သြဂုတ်လ ၂၂ ရက်၊ မနက်ပိုင်းတွင် နေရပ်သို့ ပြန်ပို့ပေးရန် စီစဉ် ထားသည်ဟု ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) က ဧရာဝတီကို ပြောသည်။

ဘာသာရေးဆရာများ၊ PCG အဖွဲ့ဝင်များက စစ်ဘေးရှောင် ဒုက္ခသည်များကို တွေ့ဆုံမေးမြန်းရာ ၎င်းတို့က နေရပ်ကို အမြန်ဆုံး ပြန်လိုကြောင်း၊ နှစ်ဖက်တပ်ဖွဲ့ အာဏာ ပိုင်များကို ညှိနှိုင်းပေးစေလိုကြောင်း တောင်းဆိုသဖြင့် ၎င်းတို့၏ ဆန္ဒ အတိုင်း နေရပ်ပြန်နိုင်ရန် စီစဉ်ပေးခြင်း ဖြစ်သည်ဟု PCG မှ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာ က ပြောသည်။

ဦးလမိုင်ဂွမ်ဂျာ က “စစ်ရှောင်တွေက အလားတူပြဿနာတွေ ဆက်မဖြစ်ဖို့ ရွာကို ပြန်နိုင်ဖို့နဲ့ သူတို့ အသက် အာမခံဖို့ တင်ပြ လာတာရှိတယ်။ ကျနော် တို့က သက်ဆိုင်ရာ အစိုးရရယ် KIO ရယ်ကို ညှိနှိုင်းပြီး မနက်ဖြန် ၁၂ နာရီမှာ အားလုံး ပြန်ပို့ဆောင် ပေးဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နမ္မတီးမြို့ရှိ နှစ်ခြင်း ဘုရားကျောင်းနှင့် ကတ်သလစ် ဘုရားကျောင်းတို့တွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည် ဦးရေ ၁ ထောင် ဝန်းကျင်သည် ကဆုန့်ကျေးရွာနှင့် ဇွပ်မိုင်ရွာတို့မှ ဒေသခံများ ဖြစ်ပြီး သြဂုတ်လ ၁၁ ရက်က တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားသဖြင့် ထွက်ပြေး လာရသူများ ဖြစ်သည်။

PCG အဖွဲ့ဝင်များနှင့် ဘာသာရေးဆရာများက စစ်ရှောင်ဒုက္ခသည်များ ပြောဆိုချက်များအပေါ် KIA ၊ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၁) မှ တာဝန်ရှိသူများနှင့် ပြောဆို ညှိနှိုင်းခဲ့ပြီး စစ်ရှောင်များ နေရပ် ပြန်မည်ဖြစ်ကြောင်း၊ ဒေသခံများ နေရပ်တွင် တိုက်ပွဲများ ထပ်မံ မဖြစ်စေရေးကို ဆောင်ရွက် ပေးစေ လိုကြောင်းကိုလည်း ကချင်ပြည်နယ် အစိုးရထံ PCG က စာပို့ထားသည်ဟု သိရသည်။

ဦးလမိုင်ဂွမ်ဂျာက “အဓိက ကတော့ စစ်ကြောင်းတွေ မရှိတော့ဘူးလို့ တပ်မတော်၊ စကခမှူးက ပြောတယ်။ စစ်ကြောင်း မရှိတော့ရင် ပြဿနာက မရှိတော့ဘူးလေ။ တဖက် KIA ဘက်ကလည်း ရွာမှာ မရှိတော့ဘူး တောင်ထိပ်ဘက် ရောက်သွားပြီ ပြောတော့ ပြန်မယ့် ဒေသခံတွေ လုံခြုံရေးက စိတ်ပူစရာ မလိုတဲ့ အခြေ အနေတော့ ရှိပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ကလည်း စစ်ရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ များမှ တဆင့်ကားများ ကူညီပေးမည်ဟု PCG ကို ပြောဆိုကြောင်း သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်ဒုက္ခသည် ၆၀၀ ကျော် ခိုလှုံနေသည့် နမ္မတီးမြို့၊ နှစ်ခြင်းဘုရားကျောင်းမှ သိက္ခာ တော်ရ ဆရာတော်ကြီး ဦးလရိန်က “ မနက်ဖြန် ၁၂ နာရီမတိုင်မီ သူတို့ ပြန်ကြဖို့ အစီအစဉ်ရှိပါတယ်။ ကျနော် ကတော့ ဒုက္ခသည်တွေကို ဧည့်ခံကျွေးမွေးတာ ဖြစ်ပါတယ်။ သူတို့ ပြန်မယ်ဆိုရင်လည်း သူတို့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ PCG တွေက သူတို့ ပြန်နိုင်ဖို့အတွက် ကချင်ပြည်နယ်အစိုးရနဲ့ ဌာနဆိုင်ရာတွေနဲ့ စီစဉ်တာပါ” ဟု ပြောသည်။

စစ်ရှောင်များအား နေရပ်သို့ ပြန်ပို့ဆောင်ပေးရန် PCG နှင့် ဘာသာရေး ဆရာများက ကား အစီး ၆၀ ခန့် စီစဉ်ထားပြီး ဘုရားကျောင်းတွင် ခိုလှုံစဉ်က အလှူရှင်များ လာရောက်လှူဒါန်းထားသည့် စားနပ်ရိက္ခာများ ကိုလည်း တပါတည်း ထည့်ပေး လိုက်မည်ဟု ဦးလမိုင်ဂွမ်ဂျာ က ဆိုသည်။

သြဂုတ်လ ၁၁ ရက်က ကဆုန့်ကျေးရွာနှင့် ဇွပ်မိုင်ရွာတို့အတွင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ တပ်မတော် နှင့် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၁) တို့ ဖြစ်သည်။

သြဂုတ်လ ၁၈ ရက်ကလည်း တပ်ရင်း (၁၁) က “တားမြစ်နယ်မြေသတ်မှတ်ခြင်း” ဟူသည့် စာတစောင် ထုတ်ပြန်ထားပြီး ထိုထဲတွင် စစ်ရေးတင်းမာမှုများ ရှိနေသဖြင့် သစ်ခုတ်လုပ်ငန်း၊ အခြား အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ၊ တောလည်ခြင်း၊ ငါးဖမ်းခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန် တားမြစ်သည်ဟု ရေးသားထားသည်။

တပ်ရင်း (၁၁) က တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထားသည့် နေရာများမှာ နမ့်ခမ်းချောင်းရိုးတလျှောက် မှ ခမွတ်ချောင်း၊ ဖော်ကျန်ကုန်းမှ နမ္မတီးချောင်း၊ ရှန်ခချောင်းဖျား၊ မိုင်စော်ခက်၊ ပိတောင် တောင်မှ လက်ထောင်ချောင်း၊ ရီတောင်ချောင်း၊ ဝရောင်တောင် မှ တာရိုးယန် ၊ ဂျောင်ဒေါ့ ၊ ရှလန်ခတ် ၊ ဖုန်အင်ချောင်းတို့ ဖြစ်သည်ဟု စာထဲတွင် ရေးသားထားသည်။

ထိုနေရာများသို့ ဝင်ထွက် သွားလာပါက ဖြစ်ပေါ်လာသည့် ပြဿနာများကို တပ်ရင်း (၁၁) က တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်း ပြင်းထန်စွာ (ပြင်းထန်စွာ) သတိပေးအပ်သည်ဟုလည်း ရေးသား ထုတ်ပြန်ခဲ့သေးသည်။

ဆက်စပ်ဖတ်ရှုရန် –

နမ္မတီးတွင် တိုက်ပွဲဖြစ်ပွား၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ကချင်စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာလှူရန်သွားသည့်ကားများ တားမြစ်ခံရ

နမ္မတီးရှိ ကချင် စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ လိုအပ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading