ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ရိက္ခာပို့ရန် သွားသည့် ကချင် အမျိုး သား လူမှုဖွံ့ဖြိုး တိုးတက်ရေးအသင်း (Myu Sha Zin Lum ) ၏ လိုင်စင်မဲ့ ကား ၄ စီးကို တပ်မတော်က ဖမ်းဆီး အမှု ဖွင့်ရာမှ အငြင်းပွားမှုနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး အမျိုးသမီးတဦး ဦးခေါင်းတွင် ဒဏ်ရာရကာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသည်ဟု သတင်းရရှိသည်။
အဆိုပါ အမျိုးသမီးမှာ အသက် ၃၈ နှစ်အရွယ်ရှိပြီး ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်း၊ အမျိုးသမီးဌာန၊ ဒုတာဝန်ခံ ဒေါ်ကိုင်ရိန် ဖြစ်သည်။
အသင်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဂျက်က “ရုန်းရင်းဆန်ခတ်ဖြစ်တော့ ကျနော်တို့ ဆရာမတဦး အခု အတွင်းလူနာ အနေနဲ့ မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ သူခေါင်းတွေ တအားမူးတယ်။ ဆရာဝန်ကတော့ ဆေးရုံ တက်ရမယ် ပြောတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။ အခု ဆရာမက အတွင်းလူနာဆောင်မှာပါ” ဟု ပြော သည်။
အသင်းဥက္ကဋ္ဌ ဦးလမောင်လတောင်ကလည်း ဒေါ်ကိုင်ရိန်ကို ကာမိုင်း ရဲတပ်ဖွဲ့မှ ရဲ ၂ဦး၏ အကြမ်းဖက်မှုကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိသွားပြီး ကာမိုင်းမြို့ရှိ ဆရာဝန်ကို ပြရာ ဒဏ်ရာပြင်းထန်ကြောင်း ဆေးစာရေးပေးသဖြင့် မြစ်ကြီးနားဆေးရုံသို့ လွှဲပြောင်း တင်ထားရခြင်း ဖြစ်သည်ဟု ပြောသည်။
“နောက်ကနေပြီး ဆံပင်ကို ဆွဲတယ်။ တံတောင်ဆစ်နဲ့ ထောက်ပြီး နောက်က ဆောင့်ကန်ခံလိုက်ရလို့ ပက်လက် လဲကျသွားတယ်။ ကတ္တရာလမ်းနဲ့ ခေါင်းနဲ့ သွားဆောင့်တယ်။ အဲဒါနဲ့ ခေါင်းမှာ ဖူးရောင်ပြီး ပျော့သွားတယ်။ မြစ်ကြီး နားမှာ ဓာတ်မှန်ရိုက်ဖို့တွေလည်း ကျနော်တို့ စီစဉ်နေတယ်။ သူ့ဒဏ်ရာ ဘယ်လောက် ပြင်း၊ မပြင်းဆိုတာ သိရဖို့ပါ” ဟု ၎င်းက ပြောသည်။
ကာမိုင်းရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်ရာတွင် ဖုန်းဖြေဆိုခြင်း မရှိပေ။
သြဂုတ်လ ၁၇ရက်နေ့တွင် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်း မြစ်ကြီးနားနှင့် ဖားကန့်အဖွဲ့တို့က နမ္မတီးမြို့ရှိ ဘုရားကျောင်းများ၌ ခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀ အတွက် ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးရန် ဖားကန့်မြို့နယ်မှ ကား ၈ စီးဖြင့် ဆင်းလာစဉ် နမ့်တိမ်းဂိတ်တွင် တကြိမ် စစ်ဆေးခံခဲ့ရပြီး ကာမိုင်း ဂိတ်တွင် တကြိမ် တားမြစ်ကာ ဆက်မသွားရန် တပ်မတော်က လမ်းပိတ်ထားခဲ့သည်။
သြဂုတ်လ ၁၈ ရက်တွင် တပ်မတော်က ကာမိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ကား ၈စီး အနက် လိုင်စင်မဲ့ ဖြစ်နေ သည့် ၄ စီးနှင့် ဒရိုင်ဘာ ၄ ဦးကို သွင်းကုန် ထုတ်ကုန်ဆိုင်ရာ ဥပဒေ ပုဒ်မဖြင့် အမှုဖွင့်သဖြင့် ကချင်ပြည်နယ်အတွင်း ဒေသခံများသာမက ဌာနဆိုင်ရာ လူကြီးများလည်း လိုင်စင်မဲ့ကားများ စီးနေသဖြင့် ၎င်းတို့ကိုသာ ကွက်ပြီး အမှုဖွင့် သည်ကို လက်မခံနိုင်ကြောင်း ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်းက ငြင်းဆိုခဲ့သည်။
သြဂုတ်လ ၁၉ရက်တွင် ကာမိုင်းရဲတပ်ဖွ့ဲဝင်များက အင်အားဖြင့် ဖမ်းဆီးရာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒေါ်ကိုင်ရိန်၏ ဦးခေါင်းတွင် ဒဏ်ရာ ရသွားခြင်း ဖြစ်သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ထားပြီး ထိုအထဲတွင် ကာမိုင်းမြို့ဝင် စစ်ဆေးရေးဂိတ်၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးအဖွဲ့၊ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးရာ လိုင်စင်မဲ့ကား ၄ စီး ဖမ်းမိသည့် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး အသင်းက ဥပဒေနှင့်အညီ ဖမ်းဆီးမှုကို မလိုက်နာဘဲ အမျိုးသမီးနှင့် လူငယ် ၁၀၀ ခန့် ဖြင့် ကားများကို ကောင်ရာနှစ်ခြင်း ဘုရားကျောင်းသို့ ဥပဒေမဲ့ ရွှေ့ပြောင်းခဲ့သည်ဟု ရေးသားထားသည်။
ယင်းလိုင်စင်မဲ့ ကားများကို မောင်းနှင်လာသည့် ဒရိုင်ဘာ ၄ဦးမှာ ဦးယောထုုန်၊ ဦးဂျာနော်၊ ဦးရွှေဘီး နှင့် ဦးကျော်မြင့် တို့ ဖြစ်ပြီး သြဂုတ်လ ၂၀ ရက်တွင် အသင်းက ကာမိုင်းမြို့ရဲစခန်းသို့ ကားများကို လာအပ်ထားပြီး ဖြစ်ကြောင်း ၊ ထို ကား ၄စီးပေါ်တွင် ပါရှိသည့် ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို စစ်ရှောင်ဒုက္ခသည်များထံ ရောက်ရန် ကချင် ပြည်နယ် အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဟုလည်း ရေးသားထားသည်။
ဦးဇော်ဂျက်က “ကျနော်တို့ ကောင်ရာနှစ်ခြင်းဘုရားကျောင်းကို ရွှေ့တာမရှိဘူး။ ရဲစခန်းရှေ့မှာပဲ ထားခဲ့တာ ဟုတ် တယ်။ ကျနော်တို့ ယာဉ်မောင်းတွေကို အာမခံပေးဖို့ ပြောတာ သူတို့က မပေးဘူးတဲ့။ ကချင်ပြည်နယ်မှာ လိုင်စင်မဲ့တွေ စီးတာ များတယ်။ အခုလို ကျနော်တို့ကိုပဲ လုပ်တော့ ပြည်သူတွေက မလိုလားဘူး။ ကျနော်တို့ တရားမျှတမှု လိုချင်တယ်။ အဲဒါနဲ့ မခံမရပ်နိုင်ဖြစ်ပြီး နည်းနည်း ရုန်းရင်းဆန်ခတ်ဖြစ်တယ်။လူအုပ်နဲ့ ဥပဒေမဲ့ လုပ်တာတော့ မရှိဘူး” ဟု ပြောသည်။
ဦးလမောင်လတောင်ကလည်း ကချင်ပြည်နယ်တွင်း ဒေသခံများအပါအဝင် ဌာနဆိုင်ရာ အရာရှိများလည်း လိုင်စင်မဲ့ ကားများစီးနေသဖြင့် ၎င်းတို့ အဖွ့ဲကိုသာ ဖမ်းဆီးခြင်းမှာ တရားမျှတမှု မရှိကြောင်း၊ ၎င်းတို့အဖွဲ့ကို ခွဲခြားပြီး တရားစွဲဆို ခြင်းသာ ဖြစ်သည်ဟု မှတ်ယူကြောင်း ပြောသည်။
လိုင်စင်မဲ့ ကား ၄စီးကို ကာမိုင်းရဲစခန်းတွင် အပ်နှံလိုက်ပြီး ကားဒရိုင်ဘာ ၄ဦးကို အာမခံဖြင့် ထုတ်လာကာ တရား ရင် ဆိုင်သွားမည် ဖြစ်ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်းက သြဂုတ်လ ၂၃ ရက်တွင် မြစ်ကြီးနားမြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဟု သိရသည်။
ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအသင်းသည် ဖားကန့်မြို့နယ် အခြေစိုက်ပြီး ယင်းမြို့နယ်အတွင်းရှိ ကျောက်စိမ်း တူးဖော်မှုများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၊ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီကားများကြောင့် ဒေသခံများ သေဆုံးမှုများနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုနေသည့် အရပ်ဘက်အဖွဲ့အစည်း ဖြစ်သည်။