သတင်း

ရခိုင်မြောက်ပိုင်း လုံခြုံရေး တိုးမြှင့်ရေး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့နယ်များတွင် လုံခြုံရေး တိုးမြှင့်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုတခုကို ယနေ့ ကျင်းပသည့် ပြည်သူလွှတ်တော်တွင် စတင် ဆွေးနွေးလျက် ရှိသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဒေသတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေ တည်တံ့ ခိုင်မြဲရေးနှင့် အသက် အိုးအိမ်လုံခြုံရေးတို့ကို များစွာ ထိပါးနှောက်ယှက်လာ၍ ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံးဖော် ဆောင်ရွက်ရန် အစိုးရကို တိုက်တွန်းထားသည့် အဆိုတခု ဖြစ်သည်။

ယင်းအဆိုကို ဆွေးနွေးမည့်သူ ၂၈ ဦးရှိရာ ယနေ့တွင် ၁၅ ဦး ဆွေးနွေးခဲ့ပြီး ရခိုင်အရေးကို ဖြေရှင်းရန် မတူညီသည့် အမြင်များစွာ ဖြင့် ပြောဆိုကြပြီး တပ်မတော်ကလည်း ဆွေးနွေးရန် စာရင်းပေးသွင်းထားသည်ဟု သိရသည်။

ရခိုင်အမျိုးသား ပါတီ(ANP)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက မောင်တောဒေသတွင် အမြစ်စတွယ်နေသည့် ဘင်္ဂလီ အကြမ်းဖက် ဝါဒီများ၏ လုပ်ရပ်သည် ဗိုင်းရပ်စ်တခုကဲ့သို့ ပြည်ထောင်စုအနှံ့သို့ အချိန်မရွေး ပျံ့နှံ့သွားနိုင်ချေ ရှိကြောင်း၊ ရခိုင် အရေးသည် တရား ဥပဒေ စိုးမိုးရေး ပြဿနာ၊ ဘဝ လုံခြုံရေး ပြဿနာများကို ကျော်လွန်ပြီး အမျိုးသား လုံခြုံရေး ပြဿနာ၊ အချုပ် အခြာ အာဏာ ပြဿနာ ဖြစ်လာပြီဟု လွှတ်တေ်ာတွင် ပြောသည်။

“အခု စစ်ပွဲဟာ နိုင်ငံရေး၊ ဘာသာရေး၊ စစ်ရေး၊ နယ်မြေ ချဲ့ထွင်ရေးနဲ့ သမိုင်းလိမ်တွေ အားလုံး ရှုပ်ထွေးနေပါတယ်။ ပထဝီ နိုင်ငံ ရေး အရ ကျနော်တို့ နိုင်ငံံရဲ့ ရှမ်းပြည်နယ် သာသာ ရှိပြီးတော့ လူဦးရေ ၃ ဆ ကျော်ရှိကာ လူဦးရေ ပေါက်ကွဲနေတဲ့ အိမ်နီးချင်း နိုင်ငံနဲ့ ဆက်ဆံနေရတာဟာလည်း ပထဝီ နိုင်ငံရေးအရ ကြောက်စရာတခုပါပဲ”ဟု မြောက်ဦးအမတ် ဦးဦးလှစောက ပြောသည်။

၎င်းက ဆက်၍ “အချုပ်အခြာ အာဏာနဲ့ အမျိုးသား လုံခြုံရေးကို စိန်ခေါ်နေတဲ့ တိုင်းရင်းသား မဟုတ်တဲ့ နိုင်ငံတကာနဲ့ ဆက်စပ် နေတဲ့ ဘင်္ဂလီဝါဒ အကြမ်းဖက် အန္တရာယ်ကို အားလုံး ချေမှုန်းဖို့ လိုနေပြီဆိုတာကို အသိပေး ပြောကြား လိုပါတယ်။ ဒေါ်ခင်စောဝေရဲ့ အဆိုကို ပြတ်ပြတ်သားသား ထောက်ခံပါတယ်”ဟု ပြောသည်။

ထို့ပြင် အကြမ်းဖက်ဝါဒီများကို စစ်ရေးအရ ပြတ်ပြတ်သားသား တိုက်ခိုက်ရန် လိုကြောင်း၊ စစ်ရေးဆိုသည်မှာ တပ်မတော်၏ အလုပ် တာဝန် ဖြစ်၍ ၎င်းတို့၏ တာဝန်အတိုင်း လုပ်လိမ့်မယ်ဟု ယုံကြည်ကြောင်း၊ အစိုးရ ခေါင်းဆောင်များကလည်း သံခင်း၊ တမန်ခင်း ကိစ္စရပ်များတွင် ပြတ်ပြတ်သားသား တုံ့ပြန်ရန် လိုကြောင်း ဦးဦးလှစောက ဆွေးနွေးသည်။

သို့သော် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ အမတ်များကမူ လက်ရှိ အစိုးရသည် ရခိုင်အရေးကို သေချာစွာ ကိုင်တွယ်ရန် ကြိုးစားနေပြီး လုပ်နိုင်သလောက်ကို အကောင်းဆုံး လုပ်ဆောင်နေဖြင့် ပါတီ၊ အဖွဲ့အစည်း အားလုံးသည် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားခြင်း၊ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်တွင် တာဝန်ပေးထားခြင်းနှင့် မြေပြင် အချက်အလက်များကို ရှာဖွေရန် ဒုတိယ သမ္မတ ဦးမြင့်ဆွေကို တာဝန်ပေးထားခြင်း တို့ကို ကြည့်နိုင်ကြောင်း အာဏာရပါတီ NLD မှ အမတ် ဒေါ်နီနီမေမြင့်က ပြောသည်။

တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က “ဒါကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်ရဲ့ ပြဿနာဟာ မြန်မာတနိုင်ငံလုံးရဲ့ ပြဿနာအဖြစ် ခံယူထားတာကို နိုင်ငံထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် လုပ်ဆောင်နေမှုကို ကြည့်ပြီး သိမြင်နိုင်ပါတယ်”ဟု ပြောသည်။

အစိုးရသစ်က ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးမှုအတွက် မောင်တော၊ ကညင်ချောင်း ကုန်သွယ်ရေးဇုန်ကို စီးပွားရေးဇုန်အဖြစ် တည်ဆောက်၍ ကျပ်သန်းပေါင်း ၁၅၀၀၀ ခွဲခန့် အသုံးပြုမည် ဖြစ်ကြောင်း၊ အသက်အိုးအိမ် လုံခြုံခွင့်ကို အာရုံစိုက်နေကြသော်လည်း ၎င်းနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် လုပ်ငန်းခွင် လုံခြုံခွင့်များကိုလည်း ဆက်စပ်စဉ်းစားရမည်ဟု ၎င်းက ပြောသည်။

အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီမှ အမတ် ဦးမောင်မြင့်ကလည်း ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မိုင် ၄၀ ကျော် ခြံစည်းရိုး ခတ်ရန် ကျန်ရှိမှုကို မြန်မြန်ဆန်ဆန် အပြီးသတ်ရန်၊ နယ်စပ်တွင် လုံခြုံရေး ထူထူထပ်ထပ်နှင့် စောင့်ကြပ်ရန် လိုကြောင်း အကြံပြုသည်။

မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ ၎င်းက “ခြံစည်းရိုးကို အပြီးသတ် ကာရန်ဖို့ လိုပါတယ်။ အဲဒီခြံစည်း ရိုးကို အရိုးနဲ့ ထိုးရမယ်ဆိုတဲ့အထိ တင်စားပြီး မပြောလိုပါဘူး။ ဒါပေမယ့် ပြောချင်တာက အစိုးရကသာ ခွင့်ပြုလိုက်ပါ။ ၁ နှစ် အတွင်း ပြီးစီးအောင် ကျနော်တို့ ရန်ပုံငွေနဲ့ လုပ်ပါ့မယ်”ဟု ပြောသည်။

ထို့ပြင် မျိုးစောင့် ဥပဒေများအနက် လူဦးရေး တိုးပွားမှု ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေကို ရခိုင်ဒေတွင် ကျင့်သုံးရန်၊ တရား ဥပဒေ စိုးမိုးရေး အကောင်အထည်ဖော်ရန်၊ ၁၉၈၂ နိုင်ငံသား ဥပဒေနှင့်အညီ ဘင်္ဂလီများကို စိစစ်နိုင်ရေး၊ တပ်မတော် အနေဖြင့် လိမ္မာ ပါးနပ်စွာ ဥပဒေနှင့်အညီ ထိန်းကျောင်း ဆောင်ရွက်ရေးနှင့် ရခိုင်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ကျယ်ပြန့်စွာ ဆောင်ရွက်ရေးတို့ကို အစိုးရက အကောင်အထည်ဖော်ပေးရန် လိုကြောင်း ဦးမောင်မြင့်က ပြောသည်။

“ဘင်္ဂလီတွေက မွတ်ဆလင် ဘာသာဝင် ဖြစ်တာ အပြစ် မဟုတ်ပါဘူး။ ဒါပေမယ့် Host Country ရဲ့ တည်ဆဲ ဥပဒေတွေကို မလိုက်နာတာက အပြစ် ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာကတော့ သူတို့နောက်ကွယ်မှာ ပံ့ပိုးကြိုးကိုင်နေတဲ့ နိုင်ငံတကာ ကွန်ရက်တွေ ရှိနေလို့ ပါပဲ”ဟု ၎င်းက ပြောသည်။

ယင်းအဆိုကို သြဂုတ် ၂၃ ရက်တွင် ဆက်လက်ဆွေးနွေးရန် ရှိပြီး အမျိုးသား လွှတ်တော်တွင်လည်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် လှုပ်ရှားနေသော အကြမ်းဖက် အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး နေရပ် စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်း သားများ၏ ကျေးရွာများ ဆက်လက် ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို အပြီးသတ် ဆွေးနွေးရန် ရှိနေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading