သတင်း

ဘုရင့်နောင် ပဲဈေးကွက် ယာယီပိတ်သိမ်း

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံက ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်း ဝယ်ယူမှုကို ကန့်သတ်လိုက်သောကြောင့် မြန်မာ့ပဲဈေးကွက်၏ လက်လီ၊ လက်ကားနှင့် ပွဲစားများနှင့် ပြည်ပသို့ တရားဝင် တင်ပို့နေသော ဘုရင့်နောင် ကုန်စည်ဒိုင် ပဲဈေးကွက်ကို ယာယီ ပိတ် သိမ်းလိုက်ကြောင်း သိရသည်။

အိန္ဒိယမှ ပဲဈေးကွက် ဝယ်ယူမှု ကန့်သတ်လိုက်သည့် သတင်းထွက်ပေါ်ပြီး နှစ်ရက်အတွင်း မတ်ပဲတတန်လျှင် ကျပ် ၈ သိန်းမှ ညနေပိုင်း သတင်းထွက်ပြီးနောက် ကျပ် ၆ သိန်း ၈ သောင်းအထိ ဈေးပြုတ်ကျခဲ့သောကြောင့် ပဲဈေးကွက် ပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က ဧရာဝတီသို့ ပြောသည်။

“လတ်တလောသတင်းတွေကြောင့် ကုန်စည်ဒိုင်ကို လက်ရှိ အစိုးရအနေနဲ့ ပွဲစားတွေ၊ ကုန်သည်တွေ အကုန်ခေါ်ပြီးတော့ ပဲဈေးကွက် အရောင်းအဝယ်ကို ခေတ္တဆိုင်းငံ့ထားရန် နှင့် အချိန်တခုကျ ပြန်ရောင်းမယ်ဆိုပြီး ယာယီပိတ်လိုက်တယ်။ ကုန်သည် အချင်းချင်းရောင်းရင်တော့ ရောင်းပေါ့။ ဒါပေမယ့် ကုန်စည်ဒိုင်မှာ ပွဲစားတွေ အရင် အရောင်းအဝယ်လုပ်တာ ပိတ်လိုက်တယ်။ ပဲတီစိမ်းနဲ့ ကျန်တဲ့ ပဲတွေတော့ ရောင်းနေတယ်’’ ဟု ၎င်းက ပြောသည်။

နှစ်စဉ်မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပဲတန်ချိန် ၆ သိန်းခန့်တင်ပို့နေရပြီး အများဆုံး ဝယ်ယူသည့်ပဲမှာ မတ်ပဲဖြစ်ကာ လက်ရှိတွင် ပြည်တွင်း၌ မတ်ပဲ တန်ချိန် ၃ သိန်းခန့် ကျန်ရှိနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကုန်စည်ဒိုင် တာဝန်ရှိသူများနှင့် ကုန်သည် လုပ်ငန်းရှင်များက တောင်သူများမနစ်နာစေရန် လာမည့်သီးနှံရာသီချိန်တွင် မည်သည့် သီးနှံပြောင်းစိုက်မည် ဆိုသည်ကို ကြိတင် သတင်းထုတ်ပြန်ခြင်း၊ ပဲလက်ကျန် များအား မည်သို့ ဆောင်ရွက်ပေးမည် အစရှိသည့် ကိစ္စရပ်များကို သြဂုတ်လ ၂၅ ရက်နေ့တွင် ဆွေးနွေး ညိုနိူင်းသွားမည် ဟု ဦးခင်ဟန်ကပြောသည်။

ယင်းသို့ အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှု ကန့်သတ်လိုက်သဖြင့် ပဲဈေးများ ကျသွားသည့် သတင်းကို သတင်းဌာနများက ဖော်ပြကြပြီးနောက် သြဂုတ် ၂၂ရက် ညနေတွင် မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ တောင်တွင်းကြီးနှင့် ကျောက်ပန်းတောင်းမြို့ များ၌ ကျပ်သိန်းထောင်ကျော်သည့် ကုန်ဖိုးများ မပေးနိုင်ဘဲ ပြေးသွားကြသည်ဟု ဖေ့စ်ဘုတ်တွင် ပျံ့နှံ့ ခဲ့သည်။

သို့သော် မန္တလေးပဲနှမ်း ကုန်စည်ဒိုင်က ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆန် ပြောကြားခဲ့သည်။

မုံရွာကုန်စည်ဒိုင်၏ သတင်းပြန်ကြားရေး ဦးကြည်လှိုင်ကလည်း “ဒီမှာ ဘာမှမဖြစ်ပါဘူး။ မနေ့က အဲဒီပို့စ်ကို တင်ထားတဲ့ နေဇင်လတ် ဆိုတဲ့ အကောင့်အောက်မှာလည်း မဟုတ်တဲ့အကြောင်း ကျနော်တို့ဒိုင်ကလူတွေ ပြန်ရှင်းထားတယ်။ ပခုက္ကူနဲ့ တောင်တွင်းကြီးက လူတွေကလည်း သူတို့ဆီမှာ ဘာမှမဖြစ်တဲ့အကြောင်း ကျနော့် ကွန်မန့်အောက်မှာ ထပ်ရှင်းထားကြ သေးတယ်” ဟု ပြောသည်။

ယခုလို ပဲဈေးနှုန်းများ ဂယက်ထနေချိန်တွင် စီးပွားရေး၊ နိုင်ငံရေး လှည့်ကွက်တခုလို မြင်မိကြောင်း ၎င်းက ဆက်လက် ပြောသည်။

မြတ်ပြည့်ဖြိုး ပံ့ပိုးကူညီသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading