သတင်း

မြောက်ဦးဒေသ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရေး အဆို၂၀၁၈ ၌တင်သွင်းမည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်းမြို့တော်အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရေး အတွက် အဆိုမူကြမ်း တင်သွင်းမှုအား ၂၀၁၈ ခုနှစ်တွင် တင်သွင်းနိုင်ရန် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် အဆိုပြုချက် စာတမ်းကို ၃ ကြိမ် တင်သွင်းရမည် ဖြစ်ပြီး၊ ကနဦး အဆိုပြုချက် မူ  ကြမ်းအား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း တင်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဟု ရှေးဟောင်းသုတေသနနှင့် အ မျိုးသားပြတိုက် ဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် (ငြိမ်း)၊ မြောက်ဦးဒေသ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရေး အ ဆို စာတမ်းများ ရေးသားပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်နုမြဇံ က ဧရာဝတီ ကို ပြောသည်။

ထို့အတူ ဒုတိယ အကြိမ်မြောက် အဆိုပြုချက်အား ၂၀၁၉ ခုနှစ်နှင့် အသေးစိတ်အချက်အလက်များအားလုံး ပါဝင်သည့် နောက်ဆုံး အပြီးသတ် အဆိုပြုချက် စာတမ်းကိုလည်း ၂၀၂၀ ခုနှစ် အစောပိုင်း၌ တင်သွင်းနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

မြောက်ဦးနှင့်ပတ်သက်၍ ကမ္ဘာ့ယဉ်ကျေးမှု အဖွဲ့၊ ယူနက်စကို (UNESCO) မှ ပညာရှင်များနှင့် ရခိုင်သမိုင်းလေ့လာနေ သည့် နိုင်ငံခြား ပညာရှင်များ၊ ရခိုင်သမိုင်း ပညာရှင်များ၊ မြောက်ဦး သမိုင်းပြုစု နေသည့် သုတေသီများ၊ ပြည်နယ်အစိုး ရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ စသည်တို့ကလည်း သြဂုတ်လ ၂၁ ရက်နေ့က မြောက်ဦးမြို့၌ ဆွေးနွေးပွဲ တခု ပြု လုပ်ခဲ့ကြသည်။

ထိုဆွေးနွေးပွဲ၌ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန်အတွက် စံသတ်မှတ်နှုန်းများကို အဓိကထား ဆွေးနွေး ကြပြီး၊ ဖြစ်နိုင်ခြေရှိ သည့်အချက်အလက်များကို ကိုကားရေးသားကြရန် အကြံပြုခဲ့ကြကြောင်း  ဒေါ်နုမြဇံက ပြောသည်။

၎င်းက “အမွေအနှစ်စာရင်းဝင်ဖို့အတွက် စံနှုန်းသတ်မှတ်ချက်တွေအများကြီးရှိတယ်၊ အဲဒီထဲကမှ ဘယ်အချက်ဟာ အဆို ပြုစာရေးတဲ့အခါမှာ အကောင်းဆုံးလည်းဆိုတာကို ဆွေးနွေးကြတယ်၊ အဲဒီထဲက အချက်၂ ချက်ကို ရွေးဖို့  သဘောတူ ခဲ့ကြ တယ်၊ ၂၀၁၉ နှောင်းပိုင်းလောက်မှာ အပြီးသတ်တင်နိုင်အောင်လည်း ကြိုးစားမယ်” ဟု ဆိုသည်။

မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရေး တင်သွင်းနိုင်ရန်အတွက် ၆ ချက်အား အကြမ်းအားဖြင့် ရွေးချယ်ထားကြောင်း၊ ယင်းတို့အနက် အချက် နှစ်အား အများစုက သဘောတူထားကြပြီး၊ တခြားအချက်များကို ဆက် လက် ဆွေးနွေးရန် သဘောတူညီခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ၊ မြောက်ဦး သမိုင်း အထောက်အထား ရှာဖွေ ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သိန်း က ဧရာဝတီ ကို ပြောသည်။

ရွေးချယ်ထားသည့် အချက်နှစ်ချက်တွင် ပျောက်ဆုံးသွားခြင်း သို့မဟုတ် တည်ရှိနေသည့် ရိုးရာ အစဉ်အလာ တရပ် သို့မ ဟုတ် မြို့ပြယဉ်ကျေးမှု သို့မဟုတ် အနည်းဆုံး ထူးခြားသည့် ပြယုဒ် တခုခု အနေဖြင့် ဖော်ဆောင်ရန် ဟူသောအချက်နှင့် လူ့ဘောင်သမိုင်း၌ အရေးပါသည့် အခြေအနေတရပ်ရပ် သို့မဟုတ် အခြေအနေများအား သရုပ်ဖော်ထားသည့် ဗိသုကာ ဆိုင်ရာ အဆောက်အအုံ၊ ပတ်ဝန်းကျင် အခင်းအကျင်း နမူနာပုံစံတို့ ဖြစ်ကြောင်း သိရသည်။

မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတင်သွင်းရေးနှင့်ပတ်သက်၍ မြောက်ဦးမြို့ခံများ၏ နေအိမ်များ အား ပြောင်းရွှေ့ရန် မလိုအပ်ကြောင်း၊ ထို့ကြောင့် မြောက်ဦးဒေသခံများ အနေဖြင့်လည်း စိုးရိမ်ရန် မလိုအပ်ကြောင်း ဒေါ် ခင်သိန်း က ပြောသည်။

ဒေါ်ခင်သိန်းက “မိမိတို့နေရာတွေကို ဖယ်ပေးစရာမလိုတဲ့အတွက် စိုးရိမ်စရာ လုံး၀ မလိုအပ်ပါဘူး၊  အဲဒီအတွက်လည်းပဲ ပြည်သူတွေကို အသိပညာပေးမှုတွေ လုပ်နေပါပြီ၊ တကယ်တော့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစားတာဟာ မြောက် ဦးဒေသကို အမျိုးသားအဆင့် ကနေ ကမ္ဘာ့အဆင့် ထိန်းသိမ်းလိုက်တဲ့ သဘောပါ” ဟု ပြောသည်။

မြောက်ဦးဒေသနှင့်ပတ်သက်၍ စံသတ်မှတ်နှုန်း ရွေးချယ်ရာတွင် ကျောက်သားထုများ သီးသန့်ဖြင့် တည်ဆောက်ထား သည့် စေတီပုထိုး အများအပြားအား တနေရာတည်းတွင် တည်ရှိနေခြင်းနှင့် ရှေးခေတ်ရခိုင်တို့၏ ဗိသုကာလက်ရာတို့လည်း ပါဝင် ကြောင်းသိရသည်။

ထို့အတူ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ကော်မ တီ၊ အဖွဲ့အစည်း ၁၄ ခုကို ဖွဲ့စည်းထားပြီး၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အချိန်မီပြီးစီးရန် ဆောင်ရွက်နေကြပြီ ဟု ဖြစ်မြောက်ရေး အဖွဲ့ဝင်များ က ပြောသည်။

ယင်းအဖွဲ့များ၌ ပညာရှင်အဖွဲ့၊ အကြံပြုအဖွဲ့၊ သာမန် သုတေသနအဖွဲ့၊ အကြံပေး ပညာရှင်များအဖွဲ့၊ သမိုင်းအထောက်အ ထား ရှာဖွေရေးအဖွဲ့၊ ပန်းရံဆိုင်ရာ ရေးဆွဲရေးအဖွဲ့၊ ပထဝီ သတင်းအချက်အလက် ရေးသားရေး အဖွဲ့ စသည်တို့ပါဝင် သည်။

၎င်းတို့၏ လုပ်ဆောင်မှုများအား ဘတ်ဂျက်သည် အဓိက ဖြစ်၍ ဘတ်ဂျက် ရရှိမှု အပေါ်မူတည်၍ လုပ်ဆောင်ရ မည်ဟုလည်း သိရသည်။

မြောက်ဦးဒေသ ကမ္ဘာ့ယဉ်ကျေးမှု အမွှေအနှစ် စာရင်းဝင်ရေး အတွက် လိုအပ်နေသည့် ဘဏ္ဍာငွေကို ပြည်နယ် အစိုးရက ကူညီထောက်ပံ့ပေးမှုဖြင့် ကနဦးဆောင်ရွက်နေကြောင်း၊ ထို့အတူ နိုင်ငံတော် အစိုးရနှင့်နိုင်ငံတကာ အဖွဲ့တချို့ကလည်း ထောက်ပံ့ပေးရန် ရှိကြောင်း  ဖြစ်မြောက်ရေး အဖွဲ့ဝင်များ က ပြောသည်။

ယင်းဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်နေသည့် ကဏ္ဍများအား လုပ်ဆောင် ပြီးပါက နိုင်ငံတော် အစိုးရက ကမ္ဘာ့ယဉ်ကျေးမှု အဖွဲ့သို့ တင်သွင်းရမည်ဖြစ်သည်။ ထိုသို့တင်သွင်းပြီးပါက နိုင်ငံတကာ အ မွေ အနှစ် ထိန်းသိမ်းရေး ကော်မတီက လာရောက်စစ်ဆေးမှု လုပ်ဆောင်မည်ဖြစ်သည်။

ထိုသို့ စစ်ဆေးပြီးပါက World heritage committee သို့ ထပ်မံ အစီရင်ခံစာ တင်သွင်းပြီး၊ ထိုကော် မတီက ဆုံးဖြတ်ပေး မည် ဖြစ်သည်။

ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ရေးအတွက် မြန်မာနိုင်ငံက ကနဦး တင်သွင်းသည့်အရာများတွင် ပျူမြို့ဟောင်း၊ ပုဂံနှင့် မြောက်ဦးတို့ ပါဝင်သည်။ ယင်းတို့အနက် မြောက်ဦးယဉ်ကျေးမှုဇုန်သည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် ပုဂံထက် အလားအလာ ပိုမိုရှိနေကြောင်း ရှေးဟောင်း သုတေသနအဖွဲ့ က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading