သတင်း

ရခိုင်ပြည်နယ် NLD လွှတ်တော်ကိုယ်စားလှယ် လာဘ်စားဟု စွပ်စွဲခံရ

Want create site? Find Free WordPress Themes and plugins.

ငပလီကမ်းခြေအနီးရှိ မြေ ၁၅ ဧက အရောင်းအဝယ်ပြုလုပ်သည့်ကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန် အတွက် ဒေသခံ ၃ ဦးထံမှ ရခိုင်ပြည်နယ်သံတွဲမြို့နယ်မှ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်သည် လာဘ်ငွေတောင်းခဲ့ကြောင်း စွပ်စွဲခံနေရသည်။

တနင်္လာနေ့နံနက်က အဆိုပါကိစ္စနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ ပေါ်ထွက်လာခဲ့သည်။ မြပြင်ကျေးရွာအနီး တောင်ကုန်းပေါ်မှ မြေကွက်များရောင်းချမှုကို ဦးဝင်းနိုင်က ကန့်ကွက်ခဲ့ကြောင်း၊ ကန့်ကွက်မှုဆက်မပြုလုပ်ရန် အတွက် ယခုနှစ်အစောပိုင်းတွင် လယ်သမား ၃ ဦးက ကျပ်ငွေ ၁၃ သန်းပေး၍ တောင်းယူခဲ့ကြောင်း ယင်းစာရွက်တွင် ဖော်ပြထားသည်။

တိုင်ကြားရာတွင် ပါဝင်ခဲ့သူတဦးဖြစ်သည့် သံတွဲမြို့နယ်သား ဦးတင်နိုင်ဝင်းက ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်ကတည်းက ငှက်ပျော ချောင်းဆည် အနီးရှိမြေကွက် ၅ ဧက ကို လင်းသားကျေးရွာသား ဦးမောင်ဖြူထံက ဝယ်ယူခဲ့ကြောင်းပြောသည်။

အခြား မြေဧက ၁၀ ဝန်းကျင်ကိုလည်း ဦးဝင်းတင်နှင့် ဦးဝင်းသိန်းတို့က ဒေါ်ခင်ပြုံးရီဆိုသည့်အမျိုးသမီးထံမှ ၂၀၀၄ ခုနှစ်တွင် ဝယ်ယူခဲ့ကြောင်း ဧရာဝတီသတင်းဌာနသို့ပြောသည်။

ဆယ်စုနှစ်တခုကျော်အကြာ ၂၀၁၆ ခုနှစ်တွင် ဦးဝင်းနိုင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီးနောက် ထိုမြေဝယ်ယူသူများသို့မြေပိုင်ဆိုင်မှု စာရွက်စာတမ်းထုတ်ပေးခြင်းကို ကန့်ကွက်ခဲ့သည်။ မြေဝယ်ယူသူ ၃ ဦး၏ မြေများတွင် သူ၏ ဘိုးဘွားပိုင်မြေ ၁၃ ဧကပါဝင်ကြောင်း မြို့နယ်မြေစာရင်းဌာနသို့ပေးပို့ခဲ့ကြောင်းသိရသည်။

“အစတုန်းက သူက သိန်း ၁၀၀ တောင်းတယ်။ နောက်ညှိုနှိုင်းလိုက်တော့ ၆၅ သိန်းနဲ့အဆင်ပြေသွာတာ။ အဲဒီငွေကို ပြီးခဲ့တဲ့လက လွှဲပေးလိုက်ပြီးပြီ” ဟု ဦးတင်နိုင်ဝင်းကပြောသည်။

လွန်ခဲ့သောဆယ်စုနှစ် ၄ ခုကျော်ကာလတွင် စစ်အစိုးရသည် ငှက်ပျောချောင်း ဆည်ဆောက်ရန် စပါးခင်းများကို သိမ်းယူခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၏ အဖိုးပိုင်သည့်မြေများလည်း ထိုစဉ်ကတည်းက အသိမ်းခံရကြောင်း၊ ကျန်ရှိနေသည့်မြေများကို ရွာသားများစိုက်ပျိုးနေကြသည်မှာ မျိုးဆက် သုံးလေးဆက်တိုင်ခဲ့ပြီဖြစ်ကြောင်း တိုင်တောရာတွင် ပါဝင်သူ ဦးဝင်းတင်ကပြောသည်။

“အခုအငြင်းပွားနေတဲ့မြေကို ဦးဝင်းနိုင်မပိုင်ဘူး။ ပိုင်ရှင်ပြောင်းသွားတာမျိုးဆက် ၃ဆက်လောက်ရှိနေပြီ။ ဒါ သာမန် ရွာသားတွေ အပေါ် မလျော်သြဇာသုံးတာပါပဲ” ဟုလည်း ဦးဝင်းတင်ပြောသည်။

တိုင်ကြားသူများက ငွေပေးငွေယူ စာချုပ်၂ ခုကို ဖေ့စ်ဘွတ်ပေါ်တင်ခဲ့ပြီးနောက် ချက်ချင်းပျံ့နှံ့သွားခဲ့သည်။ ထိုစာရွက် စာတမ်းများအရ ဦးတင်နိုင်စိုးနှင့်လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းနိုင်တို့သည် မြပြင်ကျေးရွာအုပ်ချုပ်ရေးမှုးတို့၏ ရှေ့မှောက်တွင် အသိသက်သေလက်မှတ်များရေးထိုးကြသည်။ မြေဝယ်သူ ဦးတင်နိုင်စိုးက လွှတ်တော်ကိုယ်စားလှယ်၏ ကန့်ကွက်မှုကို ရုတ်သိမ်းရန်အတွက် ကျပ်ငွေ ၆၅ သိန်းပေးရန် သဘောတူညီကြောင်း လက်မှတ်ရေးထိုးထားသည်။ ငွေကို ဇူလိုင်လတွင် ပေးချေပြီးဖြစ်သည်။

“ကျနော်တို့ ကျေနပ်လို့ပေးလိုက်တာမဟုတ်ဘူး။ သူဆက်ပြီး အနှောင့်အယှက်မပေးအောင်သာ ပေးလိုက်ရတာ” ဟု ဦးဝင်းတင်ကပြောသည်။

ဦးတင်နိုင်စိုးထံမှ ၆၅ သိန်းရရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က တနင်္လာနေ့တွင် ဧရာဝတီသတင်းဌာနသို့ အတည်ပြုပါသည်။ သို့သော် ထိုငွေသည် လာဘ်ငွေ မဟုတ်ဟုသူကဆိုသည်။

၁၉၇၀ ခုနှစ်ဝန်းကျင်က သူ၏ အဖိုးပိုင်မြေများ ဆည်တည်ဆောက်ရန်အတွက် အသိမ်းခံရသော်လည်း ဆက်လက် အသုံးပြု၍ ရသော မြေအချို့ကျန်ရှိခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်နှောင်းပိုင်းတွင် ကောင်းမြန်မာအောင် အမည်ရှိ ပုဂ္ဂလိက ကုမ္ပဏီ တခုက ထိုဒေသရှိ မြေလွတ်များကိုဝယ်ယူရန်မြေစာရင်းဌာနတွင် လျှောက်ထားလာကြောင်း၊ ထုံးတမ်းစဉ်လာ အရ မြေပိုင်သူများအဖြစ် သတ်မှတ်ခံရသူများကို တဧကလျှင် လျှော်ကြေး သိန်း ၂၀ ပေးခဲ့ပြီး ထိုမြေများအနက် ၁၃ ဧကကို ကွယ်လွန်သူ သူ၏အဖိုးပိုင်ဆိုင်ကြောင်း ဦးဝင်းနိုင်ကပြောသည်။

“ကျနော် သိန်း ၁၃၀ တောင်းတာမဟုတ်ဘူး။ သူတို့က ကျေးရွာအုပ်ချုပ်ရေးအရာရှိတွေက တဆင့်ကမ်းလှမ်းတာ။ ဒါပေမယ့် ၆၅ သိန်းပဲရသေးတယ်။ စာချုပ်အရဆိုရင် သူတို့ကနောက်ထပ်မြေ ၈ ဧကအတွက် ၆၅ သိန်းထပ်ပေးရဦးမှာ” ဟု သူက အခြားမြေဝယ်သူများဖြစ်သည့် ဦးဝင်းတင်နှင့် ဦးဝင်းသိန်းတို့ကို ရည်ရွယ်ပြောသည်။

ကောင်းမြန်မာအောင်ကုမ္ပဏီက တဧကလျှင် လျှော်ကြေး သိန်း ၂၀ ပေးသည့်တိုင် သူသည် သူ၏အဖိုးပိုင်မြေ ၁၃ ဧကအတွက် သိန်း ၂၆၀ ဝန်းကျင်ရမည်ဖြစ်ကြောင်း သူရှင်းပြသည်။

ထိုအငြင်းပွားနေသောမြေကို လွှတ်တော်ကိုယ်စားလှယ်ကပိုင်သည် သို့မဟုတ် မြပြင်နှင့် လင်းသာရွာမှ လယ်သမားများပိုင် ဆိုင်ခြင်းဟုတ်၊ မဟုတ်ကို ဧရာဝတီသတင်းဌာန အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိခဲ့ပါ။ လာဘ်တောင်းသည်ဟု ဦးဝင်းနိုင်အား စွပ်စွဲထားသောစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရသူဦးဝင်းတင် ထံသို့လည်းပေးပို့မည်ဟု ဦးဝင်းတင်နှင့်ဦးတင်နိုင်စိုးတို့ က ဧရာဝတီသတင်းဌာနသို့ပြောသည်။

အထက်ပါကိစ္စရပ်နှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရရုံးသို့ တိုင်ကြားစာ ရောက်ရှိခြင်းမရှိသေးကြောင်း အလားတူမြေ အငြင်းပွားမှုနှင့် အဂတိလိုက်စားမှုများကို ပြည်ထောင်စုအဆင့်ကသာ ကိုင်တွယ်လေ့ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးအတွင်းရေးမှူး ဦးတင်မောင်ဆွေကပြောသည်။

၂၀၁၆ ခုနှစ် ဧပြီလတွင် အာဏာရပြီးနောက်ပိုင်း တိုင်ကြားစာ ၄၀၀ ခန့်ရှိထားကြောင်း၊ ၂၀၀ ခန့်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်နေသည်။ တိုင်ကြားစာ လေးစောင်မှာ ပြည်နယ်တိုင်းဝန်ကြီးချုပ်များ နှင့်ပတ်သက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်နှင့် ပါတီ၏တိုင်ကြားစာများ စိစစ်ရေး ကော်မတီခေါင်းဆောင် ဒေါက်တာမျိုးညွန့်က ပြောသည်။

ထိုတိုင်ကြားစာများကို ပါတီစည်းကမ်းအတိုင်း အရေးယူမည်ဟုပြောသော်လည်း ပြည်နယ်နှင့်တိုင်းများတွင် ဖြစ်ပွားခဲ့သည့် ကိစ္စများကို အသေးစိတ်ပြောဆိုရန် ငြင်းဆိုသည်။ ထိုကော်မတီသည် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး တိုင်ကြားခံရသူ ၂၀ ဦးမှာ အပြစ်ရှိကြောင်းတွေ့ရသည်ဟု ဒေါက်တာမျိုးညွန့်ကပြောသည်။

သို့သော် ယင်းအထဲတွင် ရခိုင်ပြည်နယ်လွှတ်တာ်ကိုယ်စားလှယ်၏ ဖြစ်ရပ်ကဲ့သို့ တိုင်ကြားခံရခြင်း မရှိသေးကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏စုံစမ်းစစ်ဆေးမှုအရ အဂတိလိုက်စားကြောင်းတွေ့ရှိလျှင် ချက်ချင်း တရားရုံးသို့ တင်မည်ဖြစ်ပြီး ပါတီမှထုတ်ပယ်မည်ဖြစ်ကြောင်း၊ ထိုသို့သော လာဘ်ပေးလာဘ်ယူမှုများမှာ အလွန်ရှားပါးသည့်ကိစ္စရပ် ဖြစ်ပြီး ယမန်နှစ်တွင် တမှုသာရှိကြောင်း သူက ရှင်းပြသည်။

ပြီးခဲ့သည့် အပတ်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်အပ်ထားသော ပြည်ထောင်စုဝန်ကြီးများသည် အဂတိလိုက်စားမှုကင်းစင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဧရာဝတီ (အင်္ဂလိပ်ပိုင်း) တွင် ဖော်ပြထားသည့် Rakhine NLD MP Accused of Bribery in Land Dispute ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading