ထိုင်းနိုင်ငံတောင်ပိုင်း၊ ခိုတောင်ကျွန်း (Koh Tao) ကျွန်းလူသတ်မှုနှင့်ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရသည့် မြန်မာ ၂ ဦး သည် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံးက ချမှတ်မည့် နောက်ဆုံး အမိန့်အပေါ်တွင် စိုးရိမ်မှုများရှိနေကြောင်း ယင်းအမှုအား လိုက်ပါဆောင်ရွက်နေသူများက ပြောသည်။
ထိုင်းအစိုးရက ၉ နှစ်ကျော်ကြာ ရပ်ဆိုင်းထားခဲ့သော သေဒဏ်ကျ အကျဉ်းသား ကွပ်မျက်မှုကို ယခုနှစ်ဇွန်လတွင် ပြန်လည် ကျင့်သုံးခဲ့ပြီးနောက် စိုးရိမ်နေခြင်း ဖြစ်ကြောင်း လိပ်ကျွန်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောသည်။
ဦးမင်းဦး က “သေဒဏ်က ထိုင်းမှာ မပေးတာကြာပြီလေ အခုလိုပေးလိုက်တော့ အားလုံးက ကြောက်ကုန်တာပေါ့။ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း အပါအဝင် သေဒဏ်ပေးခံထားရတဲ့ သူတွေအားလုံးက ကြောက်ကုန်တာ မျှော်လင့်ချက် မဲ့သလို ဖြစ်ကုန်ကြတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းနိုင်ငံတွင် သေဒဏ်ကျ အကျဉ်းသားကွပ်မျက်မှုကို ၉ နှစ်ကြာ ရပ်ဆိုင်းထားခဲ့ရာမှ ယခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အသက် ၂၆ နှစ်အရွယ် သီရာဆတ်လုန်ဂျီ ဆိုသူကို ဆေးထိုးသတ်ပြီး သေဒဏ် စီရင်ခဲ့သည်။ သီရာဆတ်လုန်ဂျီ သည် ကွပ်မျက်ခြင်း မခံရမီ နောက်ဆုံးအချိန်အထိ ဝင်းဇော်ထွန်း၊ ဇော်လင်းတို့နှင့် အကျဉ်းထောင်အတွင်း အတူနေခဲ့သူဖြစ်သည်။
ထိုင်းနိုင်ငံ နောခွန်ပထုံရှိ ဘန်ခဝမ် အကျဉ်းထောင်ထဲတွင် လိပ်ကျွန်းလူသတ်မှု သေဒဏ် ချမှတ်ခံထားရသော ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ အပါအဝင် သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသား ၇ ဦးရှိပြီး တသက်တကျွန်း ၃ ဦးရှိကြောင်း ၎င်းတို့ အားလုံးသည် ထိုင်းအစိုးရ၏ သေဒဏ်ကွပ်မျက်မှု ကြားသိရပြီးနောက် စိုးရိမ်နေကြသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ၌ ၂၀၀၃ ခုနှစ် ရှေ့ပိုင်းတွင် သေဒဏ်ကျခံရသူများကို သေနတ်နှင့် ပစ်၍ စီရင်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဆေးထိုး သတ်ပြီး စီရင်ခဲ့သည်။ ထိုသို့ စီရင်မှုကို ၉ နှစ်ကြာ ရပ်ဆိုင်းထားပြီးမှ ယခုနှစ်တွင် ပြန်လည်စီရင်ခဲ့ခြင်းဖြစ်သည်။
လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာ ပါရှိသော နောက်ဆုံး အယူခံလျှောက်ထားမှုအား ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး က ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် လက်ခံ စစ်ဆေးခဲ့သည်။
အယူခံ တင်ထားမှုအား ချေဖျက်နိုင်ရန် အတွက် ထိုင်းအစိုးရ ရှေ့နေများက လျှောက်ထားခြင်းကို ၂၀၁၈ မတ်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး ကလက်ခံလိုက်သည်။ ယင်းသို့ လက်ခံပြီးနောက် ၆ လ အကြာတွင် နောက်ဆုံး အမိန့်ချလာနိုင်ဖွယ်ရှိကြောင်း ရှေ့နေများက သုံးသပ်နေကြသည်။
သေဒဏ်စီရင်ခံခဲ့ရသော အသက် ၂၆ နှစ်အရွယ် တီရာဆက်လောင်ဂျီသည် ၂၀၁၂ ခုနှစ်က အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသူ တဦးကို ဖုန်းနှင့် ဘတ်ငွေ ၂ ထောင်လုယူကာ ဓားဖြင့် ၂၄ ချက်ထိုးသတ်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့မှုဖြင့် သေဒဏ်ချခံထားရသူဖြစ်သည်။
လိပ်ကျွန်းအမှုဖြင့် နောက်ဆုံး အယူခံရင်ဆိုင်နေရသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ အမှုသည် တီရာဆက်လောင်ဂျီ၏ အမှုနှင့် မတူကြောင်း မြန်မာ ၂ ဦးသည် ထိုအမှုတွင် ကျူးလွန်ခဲ့ခြင်းမရှိသဖြင့် လွတ်မြောက်လာလိမ့်မည်ဟု ယုံကြည် ထားကြောင်း လိပ်ကျွန်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီသို့ ပြောသည်။
“အန်ကယ်တို့ ကလေးတွေဟာ အပြစ်မရှိဘူး။ အမှုကနေ လုံးဝ လွတ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ဖြစ်ရပ်ချင်းမတူပါဘူး။ မတူပါဘူးဆိုတာက အန်ကယ်တို့ဖြစ်တဲ့ကိစ္စက ထိုင်းနိုင်ငံမှာ ဖြစ်တာမှ တပါး အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့ လွဲမှားစွာ ရှိနေပါတယ်။ အဲဒါကိုလည်း တရားရုံးမှာ သက်သေခံ တင်ထားပြီးပြီ” ဟု ဦးအောင်မျိုးသန့်က ပြောသည်။
ထိုအယူခံတွင် မြန်မာ ၂ ဦး သေဒဏ်ချမှတ်ခံရသည့် အမှုသည် မူလကတည်းက ပီပြင်ခိုင်လုံသော အထောက်အထားများ မရှိခြင်း၊ လူသတ်လက်နက်တွင် မျိုးဗီဇ (DNA) မတွေ့ရှိ ခြင်း၊ အဓမ္မပြုကျင့် ခံထားရသော အမျိုးသမီး၏ အဝတ်အစားများကို DNA စစ်ဆေးထားမှု မရှိခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
ဦးအောင်မျိုးသန့် က “အထင်ရှားဆုံးလက်နက်က လူသတ်လက်နက်ပေါက်တူးမှာ ကလေးတွေရဲ့ DNA မရှိဘူးဆိုတဲ့ အရှင်းဆုံး အချက်တွေ ပေါ်နေတာပါ။ ဒါကြောင့်မို့ ခုနကလို ကိစ္စတွေမှာလို သက်သေထင်ရှားမရှိဘဲနဲ့ သေဒဏ်ပေးလို့ ရနိုင်တဲ့ အခြေ အနေမျိုး မရှိဘူးဆိုတာကို အန်ကယ်တို့ ယုံကြည်ပါတယ်” ဟု ရှင်းပြသည်။
ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့၏ နောက်ဆုံး အယူခံရှုံးနိမ့်ခဲ့လျှင် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ တင်သွားရန် အတွက်လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ထိုင်းရှေ့နေများကောင်စီတို့က ညှိနှိုင်း ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဦးအောင်မျိုးသန့် က ပြောသည်။
လိပ်ကျွန်းအမှုသေဒဏ်ချခံထားရသူ ၂ ဦးအနက်မှ ဇော်လင်းသည် ယခင်လက ထောင်အတွင်း ထိုင်းအကျဉ်းသားတဦးနှင့် ခိုက်ရန် ဖြစ်ပွားမှု ဖြစ်ခဲ့ခြင်းကြောင့် တလ တိုက်ပိတ်ခံခဲ့ရကြောင်း သိရသည်။
ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက လိပ်ကျွန်းကို အလည်လာသည့် ဗြိတိန် နိုင်ငံသား နှစ်ဦး သတ်မှုဖြင့် တရားစွဲဆို၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ထားခြင်း ဖြစ်သည်။
ယင်းသို့ သေဒဏ် ချမှတ်ထားခြင်း အပေါ် မြန်မာနိုင်ငံသား နှစ်ဦး ဘက်မှ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ မြန်မာ ရှေ့နေ များ၊ မြန်မာသံရုံး တို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့ရာ ထိုင်းအစိုးရ အယူခံ တရားရုံး က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် မူလအမိန်းသာ အတည်ဖြစ်ကြောင်း ထပ်မံ ချမှတ်ခြင်း ခံခဲ့ရသည်။
လူသတ်မှုနှင့်ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က ဝန်ခံခဲ့သည်ဟု ထိုင်းရဲများက ကနဦးထုတ်ပြန် ကြေညာ ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက် ဝန်ခံခိုင်းခဲ့ခြင်းကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ လူသတ်မှု မကျူး လွန်ကြောင်း ထွက်ဆိုထားသည်။
ဗြိတိန် နိုင်ငံသားနှစ်ဦး ဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာ နှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်း ကမ်းခြေအနီးတွင် ဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ထိုလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့လည်း ဝေဖန်ခံနေရသည်။
ဆက်စပ် ဖတ်ရှုရန် – လိပ်ကျွန်းလူသတ်အမှု ၂ လအတွင်းအပြီးသတ် အမိန့်ချမည်
ထိုင်းနိုင်ငံ၌ ၉နှစ်အတွင်း ပထမဆုံးအကြိမ် သေဒဏ်စီရင်