သတင်း

မွန်ပြည်သစ်ပါတီကို တွေ့ဆုံမည်ဟု ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြန်

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်သစ်ပါတီက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် တောင်းထားပြီး ဒေါ်အောင် ဆန်းစုကြည်က တွေ့ဆုံမည်ဟု အကြောင်းပြန်ထားကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

မွန်ပြည်သစ်ပါတီသည် ထိပ်တန်းခေါင်းဆောင်များ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့ကို ဖွဲ့စည်းထားပြီး နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို သြဂုတ်လ အတွင်း၌ တွေ့ဆုံနိုင်ရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

“သြဂုတ်လ ၁၀ ရက်နေ့က ကျနော်တို့ စာပို့ ထားတယ်၊ အဲဒီ စာအပေါ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တွေ့မယ်လို့ အကြောင်းပြန် ထားတယ်၊ ရက်ချိန်းကတော့ အတိအကျ မညှိရသေးဘူး” ဟုနိုင်ဝင်းလှက ပြောသည်။

ထိုသို့ တွေ့ဆုံခွင့် တောင်းဆိုရခြင်းမှာ လက်ရှိ ဖြစ်ပျက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် မွန်ပြည်သစ် ပါတီ၏ သ ဘောထား၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အပေါ် ၎င်းတို့၏ အမြင်၊ လတ်တလော ဖြစ်ပျက်နေသည့် မြေပြင် စစ်ရေး အခြေအနေ၊ တပ်နေရာချထားမှု အကြောင်းများကို တင်ပြနိုင်ရန် ဖြစ်ကြောင်း ၎င်းကပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တွေ့ဆုံခွင့်တောင်းရာတွင် ခရီးစဉ်များပြားနေ၍ ကာချုပ်ကိုယ်စား အမှတ်၄ စစ် ဆင်ရေး အထူး အဖွဲ့မှူးဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း တို့နှင့် မွန်ပြည်သစ် ပါတီ ခေါင်းဆောင်များ ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့တွင် ရေးမြို့၌ တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် မွန်ပြည်သစ်ပါတီ၏ မွန်တော်လှန်ရေးနေ့ အခမ်းအနားများ၌ လက်နက်ဖြင့် စစ် ရေးပြခြင်း၊ သေနတ်ဖောက်ခြင်း များကြောင့် သြဂုတ်လ ၆ ရက်နေ့မှ စတင်ကာ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် အ ခြေစိုက်စခန်း အနီးရှိ တောင်ပေါက်၊ ထီးပေါ့ကလိုး ၊ အုမ်းခတွန်း၊ ဝယ်ကလွန် ၊ လှိုင်ကနီ စသည့် ကျေးရွာများသို့ အစိုးရ တပ်မတော် ခမရ ၂၈၃ ၊ ၂၈၄ ၊ ခလရ ၂၈ ၊ ၃၂ တို့မှ စစ်သည်အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက် ခဲ့ပြီးနောက် နှစ်ဖက် အကြား စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။

မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ကစထမှူး၊ တိုင်းမှူးတို့နှင့်တွေ့ဆုံ ဆွေးနွေးပြီးနောက် သြဂုတ်လ ၁၉ ရက်နေ့ နံ နက်ပိုင်းမှ စ၍ ၎င်းဒေသတို့ ဖြန့်ကြက် ထားသည့် တပ်မတော် စစ်ကြောင်းများ ပြန်လည် ဆုတ်ခွာခဲ့ပြီး လက်ရှိတွင် တောင် ပေါက် ကျေးရွာတွင် အခြေစိုက် ထားသည့် စစ်ကြောင်း အင်အား ၃၀ ခန့်သာ ကျန်ရှိတော့ကြောင်း မွန်ပြည်သစ် ပါတီ မော်လမြိုင်ခရိုင် အတွင်းရေးမှူး နိုင်ထွန်းကပြောသည်။

မွန်ပြည်သစ် ပါတီသည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော် အစိုးရနှင့် ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲရေးစာချုပ် ပြည်နယ် အဆင့် ပြည်ထောင်စု အဆင့် တို့နှင့် ချုပ်ဆိုထားကာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်( NCA) အား လက်ခံ သ ဘောတူပြီး စာချုပ်ချုပ်ဆို နိုင်ရေး အတွက် ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်သည်။

ထို့ပြင်အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆွေးနွေးနေသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု၏ လက်ရှိဥက္ကဋ္ဌအဖြစ် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာက တာဝန် ယူထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading