သတင်း

နေပြည်တော် စည်ပင်အရာရှိ ၂ ဦး လာဘ်စားမှုဖြင့် တိုင်ကြားခံရ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော် သမ္မတ တိုက်ရိုက် အုပ်ချုပ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အရာရှိ ၂ ဦးကို ငွေကြေးများ လက်ခံရယူသည်ဟု ဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ သြဂုတ် ၂၁ ရက်နေ့တွင် တိုင်ကြားထားကြောင်း ဝက်ဈေးခုံ လိုင်စင် ရရှိသူများက သတင်းထောက်များကို ပြောသည်။

တိုင်ကြားခံရသူများမှာ နေပြည်တော် စည်ပင်သာယာ ကော်မတီ၊ ဈေးများဌာနမှူး ဦးမင်းလွင်စိုးနှင့် တိရစ္ဆာန် ဆေးကု နှင့် သားသတ်ရုံများ ဌာနမှူး ဦးခိုင်စိုးလှတို့ဖြစ်ပြီး ဈေးခုံလိုင်စင်များ ယာယီပိတ်သိမ်းမခံရရန် လုပ်ဆောင်ပေးမည်ဟု ဆိုကာ ဦးမင်းလွင်စိုးက ကျပ်သိန်း ၂၀၊ ဦးခိုင်စိုးလှက ကျပ် ၁၅ သိန်း တောင်းခံခဲ့ကြောင်း တိုင်ကြားသူ ဦးမျိုးခက်က ပြောသည်။

“သူ (ဦးမင်းလွင်စိုး)က ကျပ်သိန်း ၂၀ တောင်းတယ်။ ကျနော်က ၁၀ သိန်းပဲ ပေးနိုင်တယ်။ လုပ်ငန်းလိုင်စင်နဲ့ ပတ် သက်လို့ ပြန်ပြီးတော့ ဖုန်းဆက်ပေးမယ် ပြောတယ်။ ၂၂ ရက်နေ့အထိ မဆက်သွယ်ဘူး” ဟု ဈေး ၆ ခုတွင် ဈေးခုံ လိုင်စင်ရထားသူ ဦးမျိုးခက်က ဧရာဝတီသို့ ပြောသည်။

သားသတ်လိုင်စင်(စီ) ရယူကာ သက်ဆိုင်ရာဈေးများတွင် အသားရောင်းချခြင်း မရှိသည့်အတွက် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ လိုင်စင်လုပ်ငန်းများ ယာယီပိတ်သိမ်းရန် ညွန်ကြားချက် ထုတ်ပြန်ခဲ့ပြီးနောက် ငွေကြေးများ ပေးခဲ့သော်လည်း လိုင်စင် ပိတ်သိမ်းခြင်းကို ရုပ်သိမ်းခြင်း မရှိ၍ ယခုလို သတင်းထောက်များနှင့် တွေ့ဆုံ ရခြင်း ဖြစ်ကြောင်း ကာယကံရှင်များက ရှင်းပြသည်။

“H1N1 ကြောင့် မရောင်းရလို့ ဈေးအချို့မှာ ကျနော် အသားဆိုင်တွေ ခေတ္တပိတ်ခဲ့တာ၊ အရင်ကလည်း ဒီလိုပဲ အဆင် ပြေအောင် ခဏခဏ ပေးခဲ့ရတယ်၊ အခုပေးရတဲ့ သက်သေတွေလည်း အများကြီး ရှိပါတယ်”ဟု ဦးမျိုးခက်က သတင်း ထောက်များကို ပြောသည်။

လိုင်စင်ယာယီ ပိတ်သိမ်းရန် ဌာနမှူး ဦးခိုင်စိုးလှ လက်မှတ်ရေးထိုးထားသည့်စာတွင် ဈေးခုံလိုင်စင်(စီ)ရထားသူ ဒေါ်သန်းသန်း၊ ဦးဘိုဘိုဟန်နှင့် ဦးမျိုးခက်တို့ ၃ ဦးပါဝင်ပြီး စတုတ္ထအကြိမ်မြောက် အသားရောင်းရန် ပျက်ကွက်ခြင်း ကြောင့် သားသတ်လုပ်ငန်း စည်းကမ်းများ အပိုဒ် ၂၉ အရ ယာယီ ပိတ်သိမ်းခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

သို့သော် နေပြည်တော် ဈေးများဌာနမှူး ဦးမင်းလွင်စိုးက လာဘ်ငွေများနှင့် ကန်တော့ခြင်းတောင်းများကို ၎င်း၏ နေအိမ်သို့ လာပေးခဲ့သည် မှန်သော်လည်း လုံးဝ ရယူခဲ့ခြင်း မရှိကြောင်းနှင့် ၎င်းလာကန်တော့သည့် ခြင်းတောင်းနှင့် ပိုက်ဆံကို ကားပေါ်သို့ ပြန်တင်ပေးလိုက်ကြောင်း မီဒီယာများသို့ ပြန်လည် ရှင်းလင်းသည်။

ဦးမင်းလွင်စိုးက“ကျနော့်ကို တမင် ထောင်ချောက်ဆင်တာပါ။ ကျနော့် ဂုဏ်သိက္ခာ၊ ဌာန ဂုဏ်သိက္ခာအရရော ပြန် တရားစွဲမှာပါ” ဟု ပြောသည်။

ထို့ပြင် ၎င်းသည် မိဘအမွေအနှစ်များဖြင့် ချမ်းသာသူတဦး ဖြစ်သောကြောင့် ယင်းငွေကျပ်သိန်း ၂၀ လောက်ကို လုံးဝ စိတ်မဝင်စားကြောင်းနှင့် မီဒီယာများအနေဖြင့် ၎င်းနေထိုင်သည့် တိုက်ကို ဝင်ရောက်လေ့လာနိုင်ကြောင်း ပြောကြားခဲ့ သည်။

H1N1 ရောဂါ ဖြစ်ပွားနေစဉ်တွင် ကြက်၊ဝက်အသားများ မရောင်းရသည့်အတွက် ဈေးအချို့ရှိ ဆိုင်များအား ရက်ပိုင်း ပိတ်ခဲ့ခြင်းမှာ ယာယီပိတ်ခြင်းသာဖြစ်ပြီး လုပ်ငန်းနှင့် ပတ်သက်၍ ဈေးများဌာနနှင့် တိရစ္ဆာန် ဆေးကုနှင့် သားသတ် ဌာနတို့ကို မကြာခဏ ငွေပေးရမှုများ ရှိခဲ့ကြောင်း လုပ်ငန်းအတွေ့အကြုံ ၁၃ နှစ်ရှိ ဈေး ၉ ခုတွင် ဈေးခုံ လိုင်စင်(စီ) ရထားသူ ဦးဘိုဘိုဟန်က မီဒီယာများသို့ ပြောသည်။

ဦးဘိုဘိုဟန်က “ပိုက်ဆံတောင်းတာက တခါလည်း မဟုတ်၊ နှစ်ခါလည်း မဟုတ်တော့ဘူး၊ ကျနော်က သတ်သတ် ထပ်ပြီး တရားစွဲဦးမယ်။ ဒါက သူတို့ လာဘ်စားထားတာပဲ။ ဒီလို ငွေပေးငွေယူစနစ်ကြီးနဲ့ တောက်လျှောက် သွားနေရ တာကို မခံနိုင်တော့လို့ တိုင်ကြားတာပါ” ဟု ပြောသည်။

လိုင်စင်ရထားသူ ဦးမျိုးခက်ကလည်း တိုင်ကြားစာကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံသို့ လိပ်မူထားပြီး မိတ္တူကို နေပြည်တော် မြို့တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကော်မတီများ၊ နေပြည်တော်အတွင်းရှိ သက် ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် နေပြည်တော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထံသို့ ပေးပို့ထားကြောင်း သိရသည်။

ထွန်းထွန်း ပူးပေါင်းရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading